Wednesday, October 15, 2014

မြို့နယ်အုပ်ချုပ်မှုကိစ္စများ ၀င်ရောက်စွက်ဖက်မှုကြောင့် KIA အဖွဲ့အား ပြောင်းရွှေ့ရန် သတိပေး


ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် အခြေပြုလှုပ်ရှားနေသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ အဖွဲ့ငယ်တစ်ဖွဲ့သည် မြို့နယ်အုပ်ချုပ်မှုကိစ္စများတွင် ၀င်ရောက်စွက်ဖက်မှုများ ပြုလုပ်နေခြင်းကြောင့် အောက်တိုဘာ ၁၃ ရက်နေ့တွင် လက်ရှိနေရာမှ ပြောင်းရွှေ့ရန် သတိပေးခြင်းခံရကြောင်း ယင်းမြို့ခံအချို့ထံမှ သိရသည်။

“ KIA တပ်ရင်း (၆) တစ်ခုလုံးကို ပြောင်းရွှေ့ခိုင်းတာ မဟုတ်ပါဘူး၊ အောင်ဘာလေကျေးရွာအနီးက ထုတ်နုတ် ထားတဲ့ အဖွဲ့တွေကို ရင်းဌာနချုပ်ကို ပြန်ခိုင်းတာပါ၊ တပ်စခန်းချနေတာကို ရွေ့ခိုင်းတာမဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးကိစ္စတွေမှာ ၀င်ပြီး စွက်ဖက်တာတွေလုပ်လာလို့ ရွှေ့ခိုင်းတာပါ ” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောသည်။

အောင်ဘာလေကျေးရွာအနီးတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသော KIA ထုတ်နုတ်အဖွဲ့ငယ်များအား တပ်ရင်း (၆) ဌာနချုပ်သို့ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး အဆိုပါကိစ္စအား KIA ဗဟိုဌာနချုပ်လိုင်ဇာသို့ တင်ပြထား ကြောင်း KIA အဖွဲ့နှင် နီးစပ်သော ဒေသခံတစ်ဦးထံမှ သိရသည်။

“ ကျောက်လုပ်ကွက်တွေ ပြန်စနေပြီဆိုတော့ ကုမ္ပဏီတွေကို KIA အဖွဲ့က ဆက်ကြေးကောက်မှာကြောက်လို့ ပြန်ရွှေ့ခိုင်းတာဆိုပြီး အသံထွက်နေတယ်၊ အမှန်တကယ်က အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဖားကန့်မြို့နယ်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်မှုကိစ္စတွေမှာ ၀င်ရှုပ်တာတွေရှိတယ်၊ သူတို့ လက်အောက်ခံသဘော မျိုးနဲ့ ပြောဆိုဆက်ဆံတာတွေလုပ်လာတယ်၊ ဒါ့ကြောင့် အစိုးရတပ်ကို တင်ပြပြီး ရွှေ့ခိုင်းရခြင်းဖြစ်ပါတယ် ” ဟု မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA တပ်ရင်း (၆) ဌာနချုပ်နှင့် အောင်ဘာလေကျေးရွာရှိ KIA အဖွဲ့ဝင်မိသားစုများအား ဖားကန့်မြို့ပေါ်ရှိ ဆွေမျိုးများ၏ နေအိမ်သို့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောင်းရွှေ့လျက်ရှိကြောင်း မျက်မြင်ရွာသား တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

ဇော်မိုင်


မိုးညှင်းသတင်းအဖွဲ့web-siteလိပ်စာ www.mohnyinnews.blogspot.com သတင်းပေးနှင့်ကြော်ငြာပေးပို့ရန် gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment