Monday, August 24, 2015
မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်ကို ခဲနှင့်ပေါက်သည် ဆိုသည့် ဘုတ်ပြင်းမြို့နယ် NLD လူငယ်တာဝန်ခံကို ဖမ်းဆီး
မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်ကို ခဲနှင့်ပေါက်သည် ဆိုသည့် ဘုတ်ပြင်းမြို့နယ် NLD လူငယ်တာဝန်ခံကို ဖမ်းဆီး
Monday, August 24, 2015
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် NLD လူငယ်ခေါင်းဆောင်တစ်ဦးကို ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး နေအိမ်ကို ခဲနှင့် ပေါက်သည်ဟု စွပ်စွဲကာ သြဂုတ်လ ၁၅ ရက်နေ့တွင် ဘုတ်ပြင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံရသည့် လူငယ်၏ မိသားစုဝင်များထံမှ သိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့ ညတွင် မင်္ဂလာပွဲမှ ပြန်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လူငယ်တာဝန်ခံ ကိုနီရဲကို ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ်ကို ခဲဖြင့် ပေါက်သူကို ဖော်ထုတ်ပေးရန် ဘုတ်ပြင်းမြို့နယ် ရဲမှူးနှင့် ရဲအုပ်တို့က နေအိမ်တွင် လာရောက်အကူအညီ တောင်းခဲ့ပြီးနောက် အဖမ်းခံရခြင်း ဖြစ်သည်ဟု အဖမ်းခံထားရသည့် ကိုနီရဲ၏ ဖခင် ဦးသောင်းညွန့်က ပြောသည်။
“အိမ်လာပြောတုန်းက သားဆိုင်ကယ်နောက်က ကလေးတွေ ပစ်တယ်၊ အဲဒီကလေးတွေ ဘယ်သူဆိုတာ ပြောပေးဖို့ လာအကူအညီ တောင်းတာပဲ။ အခုက ဒီလို မဟုတ်တော့ဘူး၊ ရန်ကုန်အစည်းအဝေးက ပြန်လာတဲ့ သားကို လမ်းပိုင်းက ဆီးဖမ်းပြီး အချုပ်ထဲထည့် အမှုဖွင့်တယ်။ ရိုက်ပုတ်နှိပ်စက်မှုတွေ လုပ်ထားတယ်” ဟု ဖခင်ဖြစ်သူက ပြောပြသည်။
လက်ရှိ အဖမ်းခံထားရသည့် ကိုနီရဲ၏ ဆိုင်ကယ်နောက်တွင် ဆိုင်ကယ်သုံးစီး ပါလာသည်ကို တွေ့ရသည်ဟု အထက်ပါ ထွေ/အုပ်ရုံးမှ စာရေးက ပြောသည့်အတွက် အိမ်သို့ ယင်းသို့ လာမေးခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ကိုနီရဲ၏ မိဘများက ပြောသည်။
လာရောက်မေးမြန်းစဉ်ကပင် ခဲဖြင့် ပေါက်သည့် ဖြစ်စဉ်နှင့် ၎င်းနောက်တွင် အခြားသူများ ပါလာသည်ကိုပါ မသိဟု ကိုနီရဲက ပြန်ဖြေခဲ့ကြောင်း ၎င်း၏ မိဘများက ပြောကြားသည်။
ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ညနေပိုင်းတွင်သာ ကိုနီရဲကို တစ်ကြိမ်တွေ့ခွင့်ရပြီး နောက်ပိုင်းနေ့များတွင် စကားပြောခွင့် မပြုတော့ဟု ကိုနီရဲ၏ မိဘများက ပြောသည်။
ယင်းသို့ တွေ့ခွင့်ရစဉ်တွင် နံပါတ်တုတ်ဖြင့် ရိုက်နှက်ခံရသည်ဟု ကိုနီရဲက ပြောပြပြီး မျက်နှာဖူးရောင်ကာ ခြေသလုံးလည်း ညိုမည်းနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။
ယခုကဲ့သို့ မျက်မြင်သက်သေ မရှိဘဲ စွပ်စွဲဖမ်းဆီးထားသည့် ကိစ္စကို အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့သွားမည် ဖြစ်ကြောင်း ဖမ်းဆီးခံရသူ၏ ဖခင် ဦးသောင်းညွန့်က ပြောသည်။
ကိုနီရဲကို ဖမ်းဆီးသည့် ကိစ္စနှင့် ပတ်သက်ပြီး အခြေအနေအသေးစိတ်ကို သိနိုင်ရန် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ယင်းအမှုကို စခန်းမှူးကိုယ်တိုင် ကိုင်တွယ်နေသည့်အတွက် ဖြေကြားခွင့်မရှိဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ သို့ဖြစ်၍ ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တယ်လီဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
(Dawei Watch)
The Voice Weekly
No comments:
Post a Comment