ကျွန်တော်နှင့်နိုင်ငံရေး
၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ
တာမွေမြို့နယ် NLD ရဲ့ စည်းရုံးရေးမှူးဖြစ်တဲ့ အမေလည်း
အခြားအဖွဲ့ဝင်တွေနဲ့အတူ
အထိန်းသိမ်းခံရပြီး အင်းစိန်ထောင်မှာ
၁၁လ နေခဲ့ရ တယ်။
နိုင်ငံရေးသမားတွေ တော်တော်များများ
ဖမ်းဆီးထိန်းသိမ်းခံကြ ရပြီး
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့အတွက်
အဲဒီကာလတွေမှာ
နိုင်ငံရေးလှုပ်ရှားမှုတွေ သိပ်ပြီး
ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ပေမယ့်
ကျွန်တော်ကတော့ စိတ်တူကိုယ်တူ
သူငယ်ချင်းအချို့နဲ့အတူ
စာကပ်တာတွေ၊ စာဝေတာတွေ၊
အထိမ်းအမှတ်နေ့တွေမှာ
ကဗျာစာအုပ်ထုတ်ကြတာတွေ စတဲ့
အလုပ်တွေကို မခံချင်စိတ်နဲ့
ဆက်တိုက်လုပ်ဖြစ်ခဲ့တယ်။
ဒါတွေကို နိုင်ငံရေးလုပ်တယ်လို့
အမည်တပ်လို့ ရချင်မှရမှာဖြစ်ပေမယ့်
... မတရားမှုကို ငြိမ်မခံချင်တဲ့စိတ်၊
မတရားမှုကို တစ်နည်းနည်းနဲ့
တော်လှန်ဖို့ အမြဲတမ်းကြိုးစားနေတဲ့
စိတ်တွေဟာ
နိုင်ငံရေးသမားတစ်ယောက်
အတွက်တော့ မရှိမဖြစ်သော
စိတ်တွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။
၁၉၉၇ ခုနှစ် လှည်းတန်းမှာဖြစ်တဲ့
ကျောင်းသားလှုပ်ရှားမှုမှာလည်း ဆယ်တန်းကျောင်းသားတစ်ယောက်
အဖြစ်နဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့အတူ
ပါဝင်ခဲ့တယ်။
၂၀၀၁ ခုနှစ်မှာတော့ သင်္ဃန်းကျွန်းမြို့နယ် NLD ရဲ့ လူငယ်လုပ်ငန်း အဖွဲ့ဝင်ခဲ့ပြီး လူငယ်တာဝန်ခံ (၂) အဖြစ် တတ်နိုင်
သမျှ ၀င်ရောက်လုပ်ကိုင်ခဲ့တယ်။
၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း
ဖြစ်ချိန် မှာတော့ အန်တီ့ခြံထဲမှာ လုံခြုံရေးယူရင်း ရင်တမမနဲ့ ဖြတ်ကျော်ခဲ့ရတယ်။
ကံကောင်းထောက်မစွာနဲ့ ဘယ်လှုပ်ရှားမှုမှာမှ အဖမ်းမခံရဘဲ ဆယ်တန်းအောင်၊ BE(CIVIL) နဲ့ ဘွဲ့ရခဲ့တယ်။
၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်း
အပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာတော့ ဘယ်လိုမှရှောင်လွှဲ မရတော့ဘဲ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်
အနှစ် ၂၀ နဲ့ ၆ လ ကျခံခဲ့ရတယ်။
အဘဦးဝင်းတင်၊
မင်းကိုနိုင်၊
ဌေးကြွယ်၊
ကိုဂျင်မီ၊
မင်းဇေယျ၊
ဇာဂနာ ...
