Friday, September 11, 2015

ဆိုက်ဘာဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေ

ဆိုက်ဘာဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေ
Saturday, September 12, 2015

အင်တာနက် စာမျက်နှာပေါ်မှ ပြစ်မှုမကျူးလွန်စေရန် ဆိုက်ဘာဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

“အခုဆိုက်ဘာ ဥပဒေ မရှိသေးတဲ့ အတွက် အင်တာနက်ပေါ်မှာ ခြိမ်းခြောက်တာတွေ ဥပဒေတွေနဲ့ မညီတာတွေ လုပ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် အမြန်ဆုံးပြဋ္ဌာန်းဖို့ လုပ်နေတာဖြစ်တယ်။ အချိန်တော့ အတိအကျ မပြောနိုင်သေးဘူး”ဟု အထက်ပါ ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက The Messenger Media သို့ ပြောသည်။

လက်ရှိ ဆိုက်ဘာဥပဒေကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ဦးစီးကာ ရေးဆွဲနေခြင်း ဖြစ်ပြီး ခေတ်နှင့်လျော်ညီမှု ရှိသည့် ဥပဒေ ဖြစ်စေရန် သက်ဆိုင်ရာ ရဲအဖွဲ့အစည်းများ၏ အကြံပြုချက်များလည်း ရယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဥပဒေ ပြီးစီးပါက အင်တာနက်ပေါ်မှ ပြစ်မှုများကျူးလွန်ခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်း၊ ဥပဒေနှင့် ကိုက်ညီမှု မရှိသည့် ရေးသားခြင်း စသည့်တို့ကို ဒဏ်ကြေးဖြင့် လည်းကောင်း ချမှတ်နိုင်မည် ဖြစ်ကြောင်း နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။

“နိုင်ငံတကာမှာလည်း ဆိုက်ဘာနဲ့ ပတ်သက်တဲ့ ဥပဒေရှိတယ်။အဲဒါကြောင့် အင်တာနက်ပေါ်မှာ မဖြစ်သင့်တာတွေ မဖြစ်သင့်အောင် ထိန်းသိမ်းဖို့အတွက် ဒီဥပေဒက လိုအပ်တယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က The Messenger Media သို့ ပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အင်တာနက်နှင့် ပတ်သက်၍ အွန်လိုင်းရောင်းဝယ်ရေး ဥပဒေတစ်ခုသာ ပြဋ္ဌာန်းထားပြီး ကျန်အင်တာနက်နှင့် ပတ်သက်သည့် ဥပဒေများ ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။

Messenger News Journal



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment