ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်မယ်လို့ဆို
--------------------------------------
လေထု မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လာမယ့်နှစ်ရက် အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်နိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
မြစ်ဝကျွန်းပေါ် ဒေသ အနောက်ဘက်ခြမ်းကို အရှေ့လေပွေလှိုင်း တစ်ခု ဖြတ်ကျော်နိုင်တဲ့အပြင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း အထက် လေထုအတွင်းမှာ လေဝဲတစ်ခု ဖြစ်ပေါ်နေပြီး လေထု မတည်ငြိမ်မှုတွေကြောင့် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်လာနိုင်ခြေ ရှိတယ်လို့ သူကပြောပါတယ်။
“ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ထစ်ချုန်းမိုးတွေ ရွာတတ်တယ်။ ရေငွေ့တွေ အများအပြား လေထုထဲ ကျန်ရှိနေတဲ့အတွက် မိုးအားကောင်းနိုင်တယ်” လို့ သူကပြောပါတယ်။
အဲ့ဒီလို လေဖိအားနည်း ရပ်ဝန်းအရှိန်နဲ့ လေပွေလှိုင်း အရှိန်တို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးအားကောင်းနိုင်တဲ့အပြင် လေပြင်း တိုက်ခတ်တာနဲ့ မိုးသည်းထန်တာ စတဲ့ မိုးလေဝသ အခြေအနေတွေ ဆိုးရွားနိုင်တာ သတိပြုဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
မုတ်သုံလေ ဆုတ်ခွာနေစဉ် ကာလအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ် ပင်လယ်ပြင်တို့မှာ မုန်တိုင်းဖြစ်ပေါ်ဖို့ အလားအလာများနေပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ နောက်နှစ်ရက်အတွင်း မိုးပိုနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားပါတယ်။
အနောက်တောင် မုတ်သုံလေဟာ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာမှာ ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင် တဲ့အနက် နှစ်ကြိမ်မှာ မုန်တိုင်းငယ် အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment