Saturday, October 31, 2015

ကထိန်သင်္ကန်းလှူမည့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အတွက် သိထားသင့်သည့်ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာပါ

ကထိန်သင်္ကန်းလှူမည့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အတွက် သိထားသင့်သည့်ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာပါ
----
အလှူရေစက်လက်နှင့်မကွာလှူဒါန်းကြသောမြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကိုလူတိုင်း ကြားဘူးကြမည်ထင်ပါသည်။
ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊
အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကိုပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။
ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ
(စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။
ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊
ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊
အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊
လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ” များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။
၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း၊ ၊ဆွေမျိုးကိုသော်လည်း ကောင်း၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍အလှူခံ ကောင်း (တောင်းကောင်း )၏ ၊
ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသောကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊
( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါ တရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟုပြောဆိုကြခြင်း ဖြစ်ပေသည်။
(ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ၊)
၂။ ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊
သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ
တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ )
ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊
ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။
၃။ လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင်တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )
၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြ စ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊
သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍
သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့်ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။
၅။ အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌
ဝါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။
(ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊
ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။)
၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည်ဝိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။
ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး
၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲသွားနိုင် ပါသည် ။
(အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )
၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကိုထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။
(အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )
၃။ လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊
(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)
၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ
ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။
၅။ သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။
(အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။
လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။
၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင်ဆောင်ရွက်နို င်သည်။
၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။
(အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။
၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။
၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။
ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ
၁။ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊
၂။ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊
၃။ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊
၎။ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊
၅။ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း၊
၆။ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့်
၇။ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း
ဟူသော သင်္ကန်းလှူရခြင်း အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော
သာဝတ္ထိပြည် အနာထပိဏ်သူဌေး(သူဌေးကတော်ပုညလက္ခဏဒေ၀ီ) ဆောက်လုပ်လှူဒါန်းအပ်သော
ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ ဆွမ်း ခံ၍ဘုဉ်းပေးခြင်း
ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော
အ၀တ်စုတ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓုတင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား
သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။
ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့်
မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊
မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊
ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာသာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပန်းဆင်းရဲစွာကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော
ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က“ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊
ရဟန်းတော်များက
“ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊
ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။
သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြားသာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊ ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲစိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကိုရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။
ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍
“ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊
ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ”
ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။
၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊ မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာသီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။
၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုးကုတ်၊အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊မကွာနေ့ည၊ ကြိုးစားကြလော့…. ။
အရှင်ကိတ္တိဇယ(ညောင်ကန်အေး)



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

Tuesday, October 27, 2015

အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာအခါတော်နေ့

အဘိဓမ္မာအခါတော်နေ့
====================

ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို "အဘိဓမ္မာအခါတော်နေ့ "ဟု နေ့ထူးနေ့မြတ်သတ်မှတ်ကြလျှက် ကုသိုလ်ကောင်းမှု့များ ပြုလေ့ရှိကြပါသည်။
-
ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ဝါဆိုလပြည့်နေ့တွင် သာဝတ္ထိမြို့ သရက်ဖြူကုန်းတွင် ရေမီးအစုံစုံသော တန်ခိုးပြဋိဟာကို ပြတော်မူရာ လူပရိတ်သတ် သုံးဆယ်ခြောက် ယူဇနာတိုင် လာရောက် ဖူးမြော်ကြကုန်၏။ လူတို့သည် တန်ခိုးပြာဋိဟာကို အံသြကြည်ညိုစွာ ကြည့်နေစဉ် လအထောင် နေအထောင် ကွယ်ပျောက်သကဲ့သို့ ဘုရားရှင်သည် မြင်ကွင်းမှ ရုတ်တရက် ကွယ်ပျောက်တော်မူသွား၏။
-
မြင်ကွင်းမှပျောက်ကွယ်သဖြင့် "လူတို့က အရှင်ဘုရား အခုမြတ်စွာဘုရား ဘယ်ကြွသွားတာပါလဲ ဘုရား ''ဟု အရှင် မောဂ္ဂလာန်ကို မေးလျှောက်ကြရာ အရှင်မြတ်သည် ကိုယ်တော်သိပါသော်လည်း အရှင် အနုရုဒ္ဓါ၏ ဂုဏ်ကို ပရိသတ် အလယ်ဖော်ထုတ်လို၍ ''အရှင်အနုရုဒ္ဓါကို မေးလျှောက်ကြဟု'' မိန့်တော်မူသဖြင့် အရှင်အနုရုဒ္ဓါကို မေးလျှောက်ကြရာ ''အခုအခါ ဘုရားမြတ်စွာသည် တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင် အောက် ပဏ္ဍကမ္မလာမြကျောက်ဖျာ ထက်၌ သီတင်းသုံးတော်မူပြီး မယ်တော်မိ နတ်သားအမှူးထား၍ နတ်ဗြဟ္မာတို့အား တစ်ဝါတွင်းလုံး အဘိဓမ္မာ တရားတော်ကို ဟောကြားတော်မူပါမည်။ ဘုရားရှင်တိုင်း ရေမီးအစုံစုံသော တန်ခိုးပြာဋာဟာကို ပြတော်မူပြီးလျှင် တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူပါမည်"ဟု မိန့်တော်မူပါသည်။
-
''လူပြည်သို့ ဘယ်တော့ ပြန်ကြွလာမှာတုံးဘုရား ''ဟု ထပ်၍ မေးလျှောက်ကြသဖြင့် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် ပြန်ကြွတော်မူမည်ဖြစ်ကြောင်း မိန့်ကြားတော်မူသဖြင့်
''ငါတို့ သည် မြတ်စွာဘုရား ပြန်ကြွမလာမချင်း မပြန်ကြတော့ကုန်'' ဟု ကြံ၍ ထိုသရက်ဖြူကုန်းတွင် သစ်ရွက်တဲများထိုး၍ နေကြကုန်၏။ မြေကြီးသည်လူတို့၏ အညစ်အကြေးတို့ကို မျိုပစ်သဖြင့် ထိုနေရာသည် အမြဲစင်ကြယ်နေသတဲ့ မြတ်စွာဘုရားသည် အရှင် မောဂ္ဂလာန်ကို ''သင်က တစ်ဝါတွင်းလုံး လူတို့အားတရားဟော စူဠအနာထပိဏ် သူဌေးက လူတို့ကိုကျွေးမွေးလှူဒါန်း'' ဟု မိန့်တော်မူခဲ့သဖြင့် တရားဟောခြင်း အဝတ်ဆေးဝါး ၊ အစားအစာ ကျွေးမွေးခြင်း တို့ တစ်ဝါတွင်းလုံး သရက်ဖြူကုန်းတွင် ကုသိုလ်ယူ ဆောင်ရွက်နေကြ၏။
-
ဝါဆိုလပြည့်နေ့ နေညိုချိန်မှစ၍ မယ်တော်တော်စပ်ခဲ့ဘူးသော သန္တုသိတနတ်သား နှင့် စကြာဝဠာ တိုက်တစ်သောင်းမှ ရောက်လာ ကြကုန်သော နတ်ဗြဟ္မာ အပေါင်းတို့ အား ''အဘိဓမ္မာ'' တရားကို စတင် ဟောကြားတော်မူခဲ့ပါသည်။
-
တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားကို နေ့ညအသံမစဲ ဟောကြားတော်မူပြီး လူရွာသို့ ဆွမ်းခံဝင်ချိန်၌ နိမ္မိတရုပ်ပွားတော်၏ ``သင်္ကန်းရုံဟန်၊ ကိုယ်နေသဏ္ဍန်၊ အသံတော်၊ အသွင်အပြင်၊ အမူအရာ အားလုံးတို့သည် ငါဘုရားနှင့် ထပ်မျှတူသူ ဖြစ်ပါစေ။
ဤမျှသော တရားတော်ကို ငါ၏ကိုယ်စား ဟောတော်မူရစ်ပါစေ'' ဟူ၍ အဓိဋ္ဌာန် ထားခဲ့ပါသည်။ တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သာ ဗုဒ္ဓ အစစ်နှင့် နိမ္မိတဘုရားကို ခွဲခြား သိနိုင်ကြသည်'' ဟူ၏။
-
ဘုရားမြတ်စွာသည် အနောတတ် အိုင်သို့ ဦးစွာကြွချီတော်မူပြီး နတ်များက ကွမ်းရိုးဒန်ပူကို ဆပ်ကပ်ကြသဖြင့် ဒန်ပူဝါးကာ အနောတတ်အိုင် ၌ပင် ရေချိုး သန့်စင်တော်မူပါ၏။ ထိုနောက် ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာ ထက်တွင် နှစ်ထပ်သင်္ကန်းကြီးကို ရုံ၍ နတ်မင်းကြီးလေးပါးတို့ ကပ်လှူ ထားသော ကျောက်ညိုအဆင်းရှိ သပိတ်တော်ကိုပွေ့ပိုက်တော် မူလျှက် မြောက်ကျွန်းသို့ဆွမ်းခံတော်မူ၏။ အနောတတ်အိုင်အနီး သာယာပြန့်ပြုး ကမ်းဦးတွင် သပ္ပာယ်စွာထိုင်တော် မူလျှက်နေ့ဆွမ်း ဘုဉ်းပေးတော်မူ၏။
-
ထိုနောက်နေသန့်တော်မူ(နားနေ)ရန် စန္ဒကူးတောသို့ ကြွတော်မူပါသည်။
အရှင်သာရိပုတာသည် ထိုစန္ဒကူးတော သို့ လာရောက်၍ ဘုရားရှင်အား ဝတ်ကြီးဝတ်ငယ်ပြုသဖြင့်``ချစ်သော သာရိပုတ္တဒီကနေ့ အဘိဓမ္မာ တရားတော်ကို ဤမျှ ဟောကြား တော်မူခဲ့ပြီ´´ ဟု အကျင်းနည်းမျှဖြင့် ဟောပြတော်မူ၏။ ပညာဧတဒင်္ဂအရှင်သည် ထို အကျဉ်းနည်းမျှဖြင့်ပင် အဘိဓမ္မာကို နည်းပေါင်းထောင်သောင်းမက အကျယ်ချဲ့၍ သိနိုင်၏။ ကမ်းနား၌ ရပ်လျှက်သမုဒ္ဒ ရာကြီးကိုပြသကဲ့သို့ ဟောကြားပြီးမှ တာဝတိ
သာ နတ်ပြည် သို့ ပြန်ကြွတော်မူကာ ကိုယ်တော်တိုင် ဆက်လက် ဟောကြားတော်မူပါသည်။
=========

Shwe Yi Win



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

သီတင်းကျွတ်လပြည့် နေ့ အောက်တိုဘာ ၂၈ တစ်ရက်လုံးတွင် MPT သုံးစွဲသူများ စာတိုပေးပို့မှုကို အခမဲ့ပြုလုပ်နိုင်မည်

သီတင်းကျွတ်လပြည့် နေ့ အောက်တိုဘာ ၂၈ တစ်ရက်လုံးတွင် MPT သုံးစွဲသူများ စာတိုပေးပို့မှုကို အခမဲ့ပြုလုပ်နိုင်မည်
==================================================
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က MPT သုံးစွဲသူများအတွက် သီတင်းကျွတ် ကာလအထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည့်အစီအစဉ်ကိုပြုလုပ်ပေးထားသည်
"MPT က တန်ဖိုးထားလေးစားရတဲ့ သုံးစွဲသူတွေကို မေတ္တာလက်ဆောင်တွေပေးရင်း ယခုနှစ်ရဲ့ သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲလိုပါတယ်၊ သီတင်းကျွတ်ပွဲတော်ဆိုတာကဂါရဝပြုရတဲ့အချိန် ချစ်ခင်ရတဲ့လူတွေကိုနှုတ်ခွန်းဆက်ရတဲ့အချိန်ပါ၊ ဒါ့အတွက်ကြောင့် MPTသုံးစွဲသူတွေ အနေနဲ့ ဒီသီတင်းကျွတ်လပြည့်ရက်မှာစာတိုတွေ အခမဲ့ပေးပို့ရင်း သူတို့ချစ်ခင်သူတွေကို နှုတ်ခွန်းဆက်နိုင်အောင်လို့ MPT က ကူညီပေးချင်ပါတယ်"ဟု MPT-KSGM Joint Operations ၏ Chief Executive Officer ဖြစ်သူ Mr. Takashi Nagashima က ပြောသည်။
ဤအထူးအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူအားလုံးအတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအတွင်း MPT နံပါတ်အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာအတွက် မိုဘိုင်းဖုန်းနံပါတ်တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။

TechSpace Journal



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

နှစ်ရက်အတွင်း မုန်တိုင်းတစ်လုံး ဖြစ်ပေါ်နိုင်

နှစ်ရက်အတွင်း မုန်တိုင်းတစ်လုံး ဖြစ်ပေါ်နိုင်

27-10-2015

ဘင်္ဂလားပင်လယ်အော် တွင် နောက်နှစ်ရက်ခန့်အတွင်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပြီး ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ဘက်သို့ ရွေ့လျားလာနိုင်ကာ ဒေ သအချို့ နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး သည်။

ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းမှ လေဖိအား နည်းရပ်ဝန်းသည် အောက်တိုဘာ ၂၈ ရက်မတိုင်မီ မုန်တိုင်းအဆင့်သို့ ရောက်လာနိုင်ပြီး လက်ရှိအနေအထားအရ အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ဦးတည်နေသော်လည်း နောက်နှစ်ရက်ခန့်ကြာပါက မြန် မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်း ခြေဘက်သို့ ရွေ့လျားလာနိုင် သည်ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

‘‘အမေရိက မိုးလေ၀သ က 93B ဆိုပြီး သတင်းထုတ်ပြီဆို တော့ မုန်တိုင်းဖြစ်ဖို့ အခြေအနေ တော်တော်လေးများသွားပြီ။ ခန့် မှန်းထားတာကတော့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေဘက်ကို ပြန် ကွေ့လာမယ် ထင်တယ်။ မြန်မာ ကို တိုက်ရိုက်ဝင်ဖို့ မရှိပေမယ့် မုန်တိုင်းမိုးကြောင့် မြန်မာနိုင်ငံဘက် မှာ နေရာကွက်မိုးကြီးတာမျိုး ဖြစ် မယ်’’ဟု ဒေါက်တာထွန်းလွင်က သတိပေးသည်။

မြန်မာနိုင်ငံတောင်ပိုင်းဒေ သများနှင့် ရှမ်းပြည်နယ်ဘက်တွင်နောက်နှစ်ရက်ခန့်အတွင်း နေရာ ကွက် မိုးကြီးနိုင်ကာ ကယား၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း မိုးထစ်ချုန်းရွာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယ ပတ်က ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အပါအ၀င် ဒေသအချို့၌ ရင်ဆိုင်ခဲ့ရသည့် ရေကြီးမြေပြိုမှု သဘာဝဘေးမှာ ယင်းအချိန်က ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖြစ်သောကြောင့် မိုးကောင်းမည့် ဒေသများတွင် ကြိုတင်သတိထား သင့်သည်ဟု ဆိုသည်။ လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ် ၀န်းသည် နောက်နှစ်ရက်အတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန် ကြားရေးမှူးအဆင့် တာဝန်ရှိသူ တစ်ဦးက နေရာကွက်မိုးကြီးနိုင် သည့် သတင်းကို မိုး/ဇလဌာနမှ ရရှိထားပြီး ရိတ်သိမ်းဆဲသီးနှံများ အမိုးအကာအောက်ရောက်ရေး ဒေသဆိုင်ရာ စိုက်ပျိုးရေး ဌာန၀န်ထမ်းများအား အဆင့်ဆင့်ညွှန်ကြားထားကြောင်း ပြောကြားသည်။

စိုက်ပျိုးရေးပညာရှင် ဒေါက် တာမင်းလွင်က ရေဘေးကြောင့် စိုက်ခင်းသီးနှံများပျက်စီးကာ ပြန် လည်စိုက်ပျိုးခဲ့ရသော တောင်သူ များမှလွဲ၍ ဒေသအများစုတွင် သီးနှံရိတ်သိမ်းချိန် ဖြစ်သော ကြောင့် မိုးရွာနိုင်သည့်အခြေအ နေကို ကြိုတင်သတိပြုသင့်ကြောင်းအကြံပြုသည်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