Wednesday, September 16, 2015

သံဖြူဇရပ် မီးရထား ပြတိုက်တွင် သေမင်းတမန် ရထားလမ်းပိုင်း ဖောက်လုပ်ရင်း သေဆုံးခဲ့သည့် လုပ်သား ၁၂ဝဝဝဝ ကျော်တို့၏ ရှားပါး ဓာတ်ပုံများ ထည့်သွင်း ပြသမည်

သံဖြူဇရပ် မီးရထား ပြတိုက်တွင် သေမင်းတမန် ရထားလမ်းပိုင်း ဖောက်လုပ်ရင်း သေဆုံးခဲ့သည့် လုပ်သား ၁၂ဝဝဝဝ ကျော်တို့၏ ရှားပါး ဓာတ်ပုံများ ထည့်သွင်း ပြသမည်

ဖက်ဆစ်ဂျပန်တို့၏ အာရှ စစ်မျက်နှာပြင် ဖွင့်လှစ်ကာ နယ်ချဲ့ ကျူးကျော်ကာလ အတွင်း မြန်မာ-ယိုးဒယား (ထိုင်း) နှစ်နိုင်ငံ ဆက်သွယ်သော သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် လုပ်သား ၁၂ဝဝဝဝ ကျော်တို့၏ လှုပ်ရှားမှုပုံရိပ် မှတ်တမ်း ဓာတ်ပုံများကို

သံဖြူဇရပ် မီးရထား ပြတိုက်၌ အများပြည်သူ လေ့လာနိုင်ရန် ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း မီးရထား ပြတိုက် တည်ဆောက်ရေး စီမံကိန်းရုံးမှ သိရသည်။ ဂျပန် ဘုရင့်တပ်မတော် ဝန်ကြီး ဂျန်နရယ်က တိုကျိုမှ ရထားလမ်း ဖောက်လုပ်ရန် ၁၉၄၂ ခုနှစ်တွင် စီမံကိန်း ရေးဆွဲပြီး လုပ်ငန်း စတင်ခဲ့ကြောင်း သိရသည်။ ယိုးဒယား (ထိုင်း)နိုင်ငံ ဘန်ဗလာဒက်ကန်ချိုင်းနားပူရီဆန်ပေါ် ဘူတာမှ စတင်၍ ထိုင်းနိုင်ငံ ကွေး (Kwai) မြစ်ကို ဖြတ်ကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ အထိ ရထားလမ်း အရှည် ၁၇၅ မိုင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်း ဖောက်လုပ်မှုတွင် ဂျပန် တပ်မတော်က မဟာမိတ်နိုင်ငံများ ဖြစ်သော ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ နယူးဇီလန်၊ သြစတြီးယား၊ ဒိန်းမတ်နှင့် နယ်သာလန် စသော နိုင်ငံများမှ စစ်သုံ့ပန်း ၁၆၈ဝဝ ဦးကျော်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသများမှ လုပ်သားများ အပါအဝင် အင်အား ၈ဝဝဝဝ ကျော်တို့အား ချွေးတပ်အဖြစ် စုရုံးကာ လူ အင်အားဖြင့် မိုးလင်းမှ ညသန်းခေါင်တိုင်အောင် ခက်ခဲပင်ပန်းစွာ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

စီမံကိန်း ကာလတွင် ဂျပန်တို့၏ ဖိအားပေး ခိုင်းစေမှုများကြောင့် လုပ်သားများသည် တောတောင်များ ရှင်းလင်းရာတွင် ကျားဆွဲခံရခြင်း၊ တခြား တောရိုင်း တိရစ္ဆာန်များ၏ တိုက်ခိုက်ခံရခြင်း၊ ခဲယမ်းများဖြင့် တောင်များ မိုင်းခွဲဖြိုရာတွင် ထိခိုက်ဒဏ်ရာများ ရကာ သေဆုံးခြင်း၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ငှက်ဖျား ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ခြင်းနှင့် ဂျပန်တို့၏ ညှင်းပန်းနှိပ်စက်မှုများကြောင့် လူဦးရေ ၁၂ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

၁၇၅ မိုင်ရှိသော သေမင်းတမန် ရထားလမ်းပိုင်မှ ဇလီဖားတုံး အရေအတွက်မျှ လုပ်သားတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ်ခဲ့ရသော ရထားလမ်းပိုင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ သမိုင်းရာဇဝင် ဖြစ်ရပ်များကို အများပြည်သူနှင့် နိုင်ငံခြားခရီးသွား ဧည့်သည် များကြည့်ရှု လေ့လာနိုင်စေရန် ရှားပါး ဓာတ်ပုံမှတ်တမ်း၊ 3D ဒီဇိုင်းနှင့် ပန်းချီများကို အောက်တိုဘာ လကုန် ပိုင်းတွင် ပြီးစီးတော့မည့် သံဖြူဇရပ် မီးရထားပြတိုက်၌ ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း ပြတိုက် ခင်းကျင်း ပြသရေး အဖွဲ့မှ သိရသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment