Monday, November 10, 2014

ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုကြောင့် နှစ်အနည်းငယ်အတွင်း ကျောက်စိမ်းထွက်ရှိမှု နည်းပါးလာပြီး ဒေသတစ်ခုလုံး တိမ်ကောပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ


မြန်မာနိုင်ငံ၏ အဓိက ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် အင်အားကြီးမားသည့် စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုကြောင့် နှစ်အနည်းငယ်အတွင်း ကျောက်စိမ်းထွက်ရှိမှု နည်းပါးလာပြီး ဒေသတစ်ခုလုံး တိမ်ကောပျက်စီးလာမည်ကို ဒေသခံ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်များ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်မှုမှာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တူးဖော်လာခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့ကြောင်း၊ ၁၉၉၄ မှ ၂ဝဝ၂ ခုနှစ်ခန့်အထိ စက်ယန္တရား အငယ်စားများဖြင့် ဖက်စပ်ကုမ္ပဏီများက တူးဖော်လာခဲ့ကြောင်း၊ ၂ဝဝ၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီများ၊ ပုဂ္ဂလိက ကုမ္ပဏီများစွာမှ စက်အင်အားအလုံးအရင်းဖြင့် တူးဖော်ခဲ့ကြရာ ၂ဝဝ၇ ခုနှစ်နောက်ပိုင်းမှစ၍ ကြီးမားသော စက်ယန္တရားကြီးများဖြင့် ၂ဝ၁၂ ခုနှစ် မေ ၃ဝ ရက်အထိ တူးဖော်ခဲ့ရာတွင် တောင်အလုံး ၆ဝ ခန့်နှင့် ယင်းတောင်ပတ်ဝန်းကျင်ရှိ ချောင်းအမြောက်အမြား ပျောက်ကွယ်သွားကြောင်း၊ မှော်ဒေသအများစုတွင် နာမည်ကျော်ကျောက်စိမ်းများ ထွက်ရှိရာနေရာများမှာ နောက်ထပ်တူးဖော်စရာ မရှိလောက်အောင် ပျက်ယွင်းပျောက်ကွယ်သွားကြောင်း ဖားကန့်ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များက ဆိုသည်။

ဖားကန့်မြို့နယ် သံဃမဟာနာယက အတွင်းရေးမှူး ဆရာတော် ဦးကဝိသာရက “ကျောက်စိမ်းတွေ အဓမ္မတူးဖော်ထုတ်ပြီဆိုရင် ဒေသတိမ်ကောသွားမှာ နှစ်မကြာနိုင်ဘူး။ အရမ်းစိုးရိမ်တယ်။ တူးကြဆွကြတာလည်း ဗလပွကိုဖြစ်နေပါပြီ။ မတူးဘူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊ ကုမ္ပဏီကြီးတွေလည်း မရှိတော့ဘူး။ မြေစာပုံတောင်နဲ့အင်းပဲ နေရာတကာ တွေ့ရတော့တယ်။ ကျောက်စိမ်းသာထွက်တာ ဒေသဖွံဖြိုးရေးကျတော့ ဘာမှမရှိဘူးလို့ပဲ ပြောရမယ်။ လမ်းမကောင်းဘူး။ စာသင်ကျောင်း၊ ဆေးရုံမကောင်းဘူး။ ဥရုမြစ်တိမ်ကောပြီး နှစ်တိုင်းမြို့ရွာတွေ နစ်မြုပ်နေတာ မြစ်ကြမ်းပြင်မဆယ်ကြဘူး။ အခု နန့်မော်ကျေးရွာမှာဆိုရင် ဘုရားဘေးကပ်တူးလို့ စေတီတစ်ဆူ အက်ကွဲကြောင်းရာပေးတာ အက်ကြောင်းအကျယ် တစ်ပေကျော်နေပြီ။ မိုးရောက်ရင် ဘုရားပြိုတော့မယ်။ ဒါကြတော့ ဘယ်သူမှ တာဝန်ခံပါတယ်ဆိုတာ မရှိဘူး။ ဘုန်းကြီးဆိုတော့ အားလုံးပြောမကောင်းပါဘူး။ နောင်တစ်ချိန် ကျောက်စိမ်းဒေသကြီး မတိမ်ကောအောင် အခုအချိန်ကစပြီး စနစ်တကျ စီစဉ်ကြပါ။ အမွေအနှစ်တွေကျန်အောင် လုပ်ကြပါလို့ ပြောချင်တယ်။ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလာတုန်းက ကျောက်စိမ်းအလွန်အကျွံမထုတ်ဖို့၊ ဥရုမြစ်မတိမ်ကောဖို့၊ လမ်း၊ ဆေးရုံ၊ စာသင်ကျောင်းတွေ ကောင်းမွန်အောင်လုပ်ကြဖို့ စာထည့်လိုက်တယ်” ဟု မိန့်ကြားသည်။

အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်ဒေသအတွင်းရှိ သဘာဝတောင်အလုံး ၅ဝ လုံးခန်နှင့် ချောင်းများ၊ ချောက်များ၊ ပျောက်ကွယ်သွားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန်မြင့်မားလာခြင်များ ကြုံတွေ့နေရကြောင်း သိရသည်။

ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မှော်မောင်းလျှံကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာတို့အပြင် တခြားသော ကျေးရွာဒေသများတွင် ကျေးရွာများ ပြောင်းရွေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများလည်း နေရာအနှံ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် NLD သဘာပတိအဖွဲ့ဝင် ဖားကန့်မြို့နယ် မနောကော်မတီဥက္ကဋ္ဌ ဦးလဆိုင်းက “ဖားကန့်မြို့ပေါ်မှာပဲ ရွေ့ပြောင်းတဲ့ရွာ၊ ပျောက်သွားတဲ့ရွာကို မနည်းတော့ဘူး။ တောင်အလုံးကတော့ ၆ဝ ဝန်းကျင်လောက်ရှိမယ်။ ကျောက်စိမ်းနဲ့ နာမည်ကြီးတဲ့ ဖားကန့်ကြီးဆိုတာ မရှိတော့ဘူး။ ရှရော်ခမှော်ပျောက်သွားပြီ။ ဆယ်စုနှစ်လောက်ပဲ ကြာလိုက်ပါတယ်။ ၂ဝ၁၁ တုန်းကသုံးခဲ့တဲ့ ဘက်ဖိုးတွေက ၁၂၅ဝ အားပဲရှိတယ်။ အခု ၂ဝဝဝ အားရှိတဲ့ ဘက်ဖိုးတွေ ဖားကန့်ကို သယ်နေပါပြီ။ နောက်ငါးနှစ်၊ ခြောက်နှစ်အတွင်းမှာ အများကြီးပြောင်းလဲသွားဖို့ ရှိပါတယ်။ ကျောက်စိမ်းကိုပဲ အဓိကအားထားနေတဲ့နေရာမှာ ကျောက်စိမ်းသာ ရှားပါးလာရင် ဒီဒေသရဲ့အနာဂတ် ကောင်းမှာမဟုတ်ဘူး။ နိုင်ငံတော်ဘက်က စနစ်တကျတူးဖော်ပြီး ရေရှည်အတွက် ဒေသခံတွေအတွက် ထည့်စဉ်းစားပေးဖို့ လိုနေပါတယ်” ဟု ဆိုသည်။

၂ဝ၁၄ ခုနှစ် အစိုးရမှ ကောက်ယူထားသော စာရင်းများအရ ဖားကန့်ဒေသတွင် အိမ်ထောင်စု ၃၃၁၂၈၊ လူဦးရေ ၃၁၂၅၂၈ ဦး ကျေးရွာအုပ်စု ပေါင်း ၂၁ စု၊ ကျေးရွာပေါင်း ၁၁၆ ရွာ အနက် ၅၄ ရွာသာ ပြည်ထဲရေးအမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။

ဖားကန့်ဒေသကို အကြိမ်ကြိမ်လေ့လာဖူးပြီး မြစ်ကြီးနားတက္ကသိုလ်မှ ဘူမိဗေဒပါရဂူဘွဲ့ရ ဒေါက်တာအောင်နိုင်သူက “ကျောက်စိမ်းမှာ နက်ဖရိုက်၊ ဂျေဒိုက်ဆိုပြီး နှစ်မျိုးရှိတယ်။ ဖားကန့်ကျောက်စိမ်းက ကမ္ဘာ့အကောင်းဆုံး ဂျေဒိုက်အမျိုးအစားပါ။ ကျောက်စိမ်းက ကျောက်သက်တမ်းအနုအရင့်နဲ့ မဆိုင်ဘူး။ ကျောက်လွှာကြီးတွေ တိုးတိုက်မှုကြောင့် တစ်ခုသောအပူချိန်၊ တစ်ခုသောဖိအားရဲ့အောက်မှာ ကိုက်ညီမှုရှိတဲ့ ဒြပ်စင်တွေကြောင့် ဖြစ်လာတာပါ။ ပညာရှင်တွေရဲ့ စမ်းသပ်ချက်အရဆိုရင် နောက်မဖြစ်နိုင်တော့ဘူး။ မွေးမြူလို့မရဘူး။ တိုက်ကြီးတွေ တိုက်ရင်တောင်မှ တိုက်တိုင်းမဖြစ်ဘူး။ တူညီတဲ့အပူချိန်၊ ဖိအား၊ ဒြပ်စင်တွေလိုပါတယ်။ နောက်တစ်ချိန်မှာ သံယာဇာတ ကျိန်စာသင့်မှာလို့ စာသင်တိုင်းလည်း တပည့်တွေကို ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံကျတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကလည်း စနစ်တကျမရှိတော့ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ သေချာတာကတော့ ကျောက်စိမ်းဟာ အတိုင်းအတာတစ်ခုအထိပဲ ထွက်မှာပါ” ဟု သုံးသပ်သည်။

ဖားကန့်ဒေသတွင် သဘာဝတောတောင်များ အလွန်အကျွံ ပြုန်းတီးလာမှုကြောင့် ဆောင်းရာသီကာလများတွင် အပူချိန်မြင့်တက်လာမှုကို ခံစားလာသည်မှာ ငါးနှစ်ကျော်လာပြီး ဥရုမြစ်ဘေးကျေးရွာ များဥရုမြစ် တိမ်ကောလာမှုကြောင့် ပေ ၂ဝ ခန့် မြင့်တက်လာကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းထွက်ရှိနိုင်သည့် ဒေသများမှာ ကံဆီး၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ ဟောင်ပါး၊ တာမခံ စသည့်ကျေးရွာဒေသများဖြစ်ပြီး ကျောက်စိမ်းနှင့် ကျောက်စိမ်းမျိုးနွယ်ဝင် ထွက်ရှိနိုင်သည့် ဧကပေါင်း ၁၅ဝဝဝ နေရှိပြီး ယင်းဧကအားလုံးမှာ ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများလက်သို့ ရောက်ရှိနေကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှစတင်ကာ အစိုးရတပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေအဖွဲ့တို့ မိုးမောက်မြို့နယ်တွင် စစ်ပွဲများစတင်ဖြစ်ပွားခဲ့ရာ စစ်ပွဲများ ကချင်တစ်ပြည်နယ်လုံး ပြန့်နှံ့လာပြီး ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို ၂ဝ၁၂ ခုနှစ် မေ ၃ဝ ရက်က စတင်ကာ အစိုးရမှ တရားဝင်ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ပြန်လည်တူးဖော်ခွင့်ပြုခဲ့ရာ လုပ်ငန်းများရပ်ဆိုင်းခဲ့သည်မှာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အောက်တိုဘာလကုန်အထိ အစိုးရသတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈ဝ၈ ခု တစ်ဧကလုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု၊ လုပ်ကွက်ပေါင်း ၃ဝ၂ ကွက်ရှိပြီး ကျောက်မျက်တူးဖော်သည့်ကုမ္ပဏီ ၅၉ ခု လုပ်ငန်းလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုကြောင့် နှစ်အ�




www.mohnyinnews.blogspot.com

No comments:

Post a Comment