Tuesday, November 11, 2014

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ (၂၅) ကြိမ်မြောက် အာဆီယံ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®

(၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့)
(နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ)
အဆွေတော် ဘုရင်မင်းမြတ်၊ အဆွေတော်များ၊ ဧည့်သည်တော်များခင်ဗျား၊
မင်္ဂလာ နံနက်ခင်းမှာ မင်္ဂလာပါ လို့ ဦးစွာ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးများကို တက်ရောက်လာကြတဲ့ အဆွေတော်များ အားလုံးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စားရော၊ မိမိအနေနဲ့ပါ လှိုက်လှဲစွာ ကြိုဆိုအပ်ပါတယ်။
မိမိအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကြီးကို ပထမဆုံး အကြိမ်အဖြစ် တက်ရောက်လာကြတဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံမှ အဆွေတော် သမ္မတ ဂျိုကို ဝီဒိုဒို ကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်-အိုချာ ကိုလည်းကောင်း ဂုဏ်ပြုကြိုဆို ပါကြောင်းကို ဦးစွာ ပြောကြားလိုပါတယ်။
အဆွေတော်တို့ရဲ့ ဦးဆောင်မှုဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံများက ပြည်သူများအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှု ကို ဆက်လက် ဖော်ဆောင်လာနိုင်မှာ ဖြစ်သလို အာဆီယံ ပေါင်းစည်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးမှာလည်း အားသစ်များ ဖြစ်လာမယ် ဆိုတာကို အပြည့်အဝ ယုံကြည် ပါတယ်။ အဆွေတော် တို့ကို မိမိတို့ အာဆီယံနိုင်ငံများ ခေါင်းဆောင်များ အသိုက်အဝန်းက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါတယ်။
ဒီကနေ့နဲ့ မနက်ဖြန်မှာ ကျင်းပမယ့် အစည်းအဝေးများကို အဆွေတော်တို့ အားလုံးစုံညီစွာ ကြွရောက် ပါဝင်လာကြခြင်းဟာဆိုရင် နိုင်ငံရေးအရ စည်းလုံးခိုင်မာပြီး၊ စီးပွားရေးအရ တောင့်တင်းကာ၊ လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ အာဆီယံ အသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာရေးနဲ့ အာဆီယံ မိတ်ဖက်များနဲ့လည်း ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်နေတာကို ပြသပါတယ်။ ဒါ့အပြင် အပြန်အလှန် အကျိုးရှိမဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဖော်ဆောင်ရေးအတွက် စုစည်းညီညာစွာနဲ့ ကြိုးပမ်းနေတဲ့ မိမိတို့ရဲ့ သန္နိဌာန်ချမှုများကို ပေါ်လွင်စေပါတယ်။
အဆွေတော် ဘုရင်မင်းမြတ်နဲ့ အဆွေတော်များခင်ဗျား
ယခု မိမိတို့ကျင်းပတဲ့ အစည်းအဝေးဟာ အာဆီယံ အတွက် အလွန်အရေးပါ တဲ့အချိန်မှာ ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ အာဆီယံဟာ လာမယ့်နှစ်ကုန်မှာ အာဆီယံအသိုက်အဝန်းတစ်ရပ်အနေနဲ့ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။ အာဆီယံ အသိုက်အဝန်းဆိုင်ရာ လမ်းပြမြေပုံနဲ့အညီ အာဆီယံအသိုက်အဝန်းကြီးကို အပြီးသတ် တည်ဆောက်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ရှေ့ဆက်လက် လုပ်ဆောင်ရမယ့် အဓိကအချက်ကတော့ ဒီအသိုက်အဝန်းကြီးကို အရည်အသွေးရှိရှိ ရေရှည် တိုးတက်အောင် ဦးဆောင်သွားကြမယ် ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ယခုနှစ်အတွင်းမှာ အဓိကကျတဲ့ လုပ်ငန်း နှစ်ရပ်ကို စတင်နိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကတော့ အာဆီယံရဲ့ အဖွဲ့အစည်းတွေကို အာဆီယံ ပဋိညာဉ်စာတမ်းနဲ့အညီ ဘယ်လို ပိုမိုထိရောက်ခိုင်မာအောင် ဆောင်ရွက် သွားကြမယ် ဆိုတဲ့ ဆန်းစစ်မှုနဲ့ အာဆီယံရဲ့အနာဂတ်အတွက် မျှော်မှန်းချက် အသစ် တစ်ရပ်ကို ချမှတ်ရေးအတွက် လုပ်ငန်းများ စတင်အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံကိုအနာဂတ်မှာ တိုးတက်ပြီး ရေရှည်ရှင်သန်တဲ့ အဖွဲ့အစည်း ဖြစ်လာစေရေးကို အထူးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
အာဆီယံဟာ ယခုနှစ်ဆောင်ပုဒ် ဖြစ်တဲ့ “ရှေ့သို့တူညီတက်လှမ်းချီ၊ ငြိမ်းချမ်း ဝေစည် အသိုက်အဝန်းဆီ ” ဆိုတာနဲ့အညီ ငြိမ်းချမ်း၊ တည်ငြိမ်၊ တိုးတက် သာယာဝပြော တဲ့ အာဆီယံအသိုက်အဝန်းဆီကို မျှော်မှန်းပြီး ဒီနှစ်အတွင်း ဆောင်ရွက်တဲ့ လုပ်ငန်းများဟာ ဒီရည်မှန်းချက်ကို ဦးတည် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ အာဆီယံ အသိုက်အဝန်း ထူထောင်ရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံ အကောင် အထည်ဖော်တဲ့ နေရာမှာလည်း စိတ်ကျေနပ်စရာ ကောင်းတဲ့ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဒေသတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးကိုလည်း ဆက်လက် ထိန်းသိမ်းမြှင့်တင် နိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ဟာ ဘာလီကြေညာချက်(၃)နဲ့အညီ အာဆီယံအဖွဲ့ကြီးကို ဒေသ အပေါ် အကျိုးသက်ရောက်မဲ့ ကမ္ဘာ့ရေးရာကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ တူညီတဲ့ အာဆီယံ သဘောထားရအောင် ကြိုးပမ်းမှုတွေကို စတင်နေပြီဖြစ်ပါတယ်။ ဒီနှစ်ဟာ အာဆီယံဥက္ကဌရဲ့ ဆောင်ပုဒ်နဲ့အညီ အာဆီယံဟာစည်းလုံးမှုကို အလေးထားတယ် ဆိုတာ ကို ပြတဲ့အနေနဲ့ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလေးရှား ခရီးသည်တင် လေယာဉ် ပစ်ချခံရခြင်းကိစ္စ၊ ဘာသာရေး အစွန်းရောက်တို့ရဲ့ လုပ်ရပ်တွေအပေါ် ပြတ်သားတဲ့ ရပ်တည်ချက်တွေ ထုတ်ပြန်ခဲ့သလို ဖိလစ်ပိုင်အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်ကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုခဲ့တာကို ပြသခဲ့ပါတယ်။
အာဆီယံရဲ့ ဗဟိုအချက်အချာကျမှုကို ထိန်းသိမ်းပြီး အာဆီယံအပေါ် အကျိုး သက်ရောက်မှုရှိစေမဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်များ အပေါ်မှာလည်း အာဆီယံရဲ့ ဘုံရပ်တည်ချက်များ ဖော်ထုတ်ပြီး အာဆီယံရဲ့ စည်းလုံးမှုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးထားနိုင်တဲ့ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ ပါတယ်။ ဒေသပြင်ပရှိ နိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ အာဆီယံ “မူ”နဲ့ “စံနှုန်း” တွေဟာ လည်း ဒေသတွင်း တည်ငြိမ်၊ အေးချမ်း၊ လုံခြုံရေးကို များစွာ အထောက်အကူ ဖြစ်စေခဲ့ ပါတယ်။ ဒီလိုအချက်တွေကြောင့် အခြားဒေသမှာရှိတဲ့ နိုင်ငံတွေကလည်း အာဆီယံနဲ့ ပိုမိုထိတွေ့ ဆက်ဆံလိုတဲ့ ဆန္ဒများကို ပြသခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ လမ်းပြမြေပုံပါ လုပ်ငန်းစဉ် တွေအတော်များများဟာလည်း အကောင်အထည်ဖော်ပြီးစီးခဲ့တာ ကို ဝမ်းမြောက်စွာ သိရှိရပါတယ်။
အလားတူဘဲ စီးပွားရေးကဏ္ဍဆိုင်ရာမှာလည်း အခွန်အခများ လျှော့ချခြင်း၊ ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရေး၊ ငွေကြေးအရင်းအနှီး ဈေးကွက်ပိုမိုပေါင်းစည်းရေး၊ ပုဂ္ဂလိက ကဏ္ဍ ပါဝင်မှု မြှင့်တင်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာ ဖူလုံမှုမြှင့်တင်ရေး၊ ဖွံ့ဖြိုးမှု ကွာဟချက် လျှော့ချရေးများ သာမက ပြင်ပမိတ်ဖက် နိုင်ငံများနဲ့ နှစ်ဘက် အကျိုးရှိမဲ့ ကိစ္စတွေတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့တာကို အားရဖွယ် တွေ့မြင်ကြရ ပါတယ်။
ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှု မရေမရာရှိနေသည့်တိုင် ဒေသတွင်း ဝယ်လိုအား ခိုင်မာ ရှင်သန်ပြီး၊ ဖွံ့ဖြိုးမှုနှုန်း (၅)ရာခိုင်နှုန်းခန့်ကို ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။ လာမယ့်နှစ် များ အတွက် ခန့်မှန်းချက်များဟာလည်း အားရဖွယ်ဖြစ်ပါတယ်။ အာဆီယံ အသိုက်အဝန်း ထူထောင်မှုမှာ အာဆီယံစီးပွားရေးအသိုက်အဝန်းဟာ အာဆီယံရဲ့ အဓိက မောင်းနှင်အား ဖြစ်ပါတယ်။ အာဆီယံအသိုက်အဝန်းကို အာဆီယံစီးပွားရေး အသိုက်အဝန်းရဲ့ မဏ္ဍိုင်ကြီး (၄)ရပ်ကို အခြေခံပြီး ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်လာတာနဲ့အမျှ ပြည်သူများ ဟာ အာဆီယံ အသိုက်အဝန်းရဲ့ အကျိုးကျေးဇူးများကို အပြည့်အဝ မျှဝေခံစားလာနိုင် ကြမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းရပ်များစွာမှာ ပညာရေးမြှင့် တင်ခြင်း၊ လူငယ်ရေးရာနဲ့ ယဉ်ကျေးမှုဖလှယ်ခြင်း၊ အာဆီယံ ပြည်သူများနှင့် ဆက်သွယ် ဆောင်ရွက်မှုများ မြှင့်တင်ခြင်းတို့အပြင်၊ သဘာဝဘေး စီမံခန့်ခွဲရေး ဆိုင်ရာ၊ လူသားချင်း ဆိုင်ရာ အကူအညီပေးရေး၊ ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်မယ့် စွမ်းရည် မြှင့်တင်ရေး တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့် “မျှဝေခံစားပြီး၊ ပြည်သူများကို အလေးထားတဲ့ အာဆီယံအသိုက်အဝန်း” ပေါ်ပေါက်ရေးကိုများစွာ အထောက်အကူ ဖြစ်စေပါတယ်။
အာဆီယံရဲ့ပြင်ပမိတ်ဖက်နိုင်ငံများနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ကြိုးပမ်းမှုဟာ လည်းပုံမှန်တိုးတက်နေပြီး၊ အာဆီယံ အသိုက်အဝန်း ထူထောင် ရေးနဲ့ အာဆီယံ ပေါင်းစည်း ဆက်သွယ်မှု မြှင့်တင်ရေးတို့မှာများစွာ အထောက် အကူပြုနေပါတယ်။ အာဆီယံဝန်ကြီးများရဲ့ အာဆီယံနဲ့ ပြင်ပမိတ်ဆွေများ မိတ်ဖက် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကြိုးပမ်းချက်တွေကို ဂုဏ်ပြုပါတယ်။ အာဆီယံရဲ့ သမိုင်းကို ပြန်ကြည့်ရင် အာဆီယံဟာ ပြင်ပနဲ့ ဆက်ဆံရေးကို တိုးမြှင့်တဲ့ မဟာဗျူဟာကို ကျင့်သုံးခဲ့တာကြောင့် စီးပွားရေးတိုးတက်မှုကို ရရှိလာခဲ့ ကြတာဖြစ်ပါတယ်။
ဒါကြောင့် အာဆီယံအသိုက်အဝန်းကို အကျိုးရှိမဲ့ ပြင်ပဆက်ဆံရေး တိုးချဲ့မှုကို အာဆီယံက ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ မဟာဗျူဟာကျတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့နိုင်မယ့် နိုင်ငံများနဲ့ ဆက်သွယ်မှု ထူထောင်ရေးကို လက်တွေ့ စတင်အကောင်အထည်ဖော်ဖို့ အချိန်ကျရောက်ပြီဖြစ်ပါတယ်။ အလားတူဘဲ နိုင်ငံ(၂၀)ပါတဲ့ အုပ်စု(G-20) နဲ့ ဘီအာရ်အိုင်စီအက်စ် (BRICS)ခေါ် အုပ်စုနဲ့ အခြားဒေသတွေမှာရှိတဲ့ စီးပွားရေး ဈေးကွက်တွေနဲ့ ဆက်သွယ်မှုကို ယခုထက် ပိုပြီး တိုးမြှင့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။
ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတိုးချဲ့ခြင်းဟာ အာဆီယံရဲ့ ရေရှည် ရှင်သန်မှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အာဆီယံရဲ့ မျှော်မှန်းချက်အသစ်များကို ချမှတ်ရာမှာ ဂျီဒီပီ တိုးနှုန်းနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ရည်မှန်းချက်များအဖြစ် ထားရှိသလို ကုန်သွယ်မှုနဲ့ ဂျီဒီပီ အချိုးတိုးတက်မှု၊ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ ဂျီဒီပီအချိုးတိုးတက်မှု ကိုလည်း ရည်မှန်းချက် ချမှတ်ဆောင်ရွက်သင့်ပါတယ်။
အာဆီယံ ပြင်ပနဲ့ စီးပွားရေးပေါင်းစည်းမှုများ အာဆီယံ အပေါင်း(၁) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ အကောင်အထည်ဖော် ခြင်းဖြင့်သာမက ဒေသတွင်း အလုံးစုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (အာရ်စီအီးပီ)မှ တစ်ဆင့် ဆောင်ရွက်နေမှု များကိုလည်း အားရဖွယ် တွေ့ရှိရပါတယ်။

အဆွေတော် ဘုရင်မင်းမြတ် နဲ့ အဆွေတော်များခင်ဗျား
အာဆီယံအနေနဲ့ အာဆီယံ အသိုက်အဝန်း(၃)ရပ်ရဲ့ လမ်းပြမြေပုံများကို အကောင် အထည်ဖော်နေတဲ့ လုပ်ငန်းရပ်များဟာလည်း (၈၀)ရာခိုင်နှုန်းမျှ ပြီးစီးနေပေမဲ့လည်း၊ ကျန်ရှိနေသေးတဲ့ (၂၀)ရာခိုင်နှုန်းအကောင်အထည် ဖော်ရေးဟာ အဓိက စိန်ခေါ်မှု တစ်ရပ် ဖြစ်သလို၊ ၂၀၁၅ ခုနှစ်လွန်ကာလမှာ ပေါ်ထွက်လာမယ့် အာဆီယံ အသိုက်အဝန်းအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် ကိစ္စရပ်တွေဟာလည်း စိန်ခေါ်မှုများအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေအပေါ် သက်ရောက်တဲ့ သဘာဝဘေး အန္တရာယ်များနဲ့ ပြင်ပဂယက်အချို့ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးမရေမရာမှုတွေအပြင် အီဘိုလာရောဂါ ပိုး ကဲ့သို့သော ကူးစက်ရောဂါများနဲ့ အကြမ်းဖက်နဲ့ အစွန်းရောက်ဝါဒ အစရှိတဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားကြရာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အာဆီယံရဲ့ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှု တွေကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်တဲ့ စွမ်းရည်ကို စဉ်ဆက်မပြတ် ထူထောင်ရန် လိုအပ်တယ်ဆိုတာကို အလေးအနက်ထား ပြောကြားလိုပါတယ်။ ဒါ့ကြောင့် အာဆီယံအနေနဲ့ အောင်မြင်တိုးတက်မှုတွေရရှိခဲ့ပေမယ့် ဒီအောင်မြင်မှု များအပေါ် ရောင့်ရဲ မနေသင့်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အဝန်း ပေါ်ထွန်းလာခြင်းဟာ အာဆီယံအတွက် အဆင့်သစ်တစ်ခုကို တက်လှမ်းလိုက်တာ ဖြစ်ပြီး၊ ပိုမို စည်းလုံး ညီညွတ်စွာပေါင်းစည်းရေး၊ အဖွဲ့အစည်းရဲ့ လည်ပတ်မှု ပိုမို ထိရောက်မှုရှိ စေရေး၊ ပူးပေါင်းညှိနှိုင်းမှု ပိုမိုအားကောင်းစေရေး၊ ပိုမို သက်လုံကောင်းပြီး၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်တဲ့ အသိုက်အဝန်း တစ်ရပ်အနေနဲ့ ဆက်လက်တည်ရှိနိုင်ဖို့ ဆက်လက် ကြိုးပမ်း အားထုတ်ကြရမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ဆက်စပ်ပြီး အာဆီယံရဲ့ အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းရည်မြှင့် တင်နိုင်ရေး အတွက် ပြတ်သားတဲ့ အကြံပြုချက်တွေနဲ့ အာဆီယံ အသိုက်အဝန်း ရဲ့ ၂၀၁၅ ခု နှစ်လွန် အနာဂတ်မျှော်မှန်းချက်များ ရေးဆွဲနိုင်ရေးအတွက် ကနဦးအစီရင်ခံစာ တင်သွင်း တင်ပြခဲ့ကြတဲ့ တာဝန်ရှိသူများကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။
ဒီကနေ့နဲ့ မနက်ဖြန်မှာ ကျင်းပမယ့် အစည်းအဝေးတွေမှာ အာဆီယံ အသိုက်အဝန်း ထူထောင်ရေးမှာ ကျန်ရှိနေတဲ့ လုပ်ငန်းရပ်တွေကို အရှိန်အဟုန် မြှင့်တင်နိုင်ဖို့ ဆွေးနွေး ကြမှာဖြစ်ပြီး၊ အနာဂတ်မှာ ပိုမိုများပြားလာမယ့် အာဆီယံ လှုပ်ရှားမှုများရဲ့ အတိုင်းအတာ ပမာဏနဲ့ လိုက်လျောညီထွေဖြစ်မယ့် အာဆီယံရဲ့ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင် နိုင်ရေး နည်းလမ်းတွေကို စဉ်းစားသွားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ အနာဂတ်မှာ တွေ့ကြုံနိုင်မဲ့ စိန်ခေါ်မှုတွေကို ကြိုတင် တွေးတောခန့်မှန်းပြီး၊ ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်တွေ ချမှတ်ကာ၊ တိကျတဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲသွားကြရမှာဖြစ်ပါတယ်။

အဆွေတော် ဘုရင်မင်းမြတ်နဲ့ အဆွေတော်များခင်ဗျား
အာဆီယံအနေနဲ့ အသိုက်အဝန်းတစ်ရပ်အဖြစ် ပေါ်ပေါက်လာပြီး၊ ပေါင်းစည်းမှု အဆင့်သစ်တစ်ရပ်သို့ ရောက်ရှိလာတဲ့အချိန်မှာ အလေးထား ဆောင်ရွက်ရမဲ့ကိစ္စရပ် တစ်ချို့ကို အလေးထားပြောကြားလိုပါတယ်။
ပထမအချက်ကတော့ အာဆီယံအနေနဲ့ တည်ဆောက်ပြီး စံနှုန်းတွေ ၊ ချမှတ်ပြီး စည်းမျဉ်းတွေကို လိုက်နာအကောင်အထည်ဖော်မှု မြှင့်တင်ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ကြပြီး၊ အဲဒီစံနှုန်းတွေကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်သွားကြဖို့လိုပါတယ်။ စည်းမျဉ်းစည်းကမ်းကို အခြေခံတဲ့ အာဆီယံသည်သာ မိမိတို့ရဲ့ ဂုဏ်အင်္ဂါနဲ့ ပွင့်လင်း မြင်သာမှုကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော်တို့အကြားမှာရော၊ မိတ်ဖက်နိုင်ငံများနဲ့ ဆက်ဆံကြရာမှာ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်းနဲ့ ပြင်ပဒေသများမှာပါ စီးပွားဖွံ့ဖြိုးမှုနဲ့ လူမှုရေးအရ သဟဇာတ ဖြစ်မှုတို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ အာဆီယံနဲ့ မိတ်ဖက်တို့အကြား တည်ရှိပြီးဖြစ်တဲ့ ဆက်သွယ်ဆောင်ရွက်မှု ယန္တရားမှာရော၊ ပေါ်ထွန်းဆဲ ဒေသတွင်း ဗိသုကာ တည်ဆောက်မှုတွေမှာ အာဆီယံအနေနဲ့ အချက်အချာကျကျ ပါဝင်နိုင်ဖို့ မဟာဗျူဟာ တစ်ရပ် ရှိဖို့ လိုအပ်ပါတယ်။ ပိုမိုပွင့်လင်းပြီး၊ အများပါဝင်နိုင်တဲ့ စည်းမျဉ်းအခြေခံ ဒေသတွင်းဗိသုကာ ဖွဲ့စည်းတည်ဆောက်မှုပုံစံတစ်ရပ် ပေါ်ထွန်းလာပြီး၊ မိတ်ဖက်တွေနဲ့ ပိုမိုထိရောက် အကျိုးရှိစွာ ဆက်သွယ် ဆောက်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဘာလီ ကြေညာချက်(၃)ပါ မျှော်မှန်းချက်များနဲ့အညီ မိမိတို့အားလုံးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များမှာ ပိုမို စည်းလုံးစွာ ရပ်တည်ပြီး၊ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်သွားနိုင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့ အာဆီယံအနေနဲ့ စီးပွားရေး ပေါင်းစည်းမှု မြှင့်တင်ကာ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလမ်းကို လျှောက်လှမ်းရင်း၊ ဖွံ့ဖြိုးမှုအရှိန်အဟုန် ဆက်လက် ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် အများပါဝင်နိုင်တဲ့ ဖွံ့ဖြိုးမှုကိုဖော်ဆောင်နိုင်မှာဖြစ်ပြီး၊ ဆင်းရဲမှု နဲ့ ဖွံ့ဖြိုးမှု ကွာဟချက် လျှော့ချပေးကြရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုးမှု ရလဒ်တွေကို ပြည်သူအားလုံးခံစားနိုင်စေရန် အမျိုးသမီးများ၊ ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးတို့ကို မြှင့်တင်ပေးရေးကို တိုးမြှင့် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
စတုတ္တအချက်ကတော့ ဒေသတွင်းနဲ့ ဒေသပြင်ပနိုင်ငံများနဲ့ ပိုမို ပေါင်းစည်းမှုများ ကြုံတွေ့လာချိန်မှာ အာဆီယံရဲ့ ကြံ့ခိုင်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်မြှင့်တင် နေရမှာဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ စားနပ် ရိက္ခာ၊ စွမ်းအင်နဲ့ ရေဖူလုံမှု၊ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ အကြမ်း ဖက်မှု၊ အစွန်းရောက်မှု နှိမ်နင်းရေး၊ သတင်း အချက် အလက် လုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုမှုစတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ စွမ်းရည် မြှင့်တင်သွားဖို့လိုအပ်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်တစ်ရပ်ကတော့ အာဆီယံ၏ အဖွဲ့အစည်းပိုင်း ဆိုင်ရာစွမ်းရည်မြှင့်တင်ဖို့၊ လုပ်ငန်းစဉ်များအချိတ်အဆက် မိမိရှိစေဖို့၊ အဆုံးအဖြတ် ပြုမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်စေဖို့နဲ့ လုပ်ငန်းများကို စနစ်တကျ ကြပ်မတ်၊ အစီရင်ခံမှု၊ အကောင်အထည် ဖော်နိုင်ရေးတို့ကို တိုးမြှင့် ဆောင်ရွက် ကြဖို့ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အာဆီယံအသိုက်အဝန်းကြီးကို အာဆီယံပြည်သူ များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး၊ အရှိန်အဟုန်နဲ့ ပြောင်းလဲနေ တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေများနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အသိုက်အဝန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာစေရေး ဆွေးနွေးသွားကြဖို့ မျှော်လင့်ပါကြောင်း နိဂုံးချုပ် ပြောကြားရင်း (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးများကို ဖွင့်လှစ် ကြောင်း ကြေညာအပ်ပါတယ်။

*******

ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ် 3.0 ထွက်ရှိပါတော့မည်

www.mohnyinnews.blogspot.com

No comments:

Post a Comment