မိန်းမတစ်ယောက်ရှိခဲ့ ဖူးသည်
လွန်ခဲ့ တဲ့ နှစ်၂၀ ကျော်ကရှမ်းပြည် နမ့် ခမ်းမြို့  တောရွာလေးမှာရှမ်းခေါက်ဆွဲရောင်းတဲ့  (၁၆)နှစ် အရွယ် မိန်းမတစ်ယောက်ရှိခဲ့ ဖူးတယ်….သူမ က ဗမာစကားမတက်ဘူး ။စာလည်းမသင်ခဲ့ ဘူး။ဒါပေမဲ့  သူမရဲ့  လှပမှုကြောင့် လား လက်ရာကောင်းမှုကြောင့်လား ..သူမရဲ့  ဆိုင်က နာမည်ကြီး တယ်။သူမ လည်းလူပျိုကာလသားတွေကြားထဲမှာရေပန်းစားတယ်။
သူမအသက်(၁၆)နှစ်ပြည့်လို့ သိပ်မကြာခင်မှာပဲ ရန်ကုန်က အရာရှိပေါက်စ တစ်ယောက် နဲ့ သူမအိမ်က ပေးစားလို့  လက်ထပ်လိုက်တယ်။သူမ က သတိုးသားလောင်းကို မမြင်ဖူးဘူး။သူမ ထက်အသက် ၁၀ နှစ်ကြီးတာပဲ သူမ သိခဲ့ တယ်။သတိုးသားက လည်း ရှမ်းစကားမတက်ဘူး။ဒါကြောင့်သူမ ဟာ သူမရဲ့  ချစ်စရာကောင်း တဲ့  အပျိုစင်ဘ၀ နဲ့  နုပျိုတက်ကြွ တဲ့  လူငယ်ဘ၀ဆိုတာ ကို ဘာမှန်းမသိလိုက်ခင်မှာပဲ အိမ်ထောင်ကျခဲ့  တယ်။သူမပြောတယ်….။သတိုးသားကိုစတွေ့ တွေ့ ချင်းသူမ သိပ်အမြင်ကပ်ခဲ့သတဲ့ ။
အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာပဲ ဗမာစကားမတက်တဲ့  သူမ ဟာ ရှုပ်ထွေးလွန်းတဲ့ ရန်ကုန်မြို့ ကြီးကို ပြောင်းလာခဲ့ ရတယ်။သူမ ချစ်တဲ့  မိဘ နဲ့  သူငယ်ချင်းတွေ နဲ့  သိပ်ဝေးလွန်းတဲ့  နေရာပေါ့။ရန်ကုန်ရောက်မှ လိုင်းကားဆိုတာ ကို သူမမြင်ဖူး ခဲ့ ရသတဲ့ ။သူမ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးသလိုမျိုး ရန်ကုန်မှာ ခြံဝန်းနဲ့  တိုက် နဲ့ မနေရဘူး။ပန်းခြံတွေလည်း မရှိတဲ့  အတွက် ရုပ်ရှင်တွေထဲမှာလို ပန်းပင်ကို ရေပိုက် နဲ့ ရေဖြန်းပြီး သီချင်းဆိုတာမျိုးတွေလည်း လုပ်ခွင့်မရဘူး။ နေ့ နဲ့  ည တွေ မှာအမြဲတမ်းလိုလို မီးဖိုခန်း ထဲမှာ သာ အချိန်ကုန်ရတယ်။သူမပြောတယ်။ရန်ကုန်ဆိုတာ ဘာမှမထူးပါဘူး…. ရှမ်းစကားမပြောရတာနဲ့  ရာသီဥတုပူတာကလွဲ ရင် ရှမ်းပြည် နဲ့  တူတူပါပဲတဲ့။
ဒါပေမဲ့ သူမ စိတ်ဆတ်တယ်။ဗမာစကားမတက်ပေမဲ့  သူမကိုကားနဲ့  ရိသဲ့ သဲ့  လုပ်နေမှန်းသိလို့ ကားမှန်ကို ထမင်းချိုင့် နဲ့  ရိုက်ခွဲဖူးတယ်။ဘာသာတရားလည်းကိုင်းရှိုင်းတယ်..။အိပ်ခါနီးတိုင်း ရှမ်းလို ဘုရားရှိခိုးပြီးမှ အိပ်တယ်။အိမ်ထောင်တာဝန်လည်းကြေတယ်။ ဟိုဒီမသွားဘဲ အိမ်ထဲမှာပဲ သန့် ရှင်းရေးလုပ်ပြီးအချိန်ကုန်တက်တယ်။ရှမ်းခေါက်ဆွဲကြိုက်တယ်.။အသီးအရွက်ကြိုက်တယ်။ဒါပေမဲ့  အသားဟင်းကြိုက်တဲ့  ယောက်ျားအတွက် နေ့ တိုင်း အသားဟင်းတစ်ခွက်ပါအောင် ဖွယ်ဖွယ်ရာရာ စီမံတက်တယ်။စာမတက်လို့  ၀တ္ထုဖတ်တာတွေလည်းမလုပ်တက်ဘူး။
သူမအသက်(၁၇) နှစ်မှာ သားတစ်ယောက်မွေးခဲ့တယ်။အင်္ဂလိပ်ဆေးတောင် မမြင်ဖူးတဲ့  သူမ ဟာ မွေးခန်းထဲမှာ ဆေးထိုးအပ်တွေ ကပ်ကြေးတွေ မြင်ပြီး သူမ အမေ ကို သိပ်သတိရမိတယ်။အမေ …. သမီးအရမ်းကြောက်တယ်။ဗမာစကားကို အနည်းငယ် ပြောတက်နေပေမဲ့  သူမရဲ့  နာကျင်မှုဝေဒနာ ကိုဆရာဝန်တွေသိအောင် ရေရေလည်လည် ပြောပြဖို့  မစွမ်းသာခဲ့ ဘူး။ဒါပေမဲ့  သူမ ရဲ့  သား ကို သူမ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ တယ်။သူမပြောတယ်..။ဒီလောက မှာ ငါတစ်ယောက်တည်း မဟုတ်တော့ဘူး.. ငါ့မှာ သားရှိပြီ .. ငါ့မှာ အားရှိပြီ တဲ့ ။သူမ သားကို သူမ သိပ်ချစ်တယ်…ထွေထွေထူးထူး သားချော့တေးတွေ မရတော့ ရှမ်းသီချင်းတွေ နဲ့  သီချင်းဆိုပြတယ်။ဒါကို ယောက္ခမ လုပ်သူ က ကလေး ဗမာစကားမတက်ဘဲနေမယ်လို့  သတိပေးတော့ သူမ သီချင်းမဆိုရဲတော့ဘူး။ရှမ်းစကားလည်း မပြောတော့ဘူး။အဲ့ ချိန်ကစပြီးသူမ ဗမာစကားကို ကြိုးကြိုးစားစားသင်ယူခဲ့  တယ်။သူမ က စာမတက်ပေမဲ့  ဥာဏ်ကောင်းတယ်။ဗမာသားချော့တေးသီချင်း သုံးလေးပုဒ်လောက် ကို နားလည်လည် မလည်လည် သူမအချိန်တိုအတွင်း အလွတ်ကျက်နိုင်ခဲ့ တယ်။သူ့ ကို သူ လည်း ဥာဏ်ကောင်းသူတစ်ဦးဖြစ်ကြောင်းလည်းမကြာခဏ ကြွားတက်သေးတယ်။
သူမ သား အသက် (၃) နှစ်အရွယ်မှာ ကံကြမ္မာဆိုးတစ်ခု က ဇာတ်ထုပ်ခင်း ပြီးသူမ ဆီ ကို ရောက်လာခဲ့ တယ်။ယောကျာ်းလုပ်သူက နယ်မှာတာဝန်ကျချိန်..