ဖားကန့်ဒေသ၌ ဖြစ်ပွားခဲ့သော စွန့်ပစ်မြေစာပုံပြိုကျမှုတွင် မြေစာပိ သေဆုံးသွားသူများအား နှစ်ရက်ကြာ ရှာဖွေပြီးနောက် ရပ်နား
Tuesday, March 10, 2015
ဖားကန့်ဒေသတွင် မတ် ၆ ရက်က ဖြစ်ပွားခဲ့သော ပေ ၁၀၀၀ ကျော်မြင့်သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှု ဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာဖွေသူ အမြောက်အမြား နစ်မြုပ်သွားရာ ရာဇဋ္ဌာနီကုမ္ပဏီမှ နှစ်ရက်ကြာ ရှာဖွေမှု ပြုလုပ်ပေးပြီးနောက် မတ် ၉ ရက်တွင် ရှာဖွေမှုအား ရပ်နားလိုက်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကုမ္ပဏီဝန်ထမ်းများက ပြောကြားသည်။
ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်နေသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့ ဒီနေ့ မနက်ပိုင်းကတည်းက ရပ်လိုက်တာပါ။ သေဆုံးသူတွေနဲ့ သက်ဆိုင်သူတွေရဲ့ ဆန္ဒကလည်း မြေစာဖော်ရမှာ အရမ်းများတယ်။ နောက်ထပ်လည်း ပြိုလာနိုင်တာကြောင့် ရပ်နားလိုက်ရတာပါ။ ဖော်မယ်ဆိုရင်တောင် ဘက်ဟိုး ၁၀ စီးလောက်နဲ့ လ၀က်နီးပါး ဖော်ရမယ့်သဘော ရှိတယ်။ မြေအောက်ထဲ ရောက်နေသူတွေ ရှိပေမယ့် အလောင်းတစ်လောင်းမှ ပြန်မရခဲ့ပါဘူး” ဟု ဆိုသည်။
အဆိုပါ မြေစာပုံမှာ ကွမ်းခါကျေးရွာနှင့် ရှမ်းစုကျေးရွာအကြားတွင် တည်ရှိပြီး ကျောက်မျက်ကုမ္ပဏီကြီးများဖြစ်သည့် ရာဇဋ္ဌာနီနှင့် အောင်ဟိန်းမင်းကုမ္ပဏီတို့မှ စွန့်ပစ်နေဆဲ မြေစာပုံတစ်ခု ဖြစ်သည်။ မြေစာပုံပြိုကျရခြင်း အကြောင်းမှာ မြေစာပုံအောက်ခြေတွင် ရေများလှိုက်စားပြီး မြေစာများပြတ်တောက်ကာ ပြိုကျခြင်းဖြစ်ပြီး ရေမဆေးကျောက်ရှာသူ ၅၀ ထက်မနည်း သေဆုံးနိုင်ကြောင်း မြေစာပုံပြိုကျရာမှ ထွက်ပြေးလွတ်မြောက်လာသူများက ခန့်မှန်းပြောဆိုကြသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးပိုင်းကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ပျောက်ဆုံးစာရင်း လူကိုးဦးစာရင်း တက်လာရာတွင် ခုနစ်ဦး ပြန်လည်ရောက်ရှိလာပြီး နှစ်ဦးသာ ပျောက်ဆုံးကြောင်း၊ ရှာဖွေမှုမှာ နောက်ထပ်မြေပြိုမှုနှင့် ပြန်လည်ကြုံတွေ့နိုင်သဖြင့် ရပ်နားလိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က “ကျွန်တော်တို့ဆီကို စာရင်းတက်လာတာ ကိုးဦးရှိပြီး ခုနစ်ဦး ပြန်ရောက်လာလို့ နှစ်ဦးပဲ ပျောက်ပါတယ်။ ရှာဖွေမှုကိုတော့ နောက်ထပ်မြေပြိုမှုတွေ ရှိလာမှာကြောင့် လောလောဆယ် ရပ်နားထားပါတယ်။ အလောင်းတစ်လောင်းမှ မရပါဘူး။ ပျောက်ဆုံးသူတွေက မမုံကျေးရွာက လင်းလင်းနဲ့ ကမ္ဘာလွမ်း ဖြစ်ပါတယ်။ အဲဒီနှစ်ယောက်ကတော့ သေချာတယ်လို့ ပြောရပါမယ်။ တခြားကျေးရွာကို စုံစမ်းကြည့်တော့ စာရင်းတက်လာတာ မရှိဘူး” ဟု ပြောကြားသည်။
အဆိုပါ ပြိုကျသော မြေစာပုံသည် အလျားပေ ၂၀၀၀ ခန့် အမြင့်ပေ ၈၀၀ ခန့် အနံပေ ၂၀၀ ကျော်ခန့် ပြိုကျခဲ့ခြင်းဖြစ်ပြီး ယင်းမြေစာပုံ အနီးဝန်းကျင်တွင် ကျေးရွာအတွင်း မှီခိုနေထိုင်ခြင်း မရှိသည့် ရေမဆေးတဲ အမြောက်အမြား ရှိနေကြောင်း သိရသည်။
ယခုကဲ့သို့ မြေပြိုကျသည့် ပုံစံမျိုးကို ဇန်န၀ါရီ ၆ ရက်က မော်မောင်းဘွမ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးမည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း အလောင်းလေးလောင်းသာ ရှာဖွေတွေ့ရှိပြီးနောက် ရပ်နားခဲ့ကြသည်။
ဖားကန့်ဒေသတွင် မှော်စီဇာ၊ မက်လင်ချောင်၊ မျောက်ဖြူ၊ ကုလားကုန်း၊ ဆိုင်းတောင်၊ တာမခံ စသည့်ဝန်းကျင်မှော်များမှာ မကြာခဏ မြေပြိုမှု ဖြစ်ပွားတတ်ပြီး သေဆုံးသူများ၊ ဒဏ်ရာရသူများ ရှိတတ်ကြောင်း ကျောက်တူးသူများနှင့် ဒေသခံများက ပြောကြားသည်။
ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ရှိပြီး မကြာခဏ မြေပြိုမှုများကြောင်း တစ်နှစ်လျှင် လူ ၃၀၀ ကျော် သေဆုံးနေသည်ဟု မှတ်တမ်းများအရ သိရသည်။
ဖားကန့်ဒေသ၌ ဖြစ်ပွားခဲ့သော စွန့်ပစ်မြေစာပုံပြိုကျမှုတွင် မြေစာပိ သေဆုံးသွားသူများအား မတ် ၇ ရက်က ဘက်ဟိုးတစ်စီးဖြင့် ရှာဖွေနေသည်ကို တွေ့ရစဉ်
mohnyinnews@gmail.com Viber +95939972266
No comments:
Post a Comment