မြန်မာပြည်သားတွေကို နလပိန်းတုံးတွေလို့ ထင်နေပါသလား။ အင်တာနက်ခ ဈေးကြီးတာကို တော်တော်များများက ဝိုင်းရေးနေကြပေမယ့် ဖုန်းဘီလ်ကိစ္စကို တော့ရေးတာမမြင်မိလို့ အများအကျိုးအတွက် သတိပေးလိုက်ရပါတယ်။ Ooredoo ၁ မိနစ် ၃၅ ကျပ်ဈေးသက်သာတယ်ဆိုပြီး ကြော်ငြာ၊ လူတွေကို နားလှည့်ပါးရိုက် လုပ်နေတယ်။ တကယ်တော့ ၇ စက္ကန့်လောက် စကားပြောရုံနဲ့ ၁ မိနစ်စာ ၃၅ ကျပ်ယူတယ်။ ဒီထက်ပိုပြီး အံ့သြတာ က ၁ မိနစ် ၁စက္ကန့်ပဲ ပြောတာကို နှစ်မိနစ်စာ ၇၀ ကျပ်ယူလိုက်လို့ပါပဲ။ (ကျွန်မမှာ Record ရှိပါတယ်။ ထို့အတူ Ooredoo မှာလည်းရှိမှာပါ)
ကျွန်မဆက်သွယ်ဖူးသမျှ၊ ရောက်ဖူးသမျှ ဘယ်နိုင်ငံမှ အဲဒီလိုမယူပါဘူး။ ဒါဆိုရင် ‘ဟယ်လို’ တစ်ခွန်းပဲပြောပြီး အကြောင်းကြောင်းကြောင့် Phone ချလိုက်ရင်လည်း ၃၅ ကျပ်ပဲပေါ့နော်။ Ooredoo ကတော့ မြန်မာပြည်သားတွေကို MPT ထက် ကုပ်သွေးစုပ်နေပါပြီ။ MPT တောင် ၁၀ စက္ကန့်ကို ၁၀ ကျပ်ပဲ ယူတယ်။ တစ်မိနစ်နဲ့ ၃ စက္ကန့်လောက်အထိ ပြောလည်း ၅၀ ကျပ်ပါပဲ။ မပိုပါဘူး။ စက်တင်ဘာလဆိုရင် ရွေးချယ်ခွင့်တွေ ထပ်လာမှာမို့ အခု Ooredoo က ရသလောက် ကျောက်ခဲရေညှစ်မယ့် သဘောပေါ့။ တစ်ယောက်ချင်းအနေနဲ့ မပြောပလောက်ပေမယ့် Ooredoo sim card သုံးတဲ့ အရေအတွက်နဲ့ အဲဒီအစွန်းထွက် စက္ကန့်တွေကို မြှောက်ကြည့်လိုက်ရင် အကျိုးအမြတ်တွေက မနည်းပါဘူး။ ဆက်လုပ် ကြည့်လိုက်ပါ Ooredoo။ မြန်မာပြည်သားတွေက ရိုးသားပါတယ်။ ဒါပေမဲ့ နလပိန်းတုံးတွေလို့တော့ ထင်နေပါသလား..။
(မမေဦး)
Posted via Blogaway
No comments:
Post a Comment