သူမက ကလေးတစ်ယောက် နဲ့  ရန်ကုန်မှာ ကျန်နေခဲ့ ချိန်က ဖြစ်တယ်။သား ရဲ့  ညာဘက်မျက်လုံးမှာ ကင်ဆာကြိတ် ပေါက်လာတယ်။ဆရာဝန်ပေါင်းစုံနဲ့  ဆေးပေါင်းစုံ ကု ပေမဲ့  သက်သာမလာခဲ့ ဘူး ။နောက်ဆုံးတော့ ဆေးရုံမှာ မျက်လုံးတစ်ဖက်ကို ထုတ်ပစ်လိုက်ရတယ်။သူမပြောတယ်။မျက်လုံးထုတ်ထားတဲ့  ကလေးရဲ့  မျက်နှာကိုမြင်တိုင်း မျက်ရည်ကျတယ်။သူမရဲ့  မျက်လုံး ကို အစားထုတ်ပေးလို့ ရရင်သာ ထုတ်ပေးလိုက်ချင်သတဲ့ ။သူမ အချိန်တိုင်းလိုလို သား ကို ကြည့်ပြီးငိုရတယ်။သူမ ရဲ့  ကံကြမ္မာ က ဒီမှာတင်ပြီးမသွားခဲ့ပါဘူး။သူမရဲ့ ယောကျာ်းက နယ်မှာ လာဘ်စားမှု နဲ့  တရားစွဲခံရတယ်။သူမရဲ့  သားကလည်း ကင်ဆာဆဲလ်တွေ မကုန်သေးတဲ့  အတွက် ခါး ရိုးတွင်းချဉ်ဆီထုတ်ပစ်ဖို့ လိုတယ်ဆိုတဲ့  ဆေးစစ်ချက်ရလာတယ်။ဆေးစစ်ချက်ကို သူမ နားမလည်ပေမဲ့  ပတ်ဝန်ကျင်က ပြောပြလို့  ခါးဆီထုတ်ရင် အောက်ပိုင်းသေမယ် ဆိုတာ ကိုတော့သူမ သိခဲ့  တယ်။နဂိုက မှ မျက်လုံးတစ်ဖက် ထုတ်ထားလို့ ဒုက္ခိတ ဖြစ်နေတာ ကို အောက်ပိုင်းပါသေမယ်ဆိုတော့ သူမ စိတ်ဓာတ်ကျသွားတယ်။အဲ့ ဒီအချိန် သူမ မှာ တိုင်ပင်ဖော်မရှိဘူး ဆေးရုံကူစောင့်ပေးမယ့်သူလည်းမရှိဘူး။နေ့ တိုင်းဈေးသွားတဲ့  စမ်းချောင်း ဂွဈေး နဲ့  ရွေတိဂုံလောက်သာ ရောက်ဖူးတဲ့ သူမဟာ တစ်ယောက်တည်း မလည်မ၀ယ်ဖြစ်နေတယ်။ မင်းသားစိုးသူ က အလုပ်သင်ဆရာဝန်အနေ နဲ့  လူနာလာကြည့် တာ တောင်မသိလောက်အောင်ကို သူမ ဗျာများနေတယ်။
မှတ်ပုံတင်ပျောက်တယ်။မင်္ဂလာဦး ဆွဲကြိုး ပျောက်တယ်။အဲ့ လောက်ထိကို ဗျာများနေခဲ့ တယ်။သူမသား အောက်ပိုင်းသေမယ့် အရေးကို တွေးပူပြီး ဆရာပေါင်းစုံ နဲ့  ကုဖို့ ကြိုးစားတယ်အရာမထင်ခဲ့ ဘူး။သူမ သားကို ချီပြီးဆေးရုံ ခေါင်မိုးပေါ်က နေ ခုန်ချသတ်သေ ဖို့  လည်း မကြာခဏ ကြိုးစားခဲ့  တယ်။ကြိုးစားလိုက်တိုင်းလည်း ပျက် ခဲ့  တယ်။သူမ ပြောတယ်။ကလေးက ခေါင်မိုးပေါ်ရောက် တာ နဲ့  အာခေါင်ခြစ်ပြီး ငိုသတဲ့  ။ဒါပေမဲ့  သူမ သတ္တိ၇ှိတယ်။ဆေးရုံ ကို ဘယ်သူမှ ထမင်း တစ်ချိုင့် လာ မပို့ ပေမဲ့ လည်း နေ့ စဉ်ခေါက်ဆွဲထုတ် စားပြီး သားကို စောင့်ပေးတယ်။သူမ ပြောတယ်… ငါ အမျိုးတွေ ကို သိပ်နာတယ်.. တောက တက်လာတဲ့  ငါ့ ကို အသိအမှတ်မပြုရင်နေပါ သူတို့ နဲ့  သွေးတော် တဲ့  ငါ့သားကိုတော့ လာကြည့် သင့်တယ်။
မနက်ဖြန်ဆို ကလေးကို ခါးဆီထုတ်ဖို့ လိုအပ် တဲ့ ဆေးစစ်မှုတွေ လုပ်နေပြီ ။ ဆေးထိုးလိုက်တိုင်းကလေးက နာပြီး ငို တယ်။သူမ လည်း ငို တယ်။ဒါပေမဲ့  အသံမထွက်ဘူး အံ့ ကြိတ်ပြီး မျက်ရည်တွေ ကျတယ်။နောက်ဆုံးသူမ ဆုံးဖြတ်လိုက်တယ်။သေချင်သေပါစေ လူစဉ်မမှီဘဲ လောက ငရဲ ထဲမှာတော့ ကလေးကို မကြီးပြင်းစေချင်ဘူး။ဒါကြောင့် ဆေးရုံက နေ ညတွင်းချင်း ကလေးချီပြီးထွက်ပြေးတယ်။
အိမ်မှာပဲ ဆေးကုတယ်။ဗမာဆေးရှမ်းဆေး ဆေးပေါင်းစုံ နဲ့  ကုတယ်။ကံအားလျှော်စွာပဲ ကလေး က ပြန်ပြီးသက်သာလာတယ်။သူမ ပျော်ရတယ်။ဒါပေမဲ့  သူမ ယောကျာ်း ရန်ကုန်ပြန်မရောက်ခင်အထိပါပဲ ။
အလုပ်ပြုတ်ပြီး ရန်ကုန်ပြန်ရောက်လာတဲ့  ယောကျာ်းက ကလေး ရဲ့  အဖြစ်ကို မြင်တော့ ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။ရိုက်တယ်။ကလေးကို ထိန်းသိမ်မှု ညံ တယ်လို့  ဆိုတယ်။ စာမတက်လို့  ကလေးကို ကောင်းကောင်းမစီမံ နိုင်ကြောင်းယောကျာ်းရဲ့  အမျိုးတွေက ဝေဖန်တယ်။ပညာတက်တဲ့  မိန်းမ သာယူမိရင် ကလေးဒီလို ဖြစ်မှာမဟုတ်လို့  နောင်တ ရကြောင်း ပြောတယ်။သူမ ငို ရပြန်တယ်။သူမ မှာ မေးခွန်းရှိတယ် ဆေးရုံမှာ ပညာမတက် တဲ့  မိန်းမ က တစ်ယောက် တည်းမလည်မ၀ယ် ဖြစ်နေမှန်းသိရက်နဲ့  ဘာကြောင့် ဘယ်အမျိုးတစ်ယောက် ကမှ ရောက်မလာတာလဲ လို့  မေးချင်တယ်။ဒါပေမဲ့  သူမ ရေလည်စွာ ရှင်းမပြတက်ဘဲ ကြိတ်ငို တာလောက်ပဲ လုပ်နိုင်တယ်။
သူမသားမူကြိုတက်ရမယ့် အရွယ်ကို ရောက်လာတယ်။သူများအမေ တွေ ကသားကို စာပြန်သင်ပေးတာကို သူ အားကျတယ်။ ၀ လုံး အော်ရေးနေတဲ့  သားဘေးမှာ ထိုင်ပြီး သားကို စာသင်ပေးချင်တယ်။ဒါပေမဲ့  သူမ စာမတက်ဘူး။ဒါနဲ့  က ကြီးခ ခွေး က အစ ABCD ၀မ်းတူးသရီးဖိုး စတဲ့  အက္ခရာတွေ ကို ယောက်ျားဆီမှာ ပြန်သင်တယ်။မကြာဘူး သူ မြန်မာစာ ကိုအနည်းအကျင်းစာလုံးပေါင်းတက်ပြီး အဂ်လိပ်စာABCD ကို အချိန်တိုအတွင်းမှာ သူမ ရေးတက်လာတယ်။ဟုတ်တယ်လေ သူမက ဥာဏ်ကောင်းတာကိုး။ဂဏန်းအပေါင်းအနုတ်ကတော့ သူမအတွက် လွယ်တယ်။တစ်ချိန်က ဈေးရောင်းဖူးတာကိုး ။ဒါနဲ့  ပဲ သူ့ သားကို သူစာသင်ပေးနိုင်လာတယ်။ဒါပေမဲ့ ပထမ တန်းလောက်ထိပါပဲ။
