Friday, August 29, 2014

ဗေဒင်ကိုယုံမှာလားကံကိုယုံမှာလား

“ဗေဒင်ကိုယုံမှာလား ကံကိုယုံမှာလား” ****************************************** သတ္တဝါတို့မည်သည် ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာမည်၏။ ကံသာလျှင် အမိ၊ ကံသာလျှင် အဖဖြစ်၏။ မိမိ၏ ကံသုံးပါး(ကာယကံ ဝစီကံ မနောကံ) အပြုအမူများဖြင့်သာ မိမိ၏ ဘဝရုပ်ကို ပုံဖော်ထုဆစ်နေကြခြင်း ဖြစ်ပါသည်။ အသက်ရှည်တာ-တိုတာ၊ အဆင်းလှတာ-မလှတာ ချမ်းသာတာ-ဆင်းရဲတာ၊ အခြံအရံပေါတာ- အခြံအရံမရှိတာ၊ စတာတွေက မိမိပြုလုပ်သည့် ကံကသာ ထုဆစ်ပုံဖော်ပေးခြင်းဖြစ်ပြီး မည်သည့် တန်ခိုးရှင် ဖန်ဆင်းရှင်ကမှ ထုဆစ်ပုံဖော်ပေးနေခြင်း မဟုတ်။ မိမိ၏ ကံမှတစ်ပါး အားကိုးရာမရှိပါ။ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်လိုသော် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးမှအပ အခြားအခြားသော ဗေဒင် နက္ခတ်၊ ဂြိုလ်သွား စသည့်အပေါ် ယုံကြည်မှုမရှိရပေ။ ဤသည်နှင့် စပ်လျဉ်း၍ ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး၏ အဆုံးအမတော် မှတ်သားနာယူအပ်ပါ၏။ အဟောင်းဘဝနှင့် အသစ်ဘဝ ဖြစ်သမျှဥဿုံ အလုံးစုံကုန်သော သတ္တဝါအနန္တ မှန်သမျှတို့သည် ကံနှင့်သာ တွဲပျော် အဖော်သဟဲ မြဲမြဲခိုင်ခိုင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိလေကုန်၏။ ကောင်းမကောင်းနှင့် သောင်းပြောင်းများပြား ကံတရားသည် သတ္တဝါအနန္တမှန်သမျှ ဇာတိမသန့်၊ မျိုးယုတ်ညံ့နှင့် သန့်ပြန့်မျိုးနွယ် ဂုဏ်သိန်ကြွယ်၍ တင့်တယ်ပါစေခြင်းအကျိုးငှာ အလိုက်အထိုက် ထိုက်သလိုပင် ပြုပြင်စီမံ ဝေဖန်တတ်လေ၏။ ထို့ကြောင့် မော်တော်ကားစီး၊ တိုက်ကြီးကြီးနှင့် အနည်းနည်းပျော် အဖော်စုံညီ နေချင်သည်ဟု ကြံစည်စိတ်ကူး ဘဝင်မြူးသဖြင့် တောင်းတိုင်းမရ၊ တတိုင်းမပေါ်၊ အကြံချော်သဖြင့် အမျှော်စွမ်းဟုန် မပြည့်စုံဘဲ ရှိကြကုန်သည်သာလျှင်တည်း။ ကဲ-ဘယ်မှာလဲကွယ် နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်းမပါ။ မသာကို စုံချရင် တစ်လောင်းနဲ့ ကိစ္စမပြီးတတ်ဘူးလို့လည်း မပါ။ အိမ်တိုင်ထူကာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးရတယ်လို့လည်းမပါ၊ ဓမ္မာသောက အင်းဝရာဇကျလို့ ပျက်စီးတာလည်းမပါ၊ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ၊ တနင်္ဂနွေ ၊ တနင်္လာ၊ အင်္ဂါ ဆိုတာတွေဟာလည်း ပညတ်သင်္ကေတတွေပဲ၊ လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး။ ကုသိုလ်ကံကသာ ကောင်းအောင် လုပ်နိုင်၍ အကုသိုလ်ကံက မကောင်းအောင် လုပ်နိုင်နိုင်တယ်။ ဒီတော့ အကုသိုလ်ဆိုရင် မြွေဆိုးကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကို ဣစ္ဆာသယပတ္ထမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ “ဓမ္မံ သရဏံ ဂစ္ဆာမိ” မှာ မဟုတ်လား။ အခုတော့ အကုသိုလ်ကံ လုပ်မယ်ဆိုရင် အလွန်ပျော်၊ ကုသိုလ်လုပ်မယ်ဆိုရင် အလွန်ပျင်း၊ ကြောက်တာက ဓမ္မာသောက အင်းဝ ရာဇာကိုး၊ ဘယ်မှာ ဂစ္ဆာမိမှာလဲကွယ်၊ ဥသာစိန်ပန်းကြောင့် မိန်းမဆိုးတွေနဲ့ ညားကြတဲ့ ယောက်ျားတွေဟာလည်း မနည်းကြပါဘူး။ (ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး) မှတ်ချက်။ ။ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြဝါဒပေါင်းချုပ်မှ ကောက်နှုတ်ပူဇော် ဖြည့်စွက်ရေးသားသည်။ စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


Posted via Blogaway

No comments:

Post a Comment