Saturday, August 23, 2014

နမ္မချီမှော် ကျောက်မျက်ကုမ္ပဏီများအား KIAဆက်ကြေးကောက်

နမ္မချီမှော် ကျောက်မျက်ကုမ္ပဏီများအားKIA ဆက်ကြေးကောက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မချီ ကျောက်မှော်တွင် ကျောက်မျက်တူးဖော်လုပ်ကိုင်သော ကုမ္ပဏီများအား သြဂုတ်(၁၂)ရက်နေ့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အဖွဲ့မှဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ယင်းကျောက်မျက်လုပ်ငန်းရှင်များ ထံမှ သိရသည်။

အဆိုပါ ကျောက်မှော်တွင် စက်တင်ဘာ ၁ရက်နေ့မှစကာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလုပ်ကိုင်လိုပါကKIA အဖွဲ့ထံ ဆက်ကြေးပေးရ မည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေက နောက်တစ်လနေရင် ပြန်စတော့မယ်လို့ကြားတယ်၊ ဒါပေမယ့်လုပ်ငန်းမစသေးဘူး၊ KIA ကဆက်ကြေးကောက်နေပြီ၊ ကုမ္ပဏီပိုင်ရှင်တွေလည်း ပြန်လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်နေကြတယ် ” ဟုကုမ္ပဏီ တာဝန်ခံတစ်ဦးကပြောသည်။

KIA အဖွဲ့မှ ကျောက်မျက်တူးဖော်ခြင်းကို ပြန်လည်လုပ်ကိုင်ပါက ဘက်ဟိုးယာဉ်၁ စီးလျှင်သိန်း(၅၀)၊ မြေသယ် ယာဉ်၁ စီးလျှင် (၂၅)သိန်း ဆက်ကြေးငွေအဖြစ် တောင်းခံထားကြောင်းသိရသည်။

“တောင်းတဲ့ ဆက်ကြေးက အရမ်းများတယ်၊ နယ်မြေဒေသအခြေအနေကလည်း အမြဲတမ်းလာမယ်လို့ဘယ်သူမှ အာမမခံနိုင်သေးဘူး၊ လုပ်ဖို့ စဉ်းစားရဦးမယ် ” ဟု ကုမ္ပဏီ ပိုင်ရှင်တစ်ဦးကပြောသည်။

ကျောက်မျက်ကုမ္ပဏီများအနေဖြင့် ကျောက်မျက်တူးဖော်မှု ပြန်လည်လုပ်ကိုင်ပါက တစ်လအတွင်းဆက်ကြေးငွေကို KIA အဖွဲ့ထံ လာရောက်ပေးဆောင်ရမည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

Posted via Blogaway


Posted via Blogaway

No comments:

Post a Comment