နိုင်ငံ့ကိုယ်ကျိုးစီးပွားကို စစ်မှန်စွာ ကာကွယ်ရန်လိုသည်။ အမှန်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းသည် မထူးဆန်း၊ ကြေညာထားသည် ဖြစ်စေ၊ မကြေညာထားသည် ဖြစ်စေ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားသည် နိုင်ငံ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ကြသည်ချည်း ဖြစ်သည်။ သို့သော် ကာကွယ်ပုံ ကာကွယ်နည်း ကွာသည်။ ကာကွယ်ပုံ ကာကွယ်နည်း မှားလျှင် နိုင်ငံ့အကျိုးစီးပွား မတည်တံ့ရုံမျှက ဒုက္ခပင် ရောက်နိုင်သည်။ နိုင်ငံ့ကိုယ်ကျိုးစီးပွား ဆိုသည်မှာ မိမိနိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ကြီးပွားချမ်းသာရေး၊ တည်ငြိမ်ဖွံ့ဖြိုးရေး၊ သြဇာကြီးမားရေး စသော စသော မိမိနိုင်ငံ၏ ကျယ်ပြောနက်ရှိုင်းသော အကျိုးစီးပွားစုံပင် ဖြစ်သည်။ နိုင်ငံပေါင်း ရာကျော်တည်ရှိပြီး အရင်းအမြစ်တို့ အကန့်အသတ်ဖြင့်သာ ရှိသော ကျွန်တော်တို့၏ ကမ္ဘာငယ်လေးတွင် ထိုအရင်းအမြစ်တို့ကို အခြားနိုင်ငံများနှင့် အပြိုင်အဆိုင် လုယူနေရသည့်အတွက် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသည် နိုင်ငံတိုင်း ဦးထိပ်ပန်ဆင်ရမည့် မူဝါဒပင် ဖြစ်သည်။ မိမိနိုင်ငံသား၊ မိမိနိုင်ငံ၏ အကျိုးစီးပွား မယုတ်လျော့လေအောင် တိုးတက်အောင် ဆောင်ရွက်ခြင်း၊ အခြားရန်သူ မိတ်ဆွေ အိမ်နီးချင်း အဝေးနိုင်ငံတို့က မိမိအကျိုးစီးပွားကို မလုယူနိုင်အောင် ကာကွယ်ခြင်းသည် ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းပင် ဖြစ်သည်။ နိုင်ငံတို့အနေဖြင့် အခြားသော ထိပ်တန်းမူဝါဒတို့ မည်သို့ ထားရှိသည် ဖြစ်ပါစေ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒနှင့် ယှဉ်လာလျှင် ထိုဝါဒတို့သည် ဒုတိယနေရာသို့သာ ရောက်ရမြဲ ဖြစ်သည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးတွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသော နယ်ပယ်အားလုံး လွှမ်းခြုံ ပါဝင်နေသော်လည်း တဖြည်းဖြည်း စီးပွားရေးနယ်ပယ်ကို အဓိက ရည်ညွှန်း ပြောဆိုလာကြသည်။ ထို့ကြောင့် အခြားနိုင်ငံတို့မှ တင်သွင်းသော ကုန်ပစ္စည်းများ မိမိနိုင်ငံတွင်း မထိုးဖောက် မရောင်းချနိုင်ရန်၊ နိုင်ငံတွင်းသို့ အခြားနိုင်ငံသားများပိုင် ကုမ္ပဏီများ ဝင်ရောက် ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း မပြုလုပ်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ခြင်းကို ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒအဖြစ် ပြောဆိုလာကြသည်။ ထိုသဘောတရားကို အလွန်အကျွံ ဆောင်ရွက်ကြသည့် အခါတွင် လုံးဝနီးနီး အဝင်မခံဘဲ ဝင်ပေါက်များကို ပိတ်ဆို့ခြင်း မူဝါဒတို့ကိုပင် ဆောင်ရွက်ခဲ့ကြသည်။ ပြင်ပမှ တင်သွင်းလာမည့် ကုန်ပစ္စည်းများကို အဝင်မခံဘဲ နိုင်ငံကို ပိတ်ထားပြီး လိုအပ်သော ကုန်ပစ္စည်းများကို ပြည်တွင်းတွင်ပင် ထုတ်လုပ်ရန် ကြိုးစားခဲ့ကြသည်။ ထိုသို့ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကျင့်သုံးခဲ့သလို မြန်မာနိုင်ငံသည်လည်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို တံခါးပိတ်ခြင်းဖြင့် ကျင့်သုံးခဲ့သည်။ ထိုသို့ အမြင်ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို ကျင့်သုံးခဲ့သော နိုင်ငံများ၏ ကံကြမ္မာမှာ အားလုံးသိသည့်အတိုင်း မကောင်းလှ။ ပြင်ပမှ သွင်းလာမည့် သွင်းကုန်များကို အစားထိုးသည့် အနေဖြင့် ထုတ်လုပ်သော ပြည်တွင်းထုတ်ကုန် ပစ္စည်းများ၏ အရည်အသွေးမှာ အများအားဖြင့် ညံ့သလို အရေအတွက် အားဖြင့်လည်း အနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့သည်။ ပြည်ပမှ အတွေ့အကြုံရင့် နည်းပညာမြင့် ကုမ္ပဏီများကို အဝင်မခံဘဲ ပြည်တွင်းရှိစုမဲ့စု အတွေ့အကြုံ နည်းပညာတို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများမှာလည်း တစ်နေ့တခြား ချာလာသည်။ ပြည်ပမှ ကုန်ပစ္စည်း၊ လုပ်ငန်းတို့ကို အဝင်မခံဘဲ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသည့် နိုင်ငံများသည် Infant Industry Thesis (နုသေးသောကြောင့် ကာကွယ်ရမည်) ကို အခြေပြုသည်။ မိမိနိုင်ငံသားပိုင် လုပ်ငန်းများသည် အတွေ့အကြုံ နုနယ်သောကြောင့် ကလေးနှင့် တူသည်၊ နိုင်ငံခြားမှ သမ္ဘာရင့် လုပ်ငန်းကြီးများသည် လူကြီးနှင့်တူသည်။ ထို့ကြောင့် ကလေးဖြစ်သည့် နိုင်ငံသားပိုင် လုပ်ငန်းတို့ကို အရွယ်ရောက်လာအောင် မြေတောင်မြှောက်ပေးပြီးမှ လူကြီး နိုင်ငံခြားကုမ္ပဏီတို့ကို ဝင်ခွင့်ပေးမည်ဟု ထိုသီအိုရီက ဆိုသည်။ တကယ်လက်တွေ့တွင် ပြည်တွင်းလုပ်ငန်း အများစုသည် အလိုလိုက်ခံရသော ကလေးကဲ့သို့ ဆယ်နှစ် စောင့်သော်လည်း မတက်လာ၊ နှစ်နှစ်ဆယ် စောင့်သော်လည်း တက်မလာ။ နောက်ဆုံး မည်သည့်အခါမျှ လူကြီးဖြစ် ရင့်ကျက်မလာတော့ဘဲ ထိုကလေးလုပ်ငန်းတို့မှ ထွက်သော ကုန်ပစ္စည်းတို့သည် အဆင့်အတန်းမမီ ဖြစ်ကာ နိုင်ငံကို အကန့်အသတ်မရှိ ပိတ်လိုက်ရသည်သာ အဖတ်တင်ကျန်ခဲ့သည်။ ပြည်သူလူထုသည် ညံ့ဖျင်းသော ကုန်ပစ္စည်းတို့ကိုသာ ဈေးအဆမတန်ပေးပြီး သုံးစွဲရသည်၊ နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်ရန် နောက်ကျသွားသည့် အတွက် တကယ်တမ်းတွင် နိုင်ငံ၏ ကိုယ်ကျိုးစီးပွား အကြီးအကျယ် နစ်နာဆုံးရှုံးသွားသည်။ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် ကြိုးစားရင်း ကိုယ်ကျိုးစီးပွား ပျက်စီးသွားခြင်း ဖြစ်သည်။ အချို့နိုင်ငံများတွင်မူ နိုင်ငံ့အကျိုးအတွက်ဟု ဆိုကာ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် ကြိုးစားပြီး ပြင်ပမှကုမ္ပဏီများ၊ ကုန်ပစ္စည်းများ ဝင်မလာအောင် ထိန်းချုပ်ထားကြသော်လည်း ပြည်တွင်းရှိ လုပ်ငန်းအချို့၊ လုပ်ငန်း နယ်ပယ်အချို့ကိုသာ ကာကွယ်ရန် ရည်ရွယ်ရင်း ဖြစ်သည်။ ပြည်တွင်းရှိ ကုမ္ပဏီများသည် ပြည်ပနှင့် ယှဉ်နိုင်အောင် မကြိုးစားကြဘဲ သူတို့ပြိုင်နိုင်အောင် စောင့်ပါဆိုရင်း ဆိုရင်း အချိန်ဆွဲရန် တွန်းအားပေးကြသည်။ သို့နှင့် ပြည်သူလူထုနှင့်တကွ နိုင်ငံပါ ထိုကုမ္ပဏီများအတွက် အနစ်နာခံလိုက်ကြရသည်။ အောင်မြင်ကြီးပွားသွားသော နိုင်ငံများမှာမူ ကိုယ်ကျိုးစီးပွားကို စနစ်တကျ ကာကွယ်တတ်သည်။ အာရှတွင်သာမက ကမ္ဘာတွင်ပါ ထိပ်တန်းရောက်နေသော ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ စသည်တို့သည်လည်း ပြည်ပမှ လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းများ မပြိုင်ဆိုင်နိုင်ဘဲ သေမည်ကို စိုးရိမ်ကြသည်ချည်း ဖြစ်သည်။ သို့သော် သူတို့သည် ပြည်ပမှ အလွယ်တကူ မဝင်နိုင်အောင် ကာထားရင်း အမျိုးသားပိုင် လုပ်ငန်းများကို စနစ်တကျ ပြုစုပျိုးထောင်ပံ့ပိုးသည်။ ပြည်တွင်းသို့ ဝင်လာမည့် ကုန်ပစ္စည်းများကို အစားထိုးရန်ထက် ပြည်ပသို့ ထိုးဖောက်တင်ပို့ရန် ကြိုးစားသည်။ ထို့ကြောင့် သူတို့၏ ကလေးလုပ်ငန်းများသည် နို့သက်ခံစို့နေရုံနှင့် ပြီးမသွားဘဲ တစ်နေ့တခြား လူကြီးဖြစ်လာကာ သူတို့၏ ထုတ်ကုန်များသည် ကမ္ဘာတွင် ထိပ်တန်းကုန်ပစ္စည်းများ ဖြစ်လာသည်။ သူတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းသည် နိုင်ငံ့အကျိုးစီးပွားအတွက် ဖြစ်သည်။ သို့သော် အထက်ပါ နိုင်ငံများက ပြင်ပကုန်ပစ္စည်းများ၊ ပြင်ပလုပ်ငန်းများ ဝင်မလာအောင် ပိတ်ပင်ခြင်းများသည် ၁၉၉၀ မတိုင်မီ ကာလများက ဖြစ်ခဲ့သည်။ ယခုအချိန်တွင် နယ်မြေအလိုက်၊ တိုက်အလိုက်၊ နှစ်နိုင်ငံချင်း လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် (Free Trade Area) များ အပြိုင်အဆိုင် ဖွင့်ကြကာ လွတ်လပ်စွာ ကုန်သွယ်ရေး ခေတ်စားလာချိန်တွင် ထိုသို့ ပိတ်ပင်ခြင်းများ ဆောင်ရွက်မရတော့။ မြန်မာနိုင်ငံသည် လွတ်လပ် ကုန်သွယ်ရေးခေတ်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲခြင်း ဖြစ်ရာ ကိုရီးယား၊ ဂျပန်တို့၏ နည်းနာများအတိုင်း တစ်ထပ်တည်း ဆောင်ရွက်မရနိုင်တော့။ မြန်မာနိုင်ငံသည် နည်းပညာပိုင်း၊ လူသားအရင်းအမြစ်ပိုင်းတွင်လည်း နောက်ကျနေရာ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး လက်တွဲလုပ်ဆောင်ရမည်သာ။ ပြည်ပမှ ကုန်ပစ္စည်းများ ဝင်လာမည်ကို စိုးရိမ်သည်ထက် ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးကိုသာ အာရုံစိုက်ရမည်။ မိမိနိုင်ငံအတွက် ငွေအရင်းအနှီး၊ နည်းပညာ အရင်းအနှီး၊ လူသားအရင်းအနှီးတို့ ဝင်လာရန် တံခါးကို ဖွင့်ထားခြင်းဖြင့်သာ ပြည်ပဈေးကွက်တွင် နင်လားငါလား ယှဉ်နိုင်သော ကုန်ပစ္စည်းတို့ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ မိမိတို့ ထုတ်နိုင်သော ပစ္စည်းရောင်းရငွေဖြင့် မိမိတို့ မထုတ်လုပ်နိုင်သော ပစ္စည်းကို ဝယ်သုံးရုံသာ။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး မြှင့်တင်မည် ဆိုသော်လည်း နိုင်ငံ့အကျိုးစီးပွား ကာကွယ်ရေး ကြွေးကြော်သံများ ယခုတစ်လော ခပ်စိတ်စိတ် ကြားလာရသည်။ အမှန်တကယ် နိုင်ငံအကျိုးစီးပွား ကာကွယ်ရန်ဆိုလျှင် ပြောရန်မရှိ။ လွတ်လပ်စွာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးတို့ကို တစ်ကမ္ဘာလုံးအနှံ့ လိုက်လံမြှင့်တင် ကြွေးကြော်နေသော အမေရိကန် ပြည်ထောင်စုသည်ပင် နိုင်ငံ့အကျိုးစီးပွားအတွက် ဆိုလျှင် လွတ်လပ်သော ဈေးကွက်စီးပွားရေး သဘောတရားများကို ဆန့်ကျင်ရန် ဝန်မလေးတတ်။ သို့သော် နိုင်ငံ့အကျိုးကို ဗန်းပြပြီး မိမိနယ်ပယ် ကွက်ကွက်လေး၏ အကျိုးစီးပွားကို ကာကွယ်ခြင်းမျိုးဆိုလျှင် နိုင်ငံ၏ အခြားသော နယ်ပယ်များ၊ ပြည်သူလူထု အများစု၏ အကျိုးစီးပွားတို့ ပျက်စီးလိမ့်မည်။ ကိုယ့်တစ်ဖို့တည်း အတွက်သာ ကြည့်ပြီး ဘယ်သူသေသေ ငတေမာစိတ်ထားလျှင် အကုသိုလ် အလွန်ကြီးပါသည်။ နိုင်ငံ့ကိုယ်ကျိုးစီးပွားကို အမှန်တကယ် ကာကွယ်ရန် လိုသည်။ လူတစ်စု၊ နယ်ပယ်တစ်ခု၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံ့ကိုယ်ကျိုးစီးပွားကို ခုတုံးလုပ် စတေးခြင်းမူ မပြုစေရ။ နိုင်ငံ၏ တကယ့်အကျိုးစီးပွားကို ကာကွယ်ရန် အစိုးရနှင့် လွှတ်တော်တွင် တာဝန်ရှိသည်။ ဇေယျသူ -
မိုးညှင်းသတင်းအဖွဲ့blogလိပ်စာ WWW.mohnyinnews.blogspot.com /gmailလိပ်စာ mohnyinnewsnow@gmail.com
No comments:
Post a Comment