“မြွေနှင့်တွင်းသို့”
ညတုန်းက အိပ်မပျော်ပါဘူး။ ဟိုစဉ်းစားသည်စဉ်းစား စဉ်းစားနေရင်းနဲ့ ကောက်သော် ကောက်ချင်း မြွေနှင့်တွင်းသို့အစချီတဲ့ မဃဒေ၀လင်္ကာသစ်ကျမ်းမှာပါရှိတဲ့ လင်္ကာတစ်ပုဒ် ကို ပြန်စဉ်းစားမိပါတယ်။ ဆရာသမားတွေ ဆိုပြဖူးလို့ တစ်ပိုင်းတစ်စ မှတ်မိနေတာပါ။ ဒါနဲ့ အိုင်ပက်ထဲမှာ မဃဒေ၀လင်္ကာသစ်ကျမ်းထည့်ထားတာဖြစ်လို့ ထိုလင်္ကာပိုဒ်ကို အလွယ် တကူပဲ ရှာတွေ့ပါတယ်။ အိုင်ပက်သာမရှိရင်တော့ ခေါင်းပူအောင် ရှာယူရမယ်ထင်ပါ တယ်။
“မသူ့တော်လျောက် သူကကောက်မူ ကောက်သော်ကောက်ချင်း မြွေနှင့်တွင်းသို့ ဤလောက၌ ကိစ္စပြီးလို ရှေးအဟိုက သံကိုကြွက်စား သားကိုစွန်ချီ ရွှေနီကားကြေး ရင်သွေးမျောက်ဖြစ် လူစစ်တသီး သမီးဆိတ်မ ပုံကိုဆ၍ ၀င်္က၀င်္ကီ ပလီဥာဏ်ဆိုး ထိုလူမျိုးကို အိုးရွဲ့စလောင်း ပိတ်တုံးရှောင်းသို့ စောင်းလျှင်စောင်းတူ တည့်မူတည့်လိုက် မှုချင်းတိုက်လော့”လို့ စပ်ဆိုထားတာကို ပုတ္တောဝါဒခဏ်း ပိုဒ်ရေ၂၁၇မှာ တွေ့ရှိရပါတယ်။
လင်္ကာရဲ့ဆိုလိုရင်းကတော့ ရှင်းပါတယ်။ တွင်းကကောက်နေရင် မြွေကလည်း ကောက်ပြီး ၀င်မှ ၀င်လို့ရပါမယ်။ တွင်းကောက်နေတာကို မြွေကဖြောင့်ဝင်ရင် မြွေဟာ နာကျင်မှုကို လည်း ခံစားရမယ်။ တွင်းထဲကိုလည်း ၀င်လို့ရမှာမဟုတ်ပါဘူး။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံးမှ လုံတယ်။ လူကောက်ကို ကောက်ကောက်ပြန်ဆက်ဆံမှ လိုရာပြီးမယ်လို့ ဆိုလိုတာဖြစ်ပါ တယ်။ ဒီဥပဒေသအတိုင်း ရှေးတုန်းက အောင်မြင်ခဲ့တဲ့သူတွေရှိတယ်လို့ ဥပမာ သုံးမျိုးကို လည်း မန်လည်ဆရာတော်ကြီးက လင်္ကာမှာထည့်ပေးထားပါတယ်။ ထိုဥပမာသုံးမျိုးထဲက ရွှေနီကားကြေး ရင်သွေးမျောက်ဖြစ်ဆိုတဲ့ ဥပမာကိုတော့ မိမိအနေနဲ့ ဇဝေဇ၀ါဖြစ်နေလို့ ပြောမပြတော့ပါဘူး။ သံကိုကြွက်စား သားကိုစွန်ချီဆိုတဲ့ ဥပမာနဲ့ သမီးဆိတ်မဆိုတဲ့ ပုံဝတ္ထုကို ပြောပြပေးချင်ပါတယ်။