ငယ်စဉ်ကလေးဘ၀ကတည်းက
ကြားဖူးနားဝရှိနေခဲ့တဲ့ စိတ်ကူးထဲက
သူရဲကောင်းတွေနဲ့ ထောင်ထဲမှာ
ဆုံတွေ့ခွင့် ရခဲ့ခြင်းကလည်း ကျွန်တော့်ရဲ့ နိုင်ငံရေးဘ၀ကို
ပိုမိုပီပြင်စေခဲ့တာ သေချာပါ တယ်။
ထောင်ထဲမှာ
ဖြတ်သန်းလွန်မြောက်ခဲ့တဲ့
၎နှစ်တာကာလဟာ
ဘ၀တက္ကသိုလ်တစ်ခုကို
အဖိုးအခကြီးစွာနဲ့ တက်လိုက်ရတာ
နဲ့ တူနေပါတယ်။
အောက်စ်ဖို့၊ ဟားဗက်စ်စတဲ့ ကမ္ဘာကျော်
တက္ကသိုလ်ကြီးတွေ က မပေးနိုင်တဲ့
အတွေ့အကြုံတွေ၊ ဖြတ်သန်းမှုတွေဟာ
အဲဒီကာလတွေမှာ ရခဲ့သလို
နိုင်ငံရေးနဲ့ပတ်သက်ပြီး မိမိကိုယ်မိမိ
ယုံကြည်မှုတစ်ခု ဖြစ်တည် လာခဲ့တယ်။
၂၀၁၂ ခုနှစ် ထောင်က
လွတ်လာတဲ့အချိန်မှာတော့
တိုင်းပြည်က အပြောင်းအလဲတစ်ခုပေါ်
စတင်ခြေချနေပြီလို့ ဆိုနိုင်တဲ့
အခြေအနေ ကို ရောက်နေခဲ့ပါပြီ။
စနစ်တကျ အကွက်ချစီမံထားတဲ့
အပြောင်းအလဲ ဆိုတာကို သိနေပေမယ့်
အခြားရွေးချယ်စရာ ပိုကောင်းတဲ့
လမ်းကြောင်း တစ်ခုကို
ရှာမတွေ့တာရယ်၊
ကိုယ်ယုံကြည်ရတဲ့ ခေါင်းဆောင် နဲ့
နောင်တော်တွေ၊
ရဲဘော်ရဲဘက်တွေကပါ ပေးထားတဲ့
လမ်းကြောင်းပေါ်ကို တက်လျှောက်ပြီး
ပြောင်းလဲယူမယ်ဆိုတဲ့ အယူအဆကို
ကိုင်စွဲခဲ့တာရယ် စတဲ့အချက်တွေကြောင့်
ထောင်ကလွတ်ခဲ့ပြီးတဲ့အချိန်ကစပြီး
အဲဒီရွေးချယ်မှုကို
အထောက်အကူဖြစ်စေမယ့်
အလုပ်တွေ တတ်နိုင်
သလောက်လုပ်ခဲ့တယ်။
စစ်အာဏာရှင်စနစ်ကထက်
အနည်းငယ် ပိုမိုလွတ်လပ်ပွင့်လင်းလာတဲ့ကာလမှာ
ရလာတဲ့ Space လေးကို တတ်နိုင်
သမျှ တိုးချဲ့တွန်းချဲ့ပြီး ပြည်သူလူထုရဲ့
အကျိုးစီးပွားကို တစ်စုံတစ်ရာ
အထောက်အပံ့ဖြစ်စေတဲ့
အလုပ်တွေကိုလုပ် ရင်း
နိုင်ငံရေးဆိုတာကို Informal
နည်းတွေနဲ့ သင်ယူလေ့လာဖြစ်ခဲ့တယ်။
သိပ်မကြာခင်တုန်းက လာမေးတဲ့
အင်တာဗျူးတစ်ခုမှာ
လာမယ့်နိုင်ငံရေးအခင်းအကျင်း
အတွက် ဘာတွေပြင်ဆင်ထားသလဲ
လို့ မေးတော့ ...
“ကျွန်တော့်ရဲ့ ဖြတ်သန်းမှုဟာ
ကျွန်တော့်ရဲ့ ပြင်ဆင်မှု ပါပဲ”လို့
ဖြေဖြစ်ခဲ့ပါတယ်။
ကျွန်တော်တစ်ယောက်တည်းမှ
မဟုတ်ပါဘူး။
အခုလာမယ့် ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းမှာ
ဒီမိုကရေစီအင်အားစုတွေဘက်ကနေ
ဝင်ရောက်လှုပ်ရှားကြမယ့်သူ
တော်တော်များများဟာ
ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေ
ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဖြတ်သန်းမှု၊
ကျွန်တော်တို့ရဲ့စိတ်ဓာတ်နဲ့
ကျွန်တော်တို့ရဲ့လိပ်ပြာတွေဟာ
သန့်စင်ခိုင်မာပါတယ်လို့
အာမခံနိုင်ပါတယ်။
တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်ကို
မျက်လှည့်ပြသလိုမျိုး
“၀ုန်း”ခနဲ
အကုန်ပြောင်းလဲပစ်နိုင်ဖို့
မသေချာပေမယ့် ပိုကောင်းသော
မနက်ဖြန်တွေ ကိုတော့ ပြည်သူလူထုရဲ့
လက်ထဲကို ကျွန်တော်တို့
ဆောင်ကြဉ်းပေးနိုင် လိမ့်မယ်လို့လည်း
ယုံကြည်တယ်။
ပြည်သူတွေအနေနဲ့လည်း
နိုင်ငံရေးဆိုတာဟာ ငါတို့အားလုံးနဲ့
သက်ဆိုင်တယ်ဆိုတာကို
နားလည်သိမြင်ပြီး ...
တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက်
အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်
ကိုယ်စီကိုယ်စီ
တာဝန်ကျေကြမယ်ဆိုရင်ဖြင့်
အနာဂတ်အသစ်ဟာ
အလင်းရောင်အစစ်တို့နဲ့
ကျွန်တော်တို့အားလုံးကို ကြိုလင့်နေ
မယ့် ကာလတစ်ခုကို ရောက်လာမှာ
ဧကန်မုချပါပဲလို့
ပြောလိုက်ချင်ပါတော့တယ်။
ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။
ဥာဏ်ပညာကို တန်ဖိုးထားပါ။
အနုပညာကို ခံစားတတ်ပါစေ။
နေဘုန်းလတ်
Eternal Light Magazine
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment