Thursday, August 28, 2014

မြောက်ပိုင်းဒေသများတွင် သစ်တောရှားပါးလားပြီ

29.8.2014 တရုတ်နိုင်ငံဘက်မှ သစ်ခိုးထုတ်သည့်ယာဉ်များ ပြီးခဲ့သည့် ၂ဝ၁၁ ဇွန်လက ကေအိုင်အေနှင့် အစိုးရစစ်တပ်များကြား ပစ်ခတ်မှုများ စတင်ခဲ့သည့် အချိန်မှ စ၍ ခပ်စိတ်စိတ်ဝင်ရောက်လာခဲ့သော်လည်း သုံးနှစ်ကြာပြီး နောက်ပိုင်း လက်ရှိ အချိန်၌မူ မြန်မာပြည်ဘက်တွင် သစ်တောများ ကုန်သလောက်ဖြစ်လာသည့် အတွက် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသော သစ်ခိုးထုတ်ယာဉ်များ အလာကျဲသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “ကျွန်းတို့၊ တမလန်းကတော့ ကြိုကြားကြိုကြားတော့ သယ်နေတုန်းပဲ။ အရင် တုန်းကလောက်တော့ မများတော့ဘူး။ မများတော့ဘူးဆိုတာက ခုတ်ရတဲ့နေရာ ဝေးသွားတာလေ။ အနီးအနားမှာ ကုန်ပြီဆိုတော့ ခေါက်ရေကျဲသွားတယ်။ သစ်လည်း ရှားလာတယ်။ စီမံချက်တွေဘာတွေ ရှိပေမယ့်လည်း ဒါကြောင့်လို့ တော့ မထင်ဘူး။ အဓိက ကတော့ သစ်ရှားသွားလို့ ဖြစ်နိုင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ တရုတ်-မြန်မာနယ်စပ်မှ သစ်မှောင်ခိုခိုးထုတ်မှုများ အရှိန်မြင့်တက်လာကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းကဲ့သို့ ခိုးထုတ်မှုများကြောင့် မြန်မာနိုင်ငံ၏ ရာသီဥတု နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိလာခြင်းအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသမားများ စိုးရိမ်ခဲ့ကြသည်။ “ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ကျွန်တော်တို့ ရွှေလီဘက်မှာတွေ့ရတဲ့ သစ်ပုံတွေက မြင်မကောင်းကြည့်မကောင်းပဲ။ ထားစရာနေရာတောင် မရှိသလောက်ပါ။ မြန်မာပြည်မှာရော သစ်တောတွေကျန်သေးရဲ့လားလို့ မေးလို့ရတယ်။ တစ်နေ့တစ်နေ့ အစီးရေ ၂ဝဝ နဲ့ ၃ဝဝ ကြားမှာ ရှိပါတယ်။ ၁၂ ဘီးကား၊ ၂၂ ဘီးကားတွေနဲ့ နေ့စဉ်တင်ခဲ့ကြတာ။ နောက်ပိုင်းဂျာနယ်တွေထဲမှာရေးတော့ ဖမ်းတာဆီးတာတွေရှိတယ်လို့ သိရတယ်။ အခုတော့ နည်းနည်းကျဲသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ သစ်မှောင်ခိုဂိုဏ်းများ ထုတ်ယူလာသည်မှာ ၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း မြန်မာစစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများစတင် ချိန်မှစ၍ အရှိန်မြင့်တက်လာကြောင်း၊ နယ်မြေမအေးချမ်းသည့်အပေါ် ပိုမိုအခွင့်အရေးယူ အသုံးချနေသည့်သဘောမျိုးဖြစ်ကြောင်း၊ တရား ဥပဒေ စိုးမိုးမှုမရှိသည့်အနေအထားတွင် အခွင့်ကောင်းယူခြင်း၊ လာဘ်ပေးလာဘ်ယူမှုရှိနေခြင်း၊ လမ်းကြောင်းနှင့်သွားသည့်စနစ်တစ်ခု ထွန်းကားနေခြင်းတို့မှာ အဓိကအကြောင်းရင်းများဖြစ်ကြောင်း သုံးသပ်ကြသည်။ “သူတို့ဝင်တဲ့နေရာမှာ ကိုယ့်ယန္တရားနဲ့ကိုယ် လာသယ်နေကြတာလေ။ ကချင်ပြည်နယ် မိုးမိတ်လောက်က ဆင်းလာတာ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းလောက်အထိ ဖောက်နိုင်တယ်။ သိပ်ဗြောင်ကျပါတယ်။ အပင်ကြီးတွေ ဘယ်လောက်ကြီးလဲဆိုရင် ၂၂ ဘီးကားနဲ့ ခြောက်လုံးလောက်ပဲ ဆံ့တယ်။ သူတို့အတွက် အကုန်အသုံးဝင်တယ်။ အမြစ်ပါမချန်ဘူး။ ပင်စည်ကို သစ်လုပ်တယ်။ အကိုင်းအခက်ကို မီးသွေးဖုတ်တယ်။ ဂျပန်၊ ကိုရီးယားကို Export ပြန်လုပ်တယ်။ဗြောင်ဗြောင်တင်းတင်း လုပ်ချင်တိုင်းလုပ်ခဲ့ကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ တရုတ်-မြန်မာနယ်စပ် ရွှေလီတွင် သစ်လုံးကားများ နေ့စဉ်ဝင်ထွက်သွားလာနေကြကြောင်း၊ တရုတ်ပြည်တွင် ဤမျှပေါများသောသစ်များ မရနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ ဥပဒေအရ ခွင့်ပြုမိန့်မရှိဘဲ သစ်ထုတ်ခွင့်မရှိကြောင်း၊ ထုတ်ယူပါက သေဒဏ်အထိချမှတ်နိုင်ကြောင်း၊ သို့သော် မြန်မာပြည်ဘက်မှ မှောင်ခိုသစ်များဝင်လာသည့်အပေါ် တရုတ်ဘက်က ပိတ်ပင်ထားမြစ်ခြင်းမရှိသည့်အပြင် တစ်တန်လျှင် တရုတ်ယွမ်ငွေ ၁၂ဝဝ ကို အခွန်ကောက်၍ လွှတ်ပေးလေ့ရှိကြောင်း သိရသည်။ တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီတွင် ပရိဘောဂစင်တာတစ်ခုရှိကာ မြန်မာနိုင်ငံမှသစ်များနှင့် ပြုလုပ်ထားသော ကျွန်း၊ တမလန်းသားများနှင့် ပြုလုပ်ထားသည့် မှန်တင်ခုံ၊ ခုတင်၊ ဗီရို၊ ဆက်တီ စသည့်ပစ္စည်းများ၏ တန်ဖိုးမှာ တရုတ်ယွမ်သန်းချီ၍ တန်ဖိုးရှိကြောင်း၊ သစ်ပင်ခုတ်ခွင့်မရှိသော တရုတ်နိုင်ငံအတွက် မြန်မာပြည်မှသစ်များမှာ အလွန်အဖိုးတန်လှကြောင်း ဒေသခံတို့က ပြောကြားသည်။


Posted via Blogaway

No comments:

Post a Comment