အမျက်ဒေါသဟူသည်
==============
ကျွန်ုပ်တို့ လူသားများသည် ပုထုဇဉ်များဖြစ်ကြသည့်အလျောက် အမျက်ဒေါသထွက်တတ်ကြ၏။ ဒေါသအနည်း၊ အများသာ ကွာခြား၏။ အချို့က ဒေါသပြင်းစွာထွက်တတ်၏။ အချို့က ဒေါသထွက်သော်လည်း ပြေလွယ်၏။ ပျောက်လွယ်၏။ အချို့ကား ပြေခဲပျောက်ခဲ၏။ ဒေါသကို တအုံနွေးနွေးမွေးထားသူ၊ တေးထားသူများလည်းရှိသေး၏။ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း မကျသည့်အခါ တိုင်း ဒေါသထွက်ကြ၏။ ဆန္ဒသည် ဘဝကို အမြဲတမ်းလိုက်လျောသည် မရှိ။ တစ်ခါတစ်ရံ ဖြစ်ချင်သောဆန္ဒနှင့် ဖြစ်နေ သောဘဝသည် ဖီလာကန့်လန့် ဖြစ်နေတတ်၏။ ထိုအခါ ဒေါသထွက်ကြ ရ၏။
ဒေါသသည် မကောင်း။ ဒေါသသည် စိတ်ကိုတိုစေ၏။ ရုပ်ကိုအိုစေ၏။ ဒေါသဟူသည် ပျက်စီးသောအကြောင်းတရားတည်း။ အချို့က ထွက်သော ဒေါသကို မထိန်းချုပ်နိုင်သဖြင့် အရာရာဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းတို့ ရောက်ရ၏။ အချို့က ဒေါသထွက်သော်လည်း ဒေါသကို အပြင်မထွက်။ ထိန်းချုပ်နိုင်စွမ်းရှိ၏။ သူကောင်းအမျက် အပြင်မထွက်ဆိုသည်အတိုင်း ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်စွမ်းရှိကုန်၏။
လူတို့၏သန္တာန်တွင် အကြောင်းမညီညွတ်သည့်အခါ ထွက်ပေါ်လာသော ဒေါသကို ထိန်းချုပ်သင့်ကြောင်းကို ငါးရာ့ငါးဆယ်နိပါတ်တော် စူဠဗောဓိ ဇာတ်၌ လူ့ဘဝတွင် ဇနီးမယားတော်စပ်ခဲ့သော ရသေ့မအား တိုင်းပြည် အုပ်ချုပ်မင်းလုပ်တော်မူသည့် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းက အာဏာ စက်ဖြင့် သိမ်းပိုက်သည့်အခါ ဒေါသမထွက်ဘဲ ဆိတ်ဆိတ်နေသော ဗောဓိ ရသေ့ကြီးက မင်းကြီးအား ဤသို့ဟောကြား ဆုံးမလေ၏။
''အရှင်မင်းကြီး၊ ငါ့အား အမျက်ဒေါသတို့ဖြစ်စေ၏။ သို့သော်မေတ္တာ ဘာဝနာဖြင့် တားမြစ်ပယ်ဖျောက်ထား၏။ အရှင်မင်းကြီး အမျက်ဒေါသ ထွက်သည်ရှိသော် အကျိုးစီးပွားကိုမမြင်၊ အမျက်ဒေါသမထွက်သည်ရှိသော် အကျိုးစီးပွားကို ကောင်းစွာမြင်၏။ သူမိုက်တို့ ကျင်လည် ကျက်စားရာ အာရုံဖြစ်သော အမျက်ဒေါသသည် ငါ့အားဖြစ်၏။ သို့ပါသော်လည်း ကိုယ် သန္တာန်မှ ပြင်ပသို့ မထွက်ပေ။
''အရှင်မင်းကြီး အမျက်ဒေါသ နှိပ်စက်ခြင်းခံရသူသည် ကုသိုလ်ကို စွန့်ပယ်သူဖြစ်၏။ ပြန့်ပြောသော မိမိ၏အကျိုးစီးပွားကို ပစ်ပယ်၏။ ကိလေ သာစစ်သည်ရှိသော အားကြီးသူတို့ကို နှိမ်နင်းနိုင်သော အမျက်ဒေါသသည် ကိုယ်သန္တာန်မှပြင်ပသို့မထွက်။
''အရှင်မင်းကြီး မီးပွတ်ခုံအား မီးပွတ်သည်ရှိသော် မီးသည် ဖြစ်လာ၏။ ထိုမီးသည် ပွတ်တိုင်ကိုပင် လောင်ကျွမ်း၏။ ထို့အတူပညာမရှိ၊ မိုက်မဲ လျက် အကျိုးစီးပွားကို မသိသောသူအား နင်လား၊ ငါလားချုပ်ချယ်သော အမျက်ဒေါသသည် ထွက်လာခဲ့၏။ ထိုအမျက်ဒေါသသည် ဖြစ်သောသူကိုပင် လောင်ကျွမ်း၏။ အရှင်မင်းကြီး မျက်ခြောက်၊ သစ်ရွက်ခြောက်တို့ရှိသော အရပ်၌ လောင်သောမီးသည် ပြန့်ပွားသကဲ့သို့ နည်းသောသူအား အမျက် ဒေါသသည်ပြန့်ပွား၏။ ထိုအမျက်ဒေါသသည် ပြန့်ပွားမှုအား လဆုတ် ပက္ခ၌ဖြစ်သော လမင်းကဲ့သို့ စည်းစိမ်ချမ်းသာသည် တရွေ့ရွေ့ဆုတ်ယုတ် ၏။
ဤသည်ကိုထောက်ရှုလျက် အမျက်ဒေါသကို တတ်နိုင်သရွေ့ ထိန်းချုပ် သင့်ပေသည်။ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်မိသဖြင့် အကျိုး စီးပွားများပျက်သုဉ်းကြရ၏။ အချို့အသက်ပင် ဆုံးရှုံးကြရသည်။ အချို့ ကြီးမားသော အမှုအခင်းများဖြစ်ကြ၏။ အချို့နှလုံးသွေးရပ်၍ အသက် ပျောက်ခဲ့ရ၏။ ဒေါသသည် ကြောက်စရာကောင်း၏။ ယုတ်စွအဆုံးဒေါသ နှင့်သေလျှင် ငရဲပင်ကျနိုင်သေး၏။ လူတိုင်းလူတိုင်းသည် ဒေါသရှိသည်က မှန်ပေ၏။ ထိုဒေါသကိုချုပ်တည်းနိုင်ဖို့သာလို၏။ ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ခြင်းသည်သာ အကောင်းဆုံးဖြစ်၏။ မည်သည့်ပြဿနာမဆို ဒေါသအလျောက် တုံ့ပြန်မည့်အစား အကောင်းဆုံးဖြေရှင်းနိုင်သည့် နည်းလမ်းကိုသာ စဉ်းစားသင့်၏။ ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာသင့်၏။ ဒေါသအလျောက် ပြုမူပြောဆိုခြင်းဖြင့် အကျိုးမရှိ။ အကျိုးသာယုတ်နိုင်၏။ သို့ပါ၍ မနောကံမြောက်ဖြစ်သော ဒေါသကို မိမိ၏စိတ်သန္တာန်၌သာ ဖြေဖျောက် အဆုံးသတ်သင့်၏။ ဝစီကံမြောက်ပြောဆိုခြင်း၊ ကာယကံမြောက် ပြုမူခြင်းတို့ဖြင့် အကျိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် အမျက်ဒေါသဟူသည် ပျက်စီးစေတတ်သော အကြောင်းတရားဖြစ်၍ အပြင်သို့မထွက်အောင် ထိန်းချုပ်အပ်ပေကြောင်း။ ။
မြင့်မောင်စိုး
No comments:
Post a Comment