Monday, November 10, 2014

နှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့သည့် အမျိုးသားအားကစားပွဲတော် ပြန်လည်ကျင်းပမည်


တစ်နိုင်ငံလုံးမှ အားကစားသမားများဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အမျိုးသားအားကစား ပွဲတော်ကို မကျင်းပနိုင်ခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ၁၉၉၇ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ဆယ်နှစ်ကျော်ကြာ ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ကျင်းပနိုင် တော့မည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် ကျင်းပမည့်(၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးကို အထောက်အကူပြုနိုင် ရန်အတွက် အမျိုးသားအားကစားပွဲတော်ကို ပြန်လည်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားအားကစားပွဲတော်ကို ယခင်က သုံးကြိမ်သာကျင်းပနိုင်ခဲ့ပြီး ယခုကျင်းပမည့်ပြိုင်ပွဲမှာ စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း၊ လေ့ကျင့်ရေးကွင်းများ၊ ဝဏ္ဏသိဒ္ဓိ Indoor အားကစားရုံများ၊လယ်ဝေးကွင်း၊ ပေါင်းလောင်းကွင်း၊ ငလိုက်ဆည်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း ၂၆ မျိုးထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲဝင်မည့် အားကစားနည်းအများစုပါဝင်လာသည်။ ပါဝင်မည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်၊ စနူကာ၊ ကာယကြံ့ခိုင်မှု၊ လက်ဝှေ့၊ စစ်တုရင်၊ ခြင်းလုံး၊ စက်ဘီး၊ ဘောလုံးဖူဆယ်၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေးဒို၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ ရိုးရာလက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ပန်ကြပ်ဆီလတ်၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူးနှင့် Trithlon (သုံးမျိုးစုံ)တို့ဖြစ်ကြသည်။ ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်၊ ပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအပြီးတွင် မသန်စွမ်းအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂ဝ ရက်ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ မသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်းခုနစ်မျိုးသာပါဝင်မည်ဖြစ်ပြီး ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောနှင့် အလေးမတို့ဖြစ်ကြသည်။

တစ်နိုင်ငံလုံးမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အမျိုးသား အားကစားပွဲတော်ကဲ့သို့ ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပေးနိုင်လျှင် မြန်မာ့ အားကစားလောက တိုးတက်ရေးကို အထောက်အကူပြုနိုင်ပေမည်။




www.mohnyinnews.blogspot.com

No comments:

Post a Comment