Monday, September 8, 2014
ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဓားပြဆန်ဆန်လုယက်သူတစ်စုနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်
မန္တလေးမြို့တော်နှင့် စစ်ကိုင်းမြို့တို့အကြား ဧရာဝတီမြစ်ကမ်းနား တစ်လျှောက်ရှိ ဆိပ်ကမ်းများ၌ ဓားပြဆန်ဆန် လုယက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် စစ်ကိုင်းတံတားအောက်၌ အဆိုပါ မသင်္ကာဖွယ် လူတစ်စုနှင့် ရဲတပ်ဖွဲ့ဝင်များ တွေ့ဆုံရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် အဆိုပါ မသင်္ကာသူများအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လိုက်လံ ဖမ်းဆီးသော်လည်း လွတ်မြောက်သွားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် ယင်းနေ့ ညက ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ညအချိန် လုံခြုံရေး ဆောင်ရွက်နေစဉ် ရွှေကြက်ယက် ဆိပ်ကမ်းအနီးတွင် မသင်္ကာဖွယ် အမျိုးသားနှစ်ဦးကို ဟွန်ဒါစက်တပ် အပြာရောင် စက်လှေတစ်စီးဖြင့် တွေ့ရှိ၍ လိုက်လံဖမ်းဆီးရာ စစ်ကိုင်းတံတားအောက်သို့ ထွက်ပြေးသွားပြီး ယင်းနေရာ အရောက်တွင် အခြားစက်လှေ လေးစီး၊ အမျိုးသား ၁၆ ဦးခန့် ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များကို ဂျင်ဂလိ၊ လေးခွများဖြင့် ဝိုင်းဝန်းပစ်ခတ်သဖြင့် ရိုင်ဖယ်သေနတ်ဖြင့် တစ်ချက်ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါအဖွဲ့များကို လိုက်လံဖမ်းဆီးခဲ့ရာ စက်လှေမှာ တံတားဦးမြို့နယ် ဆင်ကျွန်းရွာ အနောက်ဘက်ကမ်းတွင် ကပ်ကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး အခြားစက်လှေ လေးစီးမှာ နောက်ကြည့်ကျွန်း အနောက်ဘက်ခြမ်းသို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ သိမ်းဆည်းမိသော စက်လှေများပေါ်မှ ဟွန်ဒါစက်ပါ ရှပ်တန်းနှစ်ခု၊ ဘက်ထရီအိုးကြီး နှစ်လုံး၊ ကျောက်ဆူးတစ်ခု၊ ဓားနှစ်ချောင်း၊ ဓာတ်ဆီနှစ်ဂါလန်ပုံး တစ်ပုံး၊ ဒီဇယ်သုံးဂါလန်ပုံး တစ်ပုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
လက်ရှိအချိန်တွင် မြစ်ကြောင်းတစ်လျှောက် ဆိပ်ကမ်း ၁၀ ခုတွင် အဖွဲ့ ၁၀ ဖွဲ့ ခွဲထားပြီး ကုန်တင်ကုန်ချ ဂိတ်များနှင့် မြစ်ကြောင်းနေရာများတွင် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းဖြင့် စီမံချက်တစ်ခု အနေနှင့် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဆိပ်ကမ်း သင်္ဘောပေါ်တွေကနေ ပစ္စည်းတွေ ယူတဲ့သူကို မသင်္ကာလို့ လိုက်ဖမ်းတာ၊ သူတို့က သူတို့လူတွေကို ဖုန်းဆက်ပြီး လှမ်းခေါ်တော့ ရောက်လာတာ တွေ့တယ်” ဟု အဆိုပါ လိုက်လံ ဖမ်းဆီးရေးတွင် ပါဝင်သည့် ဂေါဝိန်ဆိပ်ရှိ ကုန်တင်ယာဉ်ပိုင်ရှင် တစ်ဦးက ဆိုသည်။
မန္တလေးခရိုင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်ယာဉ်များပေါ်မှ ပစ္စည်းများကို ဓားပြဆန်ဆန် ပစ္စည်းလုယူမှုများ ဆက်တိုက် ဖြစ်ပွားနေမှုကြောင့် ရဲတပ်ဖွဲ့ အင်အား ၈၀ ကျော်ဖြင့် သြဂုတ်လ ၂၁ ရက်နေ့ ညမှ စတင်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိအောင် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် စက်တပ်လှေ တစ်စီးဖြင့် လူခြောက်ဦးခန့်သည် ညဥ့်နက်အချိန် ကမ်းနား ဆိုက်ကပ်နေသော ကုန်တင်သင်္ဘောများပေါ်ရှိ ကုန်ပစ္စည်းများကို လုယူမှုများနှင့် ပတ်သက်၍ မန္တလေးခရိုင် အတွင်းရှိ နယ်မြေအင်အား ၈၀ ခန့်နှင့် စက်လှေ ရှစ်စီးတို့ဖြင့် စစ်ကိုင်းတံတားမှ တစ်ဆင့် ပုသိမ်ကြီးအထိ လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှ မန္တလေး ချော်ဆိပ် ဆိပ်ကမ်းသို့ ဆန်အိတ်တင်သည့် ကုန်တင်ရေယာဉ်သည် သြဂုတ်လ ဒုတိယပတ်ခန့်က ဆိပ်ကမ်းတွင် ကုန်ချရေယာဉ်များ များနေ၍ ဧရာဝတီမြစ်လယ်ရှိ သဲသောင်ခုံ ကျွန်းဘေးတွင် ဆိုက်ကပ်စောင့်နေစဉ် လူခြောက်ဦးခန့် လိုက်ပါလာသည့် လက်ဆွဲ ဟွန်ဒါစက်တပ် လှေတစ်စီးသည် သင်္ဘောအနီး ကပ်လာကာ လေးခွများဖြင့် ပစ်၍ သင်္ဘောသို့ ဝင်ကပ်ပြီး ဆန်အိတ် ယူဆောင်မှုများ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ ညပိုင်းကလည်း စက်တပ်လှေတစ်ဦးသည် စက်ရပ်ပြီး ရေစုန်မျှောကာ ကုန်တင်သင်္ဘော တစ်စင်းသို့ ဆိုက်ကပ်လာရာမှ မြစ်ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးစိုးမိုးမှု ရှိစေရန်အတွက် အင်အား ၂၀၀ ကျော်ဖြင့် ရေကြောင်းရဲတပ်ဖွဲ့ကို မန္တလေးမြို့တွင် ဖွဲ့စည်းသွားမည် ဖြစ်သော်လည်း ရဲတပ်ဖွဲ့ကို နေပြည်တော်က လက်ရှိအချိန်ထိ ချထားပေးခြင်း မရှိသေးသဖြင့် မန္တလေးခရိုင်က မြို့နယ်အလိုက် လုံခြုံရေး ချမှတ် ဆောင်ရွက်နေရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်
No comments:
Post a Comment