သံကိုကြွက်စား သားကိုစွန်ချီဆိုတဲ့ ဥပမာက ဇာတကအဋ္ဌကထာလာ အကြောင်းအရာ တစ်ခု၊ ပုရာဏ်ကျမ်းလာ အကြောင်းအရာတစ်ခု စုစုပေါင်းနှစ်ခုရှိပါတယ်။ ဇာတကအဋ္ဌက ထာလာအကြောင်းအရာက လူအများစုသိနေကြတာမို့ ပုရာဏ်ကျမ်းလာ အကြောင်းအရာ ကိုပဲ ပြောပြပေးပါမယ်။
ကမ္ဘာဦးကာလလောက်က ဗာရာဏသီပြည်ကို မဟာသမ္မတမင်းကြီး မင်းလုပ်အုပ်ချုပ် တော်မူပါတယ်။ ထိုစဉ်အခါတုန်းက ဗာရာဏသီပြည်မှာ ဓနစိတ္တသူကြွယ်နဲ့ ၀ဍ္ဎနသူကြွယ် ဆိုတဲ့ သူငယ်ချင်းနှစ်ဦးရှိကြပါတယ်။ တစ်နေ့သောအခါမှာ ဓနစိတ္တသူကြွယ်က “သူငယ် ချင်းဝဍ္ဎန သမုဒ္ဒရာတစ်ဖက်ကမ်းရှိ ကျွန်းတစ်ကျွန်းမှာ သံနဲ့ရွှေကို နိုင်းချင်းလဲတယ်လို့ ကြားရတယ်။ မင်းနဲ့ငါ သင်္ဘောတစ်စင်းစီနဲ့ သံများတင်ဆောင်ပြီး ထိုကျွန်းကို သွားကြရ အောင်။ တကယ်လို့များ တစ်ယောက်ယောက်က သင်္ဘောပျက်ခဲ့ရင် မပျက်ပဲ ကျွန်းပေါ် ရောက်သွားတဲ့သူက သင်္ဘောပျက်တဲ့သူကို ရွှေတစ်ဝက်ခွဲဝေပေးကြရမယ်”လို့ ပြောဆိုပါ တယ်။ ထိုစကားအတိုင်း ၀ဍ္ဎနသူကြွယ်ကလည်း သဘောတူလိုက်ပါတယ်။ ထို့နောက် သဘောင်္ကိုယ်စီနဲ့ ထိုကျွန်းကို ကုန်သွယ်သွားကြပါတယ်။
ဝဍ္ဎနသူကြွယ်ရဲ့ သင်္ဘောက သမုဒ္ဒရာအလယ်မှာ မုန်တိုင်းမိပြီးတော့ ပျက်ပါတယ်။ သင်္ဘောသားငါးရာလုံးလည်း သေဆုံးပါတယ်။ ကံကောင်းထောက်မပြီး ၀ဍ္ဎနသူကြွယ်တစ် ယောက်ပဲ အသက်မသေပဲ သစ်တုံးတစ်တုံးဖက်ပြီး ကမ်းပြန်ကပ်လာပါတယ်။ ရှိသမျှအ ကုန်ရင်းထားတာမို့ ၀ဍ္ဎနသူကြွယ်ဟာ လူဆင်းရဲဖြစ်သွားပါတယ်။ ဓနစိတ္တသူကြွယ်က တော့ ထိုကျွန်းကို ချောချောမောမော ရောက်ရှိသွားပါတယ်။ သတင်းကြားထားရတဲ့အ တိုင်းပဲ ထိုကျွန်းက သံနဲ့ရွှေကို နိုင်းချင်းလဲလှယ်ပါတယ်။ ဓနစိတ္တသူကြွယ်ဟာ မိမိဒေသရှိ ဆိပ်ကမ်းပြန်မကပ်ပဲ အခြားမြို့ရွာရှိ ဆိပ်ကမ်းမှာ သင်္ဘောကပ်ပြီး ရွှေများကို လုံခြုံရာမှာ သိုဝှက်သိဆည်းကာ အ၀တ်စုတ်များဝတ်ပြီး လူဆင်းရဲအသွင်နဲ့ အိမ်ကိုပြန်လာပါတယ်။ ရပ်ရွာအ၀င်မှာ ၀ဍ္ဎနသူကြွယ်အကြောင်း သူက စုံစမ်းပါတယ်။ ၀ဍ္ဎနသူကြွယ် သင်္ဘောပျက် ပြီး ပြန်ရောက်လာလို့ လူဆင်းရဲဖြစ်သွားပြီလို့ သိရှိလိုက်ရပါတယ်။
ဓနစိတ္တသူကြွယ်ပြန်ရောက်လာပြီလို့ ကြားသိရတဲ့ ၀ဍ္ဎနသူကြွယ်က သွားရောက်တွေ့ဆုံပါ တယ်။ ဓနစိတ္တသူကြွယ်က သူထံရောက်ရှိလာတဲ့ ၀ဍ္ဎနသူကြွယ်ကို ညှိုးညှိုးငယ်ငယ်နဲ့ လက်ခံစကားပါတယ်။ ကျွန်းကို ချောချောမောမောရောက်ရှိသွားကြောင်း၊ ပါလာတဲ့သံ တွေနဲ့ ရွှေနဲ့ နိုင်းချင်းလဲလှယ်ရတော့မယ် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ပါလာသမျှသံတွေကို သင်္ဘောပေါ်ကနေချပြီးတော့ ဆိမ်ကမ်းက ဂိုဒေါင်းတစ်ခုထဲမှာ ထည့်ထားကြောင်း၊ နောက်တစ်နေ့မှာ ကျွန်းသူကျွန်းသားတွေ ရွှေနဲ့သံလာလဲကြလို့ ဂိုဒေါင်ဖွင့်ကြည့်လိုက်တဲ့ အခါမှာ ကြွက်ချေးတွေသာ တွေ့ရှိလိုက်ရကြောင်း၊ ဂိုဒေါင်ထဲထည့်ထားတဲ့ သံတွေကို ကြွက်က အကုန်စားသွားကြောင်းစသဖြင့် ပြောပြပါတယ်။
ဒါနဲ့ ရိုးအလှတဲ့ ၀ဍ္ဎနသူကြွယ်က စိတ်မကောင်းမဖြစ်သင့်ကြောင်း၊ အသက်မသေတာပဲ ကံကောင်းလှပြီဖြစ်ကြောင်း နှစ်သိမ့်ပြောဆိုပေးပြီးတော့ အိမ်ပြန်လာပါတယ်။ သူတို့နှစ် ယောက် ပြောဆိုနေတာကိုကြားသိရတဲ့ ဓနစိတ္တသူကြွယ်ရဲ့ အိမ်နီးနားချင်းတစ်ယောက်က ၀ဍ္ဎနသူကြွယ်အိမ်သွားပြီးတော့ ဓနစိတ္တသူကြွယ် လိမ်လည်နေတာဖြစ်ကြောင်း သံကို ကြွက်မစားနိုင်ကြောင်း၊ အကောက်ကို အကောက်နဲ့ ကြံဆောင်အနိုင်ယူသင့်ကြောင်း ပြော ပြပါတယ်။
ထိုကဲ့သို့ အကြံပေးချက်အရ နောက်တစ်နေ့မှာ ၀ဍ္ဎနသူကြွယ်ဟာ ဓနစိတ္တနသူကြွယ်ဆီကို ထပ်သွားပါတယ်။ ကိစ္စတစ်ခုရှိလို့ သားဖြစ်သူကို သူ့အိမ်ခဏထည့်ပေးလိုက်ပါလို့ ပြောပါ တယ်။ ဓနစိတ္တသူကြွယ်ကလည်း သူ့သားကို ၀ဍ္ဎနသူကြွယ်နဲ့ ထည့်ပေးလိုက်ပါတယ်။ ကလေးပြန်မလာလို့ ဓနစိတ္တသူကြွယ်က လိုက်ခေါ်တဲ့အခါမှာ ၀ဍ္ဎနသူကြွယ်က အလွန် စိတ်မကောင်းဖြစ်ရတဲ့ဟန်ပန်နဲ့ ကလေးကို စွန်ချီသွားကြောင်း ပြောပြပါတယ်။ ဒါနဲ့ ငြင်းခုံ ရန်ဖြစ်ပြီးတော့ မဟာသမ္မတမင်းထံ သွားရောက်အဆုံးအဖြတ်ခံယူကြပါတယ်။ မဟာသမ္မ တမင်းကလည်း သူကြွယ်နှစ်ယောက်ရဲ့ စကားကိုနားထောင်ပြီး အကောက်ကို အကောက် ကြံနေတာဖြစ်တယ်လို့ သိရှိပြီးတော့ ရွှေတစ်ဝက်ခွဲပေးရန်၊ ကလေးကိုလည်း ပြန်ပေးရန် အမိန့်ချမှတ်လိုက်ပါတယ်။ အခု သမီးဆိတ်မဆိုတာကို ဆက်ပြောပြပေးပါမယ်။
တစ်ခါတုန်းက တိုင်းပြည်အသီးသီးကို သင်္ဘောတစ်စင်းနဲ့ လှည့်လည်ပြီး ကုန်ရောင်းကုန် ၀ယ်ပြုလုပ်နေတဲ့ ကုန်သည်ကြီးတစ်ယောက်ရှိပါတယ်။ သူဟာ တစ်နေ့သောအခါမှာ တိုင်းပြည်တစ်ခုကို သွားရောက်ပါတယ်။ သူ့သင်္ဘောကပ်တဲ့ ဆိပ်ကမ်းမှာ လူတစ်ယောက် က ဆိတ်ထီးတစ်ကောင်ကို ထိန်းကျောင်းနေပါတယ်။ ထိုဆိတ်ထီး အိမ်ပြန်တဲ့အခါမှာ ကုန်သည်ကြီးမွေးထားတဲ့ သင်္ဘောပေါ်က ဆိတ်မတစ်ကောင်ကလည်း သင်္ဘောပေါ်ကနေ ခုန်ဆင်းချပြီးတော့ ဆိတ်ထီးနောက်ကို လိုက်သွားပါတယ်။ ဒါနဲ့ ကုန်သည်ကြီးက ဆိတ် ထီးပိုင်ရှင်ရဲ့အိမ်လိုက်သွားပြီးတော့ သူ့ဆိတ်မကို ပြန်သွားခေါ်ပါတယ်။ ဆိတ်ထီးပိုင်ရှင်က ဆိတ်မက သူ့ဆိတ်ထီးနောက် သူ့သဘောနဲ့သူ လိုက်ပါလာတာမို့ ပြန်မပေးနိုင်ကြောင်း ပြောဆိုပါတယ်။ ဒါနဲ့ အငြင်းအခုန်ဖြစ်ပြီးတော့ တရားရုံးရောက်ပါတယ်။ တရားသူကြီးက လည်း ဆိတ်မက ဆိတ်ထီးရှိရာကို သူ့သဘောနဲ့သူ လိုက်သွားတာမို့ ဆိတ်မကို ဆိတ်ထီး ပိုင်ရှင်က ပိုင်ဆိုင်ကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။
ကုန်သည်ကြီးဟာ စိတ်မချမ်းမသာဖြစ်ပြီးတော့ ခေါင်းငိုက်စိုက်နဲ့ သင်္ဘောဆီပြန်သွားပါ တယ်။ သင်္ဘောရောက်တဲ့အခါမှာ သင်္ဘောသားတစ်ယောက်ကို ခေါ်ပြီးတော့ အမျိုးသမီး ငယ်တွေ ကြိုက်နှစ်သက်တဲ့ ကုန်ပစ္စည်းတွေကို ယူငင်စေပြီး တရားသူကြီးရဲ့သမီးကို သွား ပေးဖို့ စေခိုင်းပါတယ်။ ပေးပါများလာတဲ့အခါမှာ တရားသူကြီးသမီးက သင်္ဘောဆီလာပြီး တော့ ကုန်သည်ကြီးကို တွေ့ဆုံပါတယ်။ ကုန်သည်ကြီးက တရားသူကြီးရဲ့သမီးကို ပြန်မ လွှတ်တော့ပါဘူး။ ထိုအကြောင်းကို ကြားသိတဲ့ တရားသူကြီးက ဘုရင်ကို သွားတိုင်ပါ တယ်။ ဘုရင့်ရှေ့တော်မှောက် ရောက်ရှိတဲ့အခါမှာ ကုန်သည်ကြီးက ဆိတ်ထီးနောက်ကို ဆိတ်မက သူ့သဘောနဲ့သူလိုက်သွားရင် ဆိတ်ထီးပိုင်ရှင်က ဆိတ်မကို ပိုင်ဆိုင်တယ်လို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ဘူးကြောင်း၊ ဒါကြောင့် တရားသူကြီးသမီးက သူ့ထံကို သူ့ သဘောနဲ့သူလာရောက်တဲ့အတွက် တရားသူကြီးသမီးကိုလည်း သူပိုင်ဆိုင်သင့်ကြောင်း လျှောက်တင်ပါတယ်။ ရှေ့ဖြတ်ထုံးရှိတာကြောင့် ဘုရင်ကလည်း တရားသူကြီးသမီးကို ကုန်သည်က ပိုင်ဆိုင်စေလို့ အမိန့်ချမှတ်လိုက်ရပါတယ်။
ဝဍ္ဎနသူကြွယ်ရော ကုန်သည်ကြီးပါ သူတို့အပေါ် ကောက်တဲ့သူတွေကို ကောက်သော် ကောက်ချင်း မြွေနှင့်တွင်းသို့ဆိုတဲ့ နည်းလမ်းနဲ့ ပြန်ပြီး အနိုင်ယူခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီဥပဒေသဟာ အသုံးပြုသင့်တဲ့ ဥပေဒသဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ ဒီဥပဒေသ နဲ့ပတ်သက်လို့ ဒီဥပဒေသအတိုင်း ပြဿနာကိုဖြေရှင်းသင့် မဖြေရှင်းသင့်ဆိုတာကို အင်းဝ ဘုရင်မင်းကြီးစွာက ၀န်ဇင်းမင်းရာဇာအမတ်ကြီးကို မေးခဲ့ဘူးပါတယ်။
“အရှင်မင်းကြီး ကောက်ကျစ်သောသူသည် အောင်ဖန်သော်ကား များ၏။ အကျိုးသော် ကား နည်းချေ၏။ အပါယ်လေးဘုံ၌လည်း ခံစားရ၏။ အကောက်အကျစ်မရှိ ဖြောင့်မတ် သောသူတို့၏ အရေးသော်မူ အောင်ဖန်သော်ကား နည်း၏။ အကျိုးသော်ကား ဖွင့်ဖြိုး၏။ အနေလည်းကျ၏။ ဘုရားစသော သူတော်ကောင်းတို့ ချီးမွမ်း၏။ ကောင်းသော အလားသို့ လည်း လားရ၏”လို့ ၀န်ဇင်းမင်းရာဇာအမတ်ကြီးက ပြန်လည်တင်လျှောက်ခဲ့ပါတယ်။
အထက်ပါပုံဝတ္ထုနှစ်ခုကို ထောက်ရှု့ပြီးတော့ ၀န်ဇင်းမင်းရာဇာအမတ်ကြီးရဲ့ လျှောက်တင် ချက်ကို အတော်များများက ဘ၀င်ကျလိမ့်မယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောက်သော်ကောက်ချင်းဆိုတဲ့ ဥပဒေသက မိမိတို့လူမှုဘ၀နဲ့ ပိုပြီး ဆက်စပ်နေတာ ကြောင့်ပါဖြစ်ပါတယ်။ ၀န်ဇင်းမင်းရာဇာအမတ်ကြီးရဲ့ လျှောက်တင်ချက်ကတော့ လက်ရှိ လူနေမှုဘ၀နဲ့ ကွာဟနေပါလိမ့်မယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေ စီးပွားရေးသမား တွေက ကြိုက်ကြလိမ့်မယ်မထင်ပါဘူး။ မကောက်မဖြစ် ကောက်လိုက်ရတာတွေ လက်ရှိ မိမိတို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ မကြာခဏ ကြုံတွေ့ကြရလိမ့်မယ်ထင်ပါတယ်။
အခြေအနေအကြောင်းကြောင်းတွေအရ လူနေမှုဘ၀ပြဿနာတွေကို ဖြေရှင်းကြတဲ့အခါ မှာ ကောက်သော်ကောက်ချင်း မြွှေနှင့်တွင်းသို့ဆိုတဲ့ ဥပဒေသအတိုင်း မလွှဲသာမရှောင် သာ ပြဿနာများကို ဖြေရှင်းကြရတဲ့သူတွေလည်း ရှိကြပါလိမ့်မယ်။ ထိုဥပဒေသအတိုင်း ပြဿနာများကို ဖြေရှင်းတဲ့အခါမှာ မယုတ်မာကြဖို့တော့ လိုပါတယ်။ မြန်မာစကားမှာက “ကောက်ကျစ်ယုတ်မာ”လို့ ရှိပါတယ်။ ဒါကြောင့် အခြေအနေအရ မလွှဲသာမရှောင်သာနဲ့ သူကောက်လို့ ကိုယ်ပြန်ကောက်ရရင်တောင်မှ အကောက်နောက်မှာ ယုတ်မာမှုပါမလာ အောင်တော့ သတိထားကြဖို့လိုပါတယ်။ ကောက်သော်လည်း မယုတ်မာကြဖို့လိုပါတယ်။
ဗျိုင်းတစ်ကောင်က နွေရာသီရောက်လို့ ရေခန်းခါနီးဖြစ်နေတဲ့ ရေအိုင်ထဲက ငါးတွေကို မိုးရာသီရောက်ချိန်အထိ ရေမခန်းနိုင်တဲ့ ကြာမျိုးငါးပါးနဲ့ဖုံးလွှမ်းနေတဲ့ ရေအိုင်ကြီးဆီကို တစ်နေ့ကို ငါးတစ်ကောင်နှုန်းနဲ့ သယ်ဆောင်ပြီးတော့ ပို့ပေးမယ်လို့ လိမ်ညာပြောဆိုပြီး တော့ ငါးတွေကိုဖမ်းစားတဲ့ ပုံဝတ္ထုကို အားလုံးလည်း ကြားဘူးကြပြီးသား ဖြစ်မှာပါ။ ထိုပုံ ၀တ္ထုမှာဆိုရင် ဗျိုင်းက ကောက်ကျစ်ယုတ်မာသူဖြစ်ပါတယ်။ သူဟာ လိမ်လည်တဲ့သူဖြစ် သလို ကတိမတည်သူလည်း ဖြစ်ပါတယ်။ နောက်ဆုံး ပုစွန်လုံးဟာ ဗျိုင်းလည်ပင်းကို တက်မနဲ့ညှပ်ပြီးတော့ ရေအိုင်ကိုပို့မပေးရင် လည်ပင်းပြတ်အောင် ညှပ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်။ ထိုစကားအရ ပို့ပေးရင်တော့ ဗျိုင်းလည်ပင်းကို မညှပ်ဖြတ် ဘူးဆိုတဲ့ သဘောလည်းသက်ရောက်ပါတယ်။ ရေအိုင်အစပ်ရောက်တဲ့အခါမှာ ပုစွန်လုံး ဟာ ဗျိုင်းလည်ပင်းကို ပြတ်သွားအောင် တက်မနဲ့ညှပ်ပြီးတော့မှ ရေအိုင်ထဲ ဆင်းသွားခဲ့ ပါတယ်။ ဒါကြောင့် ပုစွန်လုံးလည်း ဗျိုင်းနည်းတူ ကောက်ကျစ်ယုတ်မာသူသာဖြစ်ပါတယ်။
ကောက်သော်ကောက်ချင်း မြွေနှင့်တွင်းသို့ဆိုတဲ့ ဥပဒေသနည်းလမ်းအတိုင်း ပြဿနာများ ကို တတ်နိုင်သမျှ မဖြေရှင်းကြပဲ ရိုးရိုးဖြောင့်ဖြောင့်သာ ဖြေရှင်းကြဖို့ အထူးလိုအပ်ပါ တယ်။ သူတော်ကောင်းပညာရှိတွေက ယုတ်မာမှုမပါတဲ့ အကောက်ကိုလည်း မဖြောင့်လို့ နှစ်သက်ကြမှာမဟုတ်ပါဘူး။ ၀ဍ္ဎနသူကြွယ်ကတော့ တဘက်ကကောက်လို့ ပြန်ကောက်ခဲ့ ပေမယ့် မယုတ်မာခဲ့ပါဘူး။
ဒါကြောင့် ဓနစိတ္တသူကြွယ်လို ကိုယ်ကလည်း သူတစ်ပါးအပေါ်ကို စတင်ကောက်ကျစ် ယုတ်မာသူ မဖြစ်အောင် ပြုမူနေထိုင်ပြောဆိုကြဖို့ လိုအပ်ပါတယ်။ ပုဇွန်လုံးလို ကိုယ့်အပေါ် ကောက်ကျစ်ယုတ်မာသူကို ကောက်ကျစ်ယုတ်မာမှုနဲ့ ပြန်လည်မတုန့်ပြန်မိကြစေရန်လည်း အထူးသတိထားကြဖို့ လိုအပ်ပါတယ်။ မလွှဲသာမရှောင်သာလွန်းလို့ အကောက်ကို အကောက်နဲ့ ပြန်လည်ဖြေရှင်းရရင်လည်း ၀ဍ္ဎနသူကြွယ်လို ကောက်ရုံသက်သက်နဲ့ပဲ ပြဿနာကို ဖြေရှင်းကြဖို့ လိုအပ်ပါတယ်။ ကောက်ရုံသာကောက်ကြပါ။ ကောက်ကျစ် ယုတ်မာသူ မဖြစ်ကြပါစေနဲ့လို့ အထူးသတိပေးလိုပါတယ်။ (မိုးသု-မန္တလေး) “မြွေနှင့်တွင်းသို့”

ဒါကြောင့် ဓနစိတ္တသူကြွယ်လို ကိုယ်ကလည်း သူတစ်ပါးအပေါ်ကို စတင်ကောက်ကျစ် ယုတ်မာသူ မဖြစ်အောင် ပြုမူနေထိုင်ပြောဆိုကြဖို့ လိုအပ်ပါတယ်။ ပုဇွန်လုံးလို ကိုယ့်အပေါ် ကောက်ကျစ်ယုတ်မာသူကို ကောက်ကျစ်ယုတ်မာမှုနဲ့ ပြန်လည်မတုန့်ပြန်မိကြစေရန်လည်း အထူးသတိထားကြဖို့ လိုအပ်ပါတယ်။ မလွှဲသာမရှောင်သာလွန်းလို့ အကောက်ကို အကောက်နဲ့ ပြန်လည်ဖြေရှင်းရရင်လည်း ၀ဍ္ဎနသူကြွယ်လို ကောက်ရုံသက်သက်နဲ့ပဲ ပြဿနာကို ဖြေရှင်းကြဖို့ လိုအပ်ပါတယ်။ ကောက်ရုံသာကောက်ကြပါ။ ကောက်ကျစ် ယုတ်မာသူ မဖြစ်ကြပါစေနဲ့လို့ အထူးသတိပေးလိုပါတယ်။ (မိုးသု-မန္တလေး)
No comments:
Post a Comment