အလုပ်မရှိတဲ့  ယောကျာ်းရဲ့  လက်ကျန်ငွေတွေ ကို ချေးပြီး ရတဲ့  အတိုးနဲ့  အိမ်စာရိတ်ကို လောက်င အောင်ချွေတာ သုံးရတာ ကြာလာတော့သူမ အတွက် ခက်ခဲလာတယ်။ ဈေးတစ်ရက်သွားဝယ်ဖို့ ဟာ သူ မအတွက်မဟာစွန့့်စားခန်းကြီးဖြစ်လာတယ်။သစ်သီးတွေ သိပ်ကြိုက်တဲ့  သူမ ဟာ သစ်သီးနေရာ မှာ စာအုပ်ဘောပင်တွေ နေရာယူလာခဲ့ တယ်။ရှမ်းခေါက်ဆွဲ နေရာ မှာ သားရဲ့  ကျောင်းစာရိတ်ဖြစ်လာတယ်။သူမ ပြောတယ်…. ငါ့သား ငါ့လို စာမတက်လို့  အနှိမ်ခံ ရတဲ့  အဖြစ်မျိုးမဖြစ်စေရဘူး တဲ့ ။နေ့ စဉ်အရက်သောက်တဲ့  ယောက်ျားရဲ့  အမြည်း၊ ရေ ၊ ၀တ်ကြီးဝတ်ငယ် ကို လည်း အမြဲမလပ် ဆောင်ရွက်ပေးတယ်။အရက်မူးပြီး ရန်လုပ်တာလည်းခံ ရတယ်။ အရိုက်လည်း ခံ ရတယ်။ တစ်ရက်မှာ အမူးလွန်ပြီး လိုက် ရိုက် လို့  ဆယ်တန်းစာကျက် နေတဲ့  သားကို ခေါ်အိမ်သာ ထဲ မှာ Lock ချ ပြီး တစ်ညလုံးတူတူ ပုန်းခဲ့  ကြတယ်။အိမ်သာထဲမှာ သူမ ငို တယ်။သူမ သားလည်း ငိုတယ်။သူမ က ထွေထွေထူးထူး သားကို မဆုံးမ တက်ဘူး ။တစ်ခု ပဲ ပြော တယ်…။တွေ့ လား သား….. အရက်မသောက် နဲ့ တဲ့  ။သူ့ သားပညာတက်ကြီး ဖြစ်ရင် ပိုက်ဆံ ရှာ ပြီး သားအမိ နှစ် ယောက်တူတူ အိမ်ပြောင်း နေဖို့  သူမ စိတ်ကူးထားတယ်။
သူမ ကို အငြိုးထားထားတဲ့  ယောကျာ်း ကို ကွာရှင်းဖို့ ကြိုးစားတိုင်း သူမ သား မိထွေးနဲ့  နေရမှာ ကို စိုးရိမ်တယ်။ဒါကြောင့် ဘယ်လောက်ပဲ ရန်ဖြစ်ပါစေ ဘယ်တော့မှ မကွာ ရှင်ဘူး။သူ့ သား ကို မိထွေးနဲ့  နေရတဲ့  အဖြစ်မျိုး လုံးဝ အဖြစ်မခံဘူး။
မာမားရေ…. သား စာမေးပွဲအောင်တယ်..။အော်ပြီးပြေးလာတဲ့  သား ကို ရုပ်ရှင်ထဲမှာ လို ပြေးဖက်တာ တို့  ထခုန်တာတို့  မလုပ်ဘူး.။ဒါကရုပ်ရှင်မှ မဟုတ်တာ။သူမ ရဲ့  မျက်နှာ မှာ ရှုပ်ထွေးတဲ့  အရိပ်အယောင်တစ်ခု ထင်ဟပ်သွားတယ်။အတိုးရတဲ့  အိမ်ရဲ့ တစ်ခုတည်းသော ၀င်ငွေ နဲ့  သား ကို တက္ကသိုလ်ပို့ ဖို့  မဖြစ်နိုင်မှန်းသူမ ကောင်းကောင်းသိတာ ကိုး။ဒါပေမဲ့  သူမ သား ကို မရရအောင် အင်ဂျင်နီယာကျောင်းထားနိုင်ခဲ့  တယ်။သားက ကျောင်းမှာဆိုးတယ်။ရည်းစားထားတယ်။အရက်သောက်တက်လာတယ်။ကျောင်းခေါ်ချိန်မမှန်လို့  မကြာခဏ ရုံးခန်း လိုက်တွေ့ ရတယ်။သား ကို ဆုံးမ ဖို့  ကြံလိုက်တိုင်း သားရဲ့  ကြွယ်ဝလှတဲ့  အကြောင်းပြချက်များစွာ ထဲ မှာ အငွေပျံသွားတာချည်းပဲ ။သူမ ပြောတယ် ။ကျောင်းတက်တဲ့ စာရိတ် ကို ငါ နင့် အဖေ ဆီမှာ ကျွန်လို အလုပ်လုပ်ပြီး ထားပေးရတာ ကြိုးစားစမ်းတဲ့ ။ယောကျာ်းဖြစ်သူက အရက်ပြတ်တော့ ၀မ်းသာမယ် မကြံ ရသေးဘူး သားလုပ်သူ က အရက်သောက်တက်လာတယ်။မူးပြီး အိမ်လှေကားမှာ အိပ်တက်လွန်းလို့  မကြာခဏ အိမ်ပေါ်တွဲခေါ်ရတယ်။
ဒါပေမဲ့  သား ဖြစ်သူ က အလုပ်ဝင်တော့ ပထမဆုံးပေးတဲ့  လစာ ကို သူမ ခုံမင်တယ်။သားဖြစ်သူ ပြန်အပ်တဲ့  လစာ ကို သူမ နှစ်ခြိုက်တယ်။သားဖြစ်သူ ပရဟိတ အလုပ်တွေ လုပ်တော့သူမ မျက်ရည်ဝဲတယ်။
အခုတော့သူမ ဟာ မိန်းကလေးအဆောင် တွေ ဖွင့်ပြီး အဆောင်မှူးလုပ်နိုင်လောက်တဲ့  အထိ သူမ ငွေရှာ လာနိုင်ခဲ့ တယ်။
သူမ က ဥာဏ်ကောင်းတယ်
သူမ ကခေါင်းမာတယ်
သူမ က မီးပူ ၊ထမင်းပေါင်းအိုးပြင်တက်တယ်
မီးချောင်း လဲတက်တယ်
စက်ချုပ်တက်တယ်
ထမင်းချက်ကောင်းတယ်
ကိုရီးယားကားကြိုက်တယ်
ဒါပေမဲ့ 
အင်တာနက် ကို သူမ မသိဘူး
ရော်နယ်ဒို ကို သူမ မသိဘူး
PSY ကို သူမ မသိဘူး။
သူများအမေ တွေ ထက် နို့ ချိုရည် ပိုမထွက်ခဲ့ပါဘူး။ဒါပေမဲ့  သူမ မျက်ရည်တွေတော့ပိုထွက်ခဲ့တယ်
လူတိုင်းမှာ အမေ ရှိကြပါတယ်။ကျတော့်မှာလည်း အမေ ရှိတယ်။သူမ ဟာ ကျတော့် အမေပါပဲ။
အမေဟာ ကျတော့ကို စာမတက်ပေမဲ့  ၀ လုံးဝိုင်းအောင်ရေးတက်ဖို့  သင်ပေးခဲ့ ပေမဲ့  ကျတော့်က ခုချိန်ထိ အမေ အကြောင်းကို စာလုံးမပေါင်းတက်သေးပါဘူးအမေ။
စိုင်းမင်းထက် အန်ကယ်စိုင်း
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment