Wednesday, September 9, 2015

လျင်မြန်သည့် ပရိုဆက်ဆာ၊ ပိုမိုကောင်းမွန်သည့် ကင်မရာနှင့် 3D Touch ပါဝင်သော iPhone 6S နှင့် 6S Plus ကို Apple မိတ်ဆက် =========

လျင်မြန်သည့် ပရိုဆက်ဆာ၊ ပိုမိုကောင်းမွန်သည့် ကင်မရာနှင့် 3D Touch ပါဝင်သော iPhone 6S နှင့် 6S Plus ကို Apple မိတ်ဆက်
=========

Apple သည် ကုမ္ပဏီ၏ မျိုးဆက်သစ် စမတ်ဖုန်းများအဖြစ် iPhone 6S နှင့် 6S Plus တို့ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်များတွင် လျင်မြန်သော ပရိုဆက်ဆာများ၊ အချိန်ကြာမြင့်စွာ သုံးနိုင်မည့် ဘက်ထရီများ၊ ပိုမိုကောင်းမွန်လာသည့် ကင်မရာများနှင့် 3D Touch gesture သစ်များ ပါဝင်လာသည်။

Apple အမှုဆောင်ချုပ် တင်မ်ကွတ်ခ်သည် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ပွဲ၌ iPhone သစ်များနှင့်အတူ iPad Pro နှင့် Apple TV တို့ကိုပါ မိတ်ဆက်ပေးခဲ့သည်။

iPhone 6S နှင့် 6S Plus တွင် လျင်မြန်ပြီး စွမ်းဆောင်ရည်မြင့်မားသော A9 ပရိုဆက်ဆာများကို အသုံးပြုထားသည်။

A9 ပရိုဆက်ဆာသစ်သည် ၇၀ ရာခိုင်နှုန်း စွမ်းဆောင်ရည် လျင်မြန်လာပြီး ဂရပ်ဖစ်အနေဖြင့်လည်း ၉၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်လာကြောင်း၊ ထို့အပြင် iPhone ၏ operating system သစ်ဖြစ်သော iOS 9 ကြောင့် ဘက်ထရီကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည်ဟု သိရသည်။

iPhone 6S နှင့် 6S Plus တွင် LTE Advanced ကို ထောက်ပံ့ပေးထားပြီး လက်ရှိတွင် ယူကေ၌ EE နှင့် Vodafone တို့က ထောက်ပံ့ထားသော 4G ထက် ပိုမိုလျင်မြန်သည်ဟု ဆိုသည်။ ထို့အပြင် iPhone သစ်များတွင် Wi-Fi calling ကိုပါ ထောက်ပံ့ပေးထားသောကြောင့် မိုဘိုင်းဖုန်း signal မမိသည့် အခါတွင်လည်း ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်မည် ဖြစ်သည်။

iPhone 6S နှင့် 6S Plus တွင် ပါဝင်လာသော feature သစ်မှာ 3D Touch ဟုခေါ်သော touchscreen နည်းပညာသစ် ဖြစ်သည်။ အဆိုပါ နည်းပညာကို Apple Watch တွင် Force Touch အနေဖြင့် မိတ်ဆက်ပေးထားသလို Apple MacBook trackpad တွင်လည်း မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် touchscreen ပေါ် ဖိသည့်အားကို သိရှိနိုင်သောကြောင့် screen ဖိအားအလိုက် အမျိုးမျိုးသော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။

Apple သည် iPhone သစ်များ၏ ကျောဘက်ကင်မရာတွင် စွမ်းဆောင်ရည်မြင့်သော 12-megapixel sensor သစ်ကို အသုံးပြုခဲ့သည်။ ၎င်းကင်မရာများသည် 4K ဗီဒီယို ရိုက်ကူးနိုင်သည်။ အရှေ့ဘက် selfie ကင်မရာတွင်လည်း 5-megapixel sensor သစ်ကို အသုံးပြုခဲ့သည်။

iPhone 6S နှင့် 6 Plus တွင် တောင့်တင်းခိုင်မာသော အလူမီနီယံသစ်ကို အသုံးပြုထားသောကြောင့် iPhone ကို ကွေးညွှတ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး စင်းရာ၊ ခြစ်ရာဒဏ်ကိုလည်း ပိုမိုခံနိုင်ရည်ရှိလာမည် ဖြစ်သည်။

iPhone 6S နှင့် 6S Plus ကို စတာလင်ပေါင် ၅၃၉ နှင့် စတာလင်ပေါင် ၆၁၉ ဖြင့် အသီးသီး ရောင်းချမည် ဖြစ်သည်။ ၎င်းတို့ကို စက်တင်ဘာလ ၁၂ ရက်တွင် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၅ ရက်တွင် အမေရိကန်၊ ယူကေနှင့် ဥရောပနိုင်ငံများထံ တင်ပို့ရောင်းချမည် ဖြစ်သည်။

Ref: TheGuardian



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment