မူဆယ် ဗဟိုစီးပွားရေးဇုန်မှ မူဆယ်မြို့ကို ၂ဝ၁၅ခုနှစ်မှစတင်ကာ ကျောက်စိမ်းဈေးမြို့အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကျောက်စိမ်းဈေး တည်ဆောက်ရေး စီမံကိန်းကို လာမည့်နှစ်ဆန်းပိုင်းတွင် အပြီးသတ်မည်ဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့သည် နယ်စပ်ကုန် သွယ်ရေးကဏ္ဍတွင် အရေးပါသည့် ကုန်သွယ်ရေး ဂိတ်စခန်းမြို့ဖြစ်သည့်အပြင် ကျောက်စိမ်းရောင်း ဝယ်မှုတွင်လည်း တစ်နှစ်တာကာလပတ်လုံး ရောင်းဝယ်ရေးဆောင်ရွက်လျက်ရှိသည်။
'' ကျောက်စိမ်း ဈေးကြီးကို ခြောက်လစီမံကိန်းနဲ့ တည်ဆောက် မှာဖြစ်ပါတယ်၊ အခုလကနေ ၂ဝ၁၅ ဧပြီလကုန် အပြီးသတ်နိုင်ဖို့ လျာထားပါတယ်။ ကျောက်စိမ်းဈေး ကြီးဖွင့်လှစ်ပြီးသွားရင် မူဆယ်မြို့က မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းတရားဝင် ရောင်းချရာ နယ်စပ်မြို့ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ တွင်းထွက်သယံဇာတ တွေကို ကိုယ့်နိုင်ငံတွင်းမှာ ဖွင့်လှစ် ရောင်းချနိုင်ပြီဆိုရင် ဝယ်လက်တွေကို ရွှေလီအထိသွားပြီး မျက်နှာငယ်ငယ်နဲ့ ရောင်းချစရာ မလိုတော့ဘူး''ဟု မူဆယ် ဗဟိုစီးပွားရေးဇုန်စီမံကိန်း ဒါရိုက်တာ ဦးငွေစိုးကပြောသည်။
မူဆယ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် မြန်မာ့ကျောက်စိမ်းများကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျောက်စိမ်းဈေးသို့ တင်ပို့ရောင်းချရပြီး အခြားနိုင်ငံတစ်ခုသို့ သွားရောက်ရောင်းချ ရခြင်းကြောင့် ဈေးနှိမ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပြည်တွင်း ကျောက်စိမ်း ဈေးကြီးတရားဝင်ဖွင့်လှစ်နိုင်ပါက တိုင်းပြည်ဝင်ငွေလည်း ပိုမိုတိုးပွား ရရှိနိုင်မည့်အပြင် ကျောက်စိမ်းရောင်း ဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအ တွက်လည်း နိုင်ငံတကာကျောက်စိမ်း ဈေးနှုန်းများကို ရရှိနိုင်မည်ဖြစ်သည်။
'' လက်ရှိမှာလည်း မူဆယ်ကျောက်စိမ်းဈေးကွက်က တွင်ကျယ် လာနေပါပြီ။ သို့သော် ကုန်သည်ပွဲစားတွေနဲ့ တစ်ဆင့်ခံ ရောင်းချနေကြရတော့ ထိုက်သင့်သလောက် အမြတ် အစွန်း မရဘူး၊ အခွန်ရှောင်တာတွေ လည်းဖြစ်ပေါ်တာပေါ့၊ အခုလို သတ်သတ်မှတ်မှတ်နဲ့ ကျောက်စိမ်း ဈေးကြီးတည်ဆောက်ဖွင့်လှစ်မယ်ဆိုရင် တရုတ်ဝယ်လက်သာမက နိုင်ငံတကာ ဝယ်လက်တွေကိုပါရရှိ လာနိုင်ပြီး ကျောက်စိမ်းအရောင်း အဝယ်ပိုမိုတွင်ကျယ်လာမှာဖြစ်တယ်'' ဟု မူဆယ်မြို့မှ ကျောက်စိမ်းကုန်သည် ကိုမျိုးမင်းအောင်က ပြောသည်။
www.mohnyinnews.blogspot.com
No comments:
Post a Comment