Sunday, September 27, 2015

ရွေးကောက်ပွဲ နှင့် မောင်မိုးသူ –

ရွေးကောက်ပွဲ နှင့် မောင်မိုးသူ –

(မောင်မိုးသူ)


ရွေးကောက်ပွဲဝင်ဖို့ ထောင်ထဲမှာရှိတဲ့ ဦးတင်ဦး၊ ဦးထွန်းတင်၊ ဦးအောင်လွင် နှင့် မောင်မိုးသူ့ ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အဖွဲ့ချုပ်မှ လက်မှတ်လာထိုးခိုင်းလို့ ဦးတင်ဦး၊ မောင်မိုးသူတို့ ၄ ယောက် အရွေးခံဖို့ လက်မှတ်ထိုးပြီး နောက်နေ့မှာပဲ ၄ ယောက် စလုံး ထောင်ချလိုက်လို့ ၉၀ ရွေးကောက်ပွဲမှာ ၀င်အရွေးမခံဖြစ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲနှင့် မောင်မိုးသူ သဟဇာတဖြစ်ပုံ မရပါ။

အဆင်မပြေတာတွေပဲ ကြုံရတွေ့ရပါတယ်။

တည်မြဲနှင့် သန့်ရှင်းအကွဲ ရွေးကောက်ပွဲမှာ မောင်မိုးသူ တက္ကသိုလ်ရောက်နေပါပြီ။

တည်မြဲကိုရော၊ သန့်ရှင်းကိုပါ
မဲပေးရန် ဆန္ဒမရှိပေမယ့် မန္တလေးမှာ နိုင်ငံရေးသမားအများစုက တည်မြဲခြံခုန် သွားကြပြီး သန့်ရှင်းမှာ ရိုးအသူများသာ ကျန်ရစ်တာကြောင့် သန့်ရှင်းအတွက် ပိုစတာရေးပေးတာမျိုး၊ ကြေညာစာတမ်းရေးပေးတာမျိုး လုပ်ပေးခဲ့ဖူးပါ တယ်။

ကိုယ်တိုင်တော့ မဲမပေးခဲ့ပါ။

ဦးနုရဲ့ သန့်ရှင်းအစိုးရက ဗိုလ်ချုပ်နေ၀င်းကို ယာယီအုပ်ချုပ်ရေး လွှဲပေးချိန်မှာ မောင်မိုးသူတို့ မန္တလေး တက္က သိုလ်ကျောင်းသားသမဂ္ဂက အာဏာလွှဲပေးခြင်းကို ကန့်ကွက်တဲ့အနေဖြင့် ဈေးချိုတော်မှာ အစာငတ်ခံဆန္ဒပြ တာတွေလုပ်၊ အာဏာလွှဲတာကို ကန့်ကွက်တဲ့ဟောပြောပွဲတွေ လုပ်ပါတယ်။

ရွေးကောက်ပွဲနှင့်သာ မောင်မိုးသူ သဟဇာတမဖြစ်တာမဟုတ်ပါ။

စစ်အစိုးရနှင့်လည်း သဟဇာတမဖြစ်ပါ။

စစ်အစိုးရက မောင်မိုးသူတို့ မတကသ သမဂ္ဂတစ်ဖွဲ့လုံးဖမ်းဆီးခဲ့ပါတယ်။

ကျန်မိကျန်ရာ ကျန်ခဲ့သူကတော့ တွဲဖက်အတွင်းရေးမှူး မောင်စွမ်းရည် ဖြစ် ပါတယ်။

မတကသမှာ ဥက္ကဋ္ဌက ကိုသာလှ၊ အတွင်းရေးမှူးက ကိုသာနိုးဖြစ်ပါတယ်။

မောင်မိုးသူက ဒုတိယ ဥက္ကဋ္ဌဖြစ်ပါတယ်။

ကြားဖြတ်စစ်အစိုးရက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မောင်မိုးသူတို့တစ်တွေ အချုပ်ထဲရောက် နေ ၍ မဲမပေးရပြန်ပါဘူး။

ပထစနိုင်ပြီး မောင်မိုးသူပြန်လွတ်ပါတယ်။

တက္ကသိုလ်ပြန်မတက်တော့ဘဲ စာပေနယ် ကို မောင်မိုးသူဝင်ခဲ့ပါတယ်။…

၆၂ မှာ စစ်တပ်က အာဏာသိမ်းပြန်ပါတယ်။

ထုံးစံအတိုင်း ကျောင်းသား သမဂ္ဂနှင့် မတည့်လေတော့ မန်းတက္က သိုလ်ကျောင်းသားသမဂ္ဂကို ရန်ရှာစပြုလာပါတယ်။

မောင်မိုးသူဟာလည်း
ကျောင်းသားခေါင်း ဆောင်ဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းပြန်တက်ဖို့လာပြောလိုပြော၊

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စာအုပ်ကြီး ပေး ဖတ်လိုဖတ်လုပ်တာနှင့် မန္တလေး က ကျောင်းသားခေါင်းဆောင်ဟောင်း ကိုစိန်မြင့်ဟာ စာရေးဆရာ မောင်မိုးသူ အဖြစ် ရန်ကုန်ကိုရွှေ့ပြောင်းပြီး စာရေးခြင်း၊

ရုပ်ရှင်ရိုက်ခြင်းများ ပြုလုပ် အသက်မွေးခဲ့ပါတယ်။

ရုပ်ရှင် ကောင်စီ စတင်ဖွဲ့စည်းစဉ်က ပထမ ၂ နှစ်မှာ ဆရာရွှေဒုံးဘီအောင်က ၂နှစ်ဥက္ကဋ္ဌ တာဝန်ယူပါတယ်။

နောက် ၂ နှစ် မှာ တော့ အေ၀မ်းဦးတင်မောင်က ဥက္ကဋ္ဌ၊ အထွေ ထွေအတွင်းရေးမှူးက မင်းသားဦးရွှေဘ တာဝန်ယူစဉ် မှာ မောင်မိုးသူက ရုပ်ရှင် ကောင်စီဗဟိုဦးစီးအမှုဆောင် တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။

ရုပ်ရှင်ကောင်စီဗဟို ဦးစီးအဖြစ် တာဝန်ယူရစဉ် ရုပ်ရှင်ကောင်စီဝင်များ မဆလ ပါတီဝင်များဖြစ်ရမယ်ဆိုလေတော့ နောက် ၂ နှစ် ရုပ်ရှင်ကောင်စီမှာ မောင်မိုးသူဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း မလုပ်တော့ပါ။ မဆလအစိုးရ လက် ထက် ရွေး ကောက်ပွဲများကိုလည်း မောင်မိုးသူ မဲမပေးခဲ့ပါ။

ကိုယ်နှင့်မဆိုင်သလိုဘဲ နေခဲ့ပါတယ်။ ကိုယ့် အလုပ်ဖြစ်တဲ့ စာရေးတဲ့အလုပ်၊ ရုပ်ရှင်ရိုက် တဲ့အလုပ်ပဲ လုပ်ပါတယ်။

အဲ … ၈၈ ကျတော့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာ မောင်သော်က၊ ဦးဝင်းတင်တို့နှင့်အတူ စာပေအနုပညာရှင်များအဖွဲ့အဖြစ် လမ်းပေါ်ထွက်ခဲ့ပါတယ်။ အရေးတော်ပုံကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာတဲ့အတွက် ဒေါ်စုရဲ့ခြံထဲကို မောင်သော်က၊ ဦးဝင်းတင်နှင့် မောင်မိုးသူတို့ သွားကြပါ တယ်။ နိုင်ငံ ရေး စကားဝိုင်းများမှာ ပါဝင်ခဲ့ပါတယ်။ ရှေ့နေများဖြစ်တဲ့ ဦးထွန်းတင်၊ ဦးတင်ရွှေ၊ မောင်မိုး သူ၊ ဒေါ်မြင့်မြင့်ခင် တို့ လည်း ပါပါတယ်။

ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဆုံးဟောပြောပွဲကြီးကို စာပေအနုပညာရှင်များက စင်ထိုး စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကြီးမှာ မောင်သော်က၊ ဦးဝင်းတင်နှင့် မောင်မိုးသူတို့တစ်တွေ အား လုံး စင်ပေါ်မတက်ရန် ဆုံးဖြတ်ထားတဲ့အတွက် အခမ်းအနားမှူးအဖြစ် မင်းသားကြီး လေးလေးဦးထွန်းဝေ ကို ပြုလုပ်စေခဲ့တဲ့ကောင်းမှုကြောင့် လေးလေးဦးထွန်းဝေတစ်ယောက် စစ်အစိုးရ တစ်ခေတ်လုံး ရုပ်ရှင်မရိုက်ရ၊ သူ့ဇာတ် ကားတွေမပြရ ဖြစ်ခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းဖြိုခွင်းပြီးတဲ့နောက် နိုင်ငံရေးပါတီများ ထူထောင်ခွင့် ပေး ခဲ့ရာ ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၃ယောက်တွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တည်ထောင်ဖို့ ဖြစ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖွဲ့မှာ အရေးတော်ပုံတပ်သား များဖြစ် တဲ့

မောင် သော်က၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ ဦးထွန်းတင်၊ ဦးတင်ရွှေ၊ မောင်ကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ ၀င်းခက်၊ အောင်လွင်

ဆရာဝန်များဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာသက်မင်းနှင့် ရေနံမြေမှ ကိုခင် မောင်ဆွေတို့ တတ်သိ ပညာရှင်များအဖြစ် ပါဝင်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးအောင်ကြီးကဥက္ကဋ္ဌ၊ ဦးတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်စုက အထွေထွေအတွင်း ရေးမှူးအဖြစ် ဆောင်ရွက်ပြီး အတွင်းရေးမှူး ၃ ယောက် အနက် ဦးဝင်းတင်က ဒေါ်စုအဖွဲ့မှာအတွင်း ရေးမှူး အဖြစ် ပါဝင်လုပ်ဆောင်ရပါတယ်။

အဖွဲ့ချုပ်မှာ တကယ်တမ်း အလုပ်လုပ်ကြသူများက အထွေထွေအတွင်း ရေးမှူးဒေါ်စုနှင့် အတွင်းရေးမှူးဦးဝင်းတင်တို့ပဲ အစစအရာရာ စီစဉ်လုပ်ဆောင်ကြပါတယ်။

အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည်ခရီးစဉ်မှာ ဒေါ်စုနှင့်အတူ မောင်မိုးသူ လိုက်ပါရပါ တယ်။

စခရီးစဉ်အတွင်း စစ်တပ်နှင့် ရင်ဆိုင်ပြောဆိုရမှုများရှိတဲ့အတွက် ဦးတင်ဦးက ဗိုလ်ကြီးဝင်းထိန် (ဦးဝင်းထိန်)ကို ထည့် ပေးပါတယ်။ ဦးထိန်ဟာ အဲဒီခရီးစဉ်မှာစပြီး ဒေါ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပါ တော့တယ်။

အထက်မြန်မာပြည်ခရီးစဉ်အပြီး ဦးအောင်ကြီးက ဒေါ်စုအဖွဲ့မှာပါတဲ့ အမှုဆောင် ၈ဦးဟာ ကွန်မြူနစ်တွေလို့ စွပ်စွဲကြေညာချက်ထုတ်ပါတယ်။

အဲဒါကို အကြောင်းပြုပြီး အဖွဲ့ချုပ်ဗဟိုကော်မတီ အစည်းအဝေးမှာ ဦးအောင်ကြီးက စွပ်စွဲချက်တင်၊ စွပ်စွဲခံရသူကချေပ။

ဦးအောင် ကြီးနိုင်ရင် အဲဒီ၈ယောက်ထွက်၊ ဦးအောင်ကြီး ရှုံးရင် ဦးအောင်ကြီးတို့နဲ့ မဲခွဲရာမှာ ဦးတင်ဦးတို့အဖွဲ့က ဒေါ်စုဘက်မှ မဲပေးတာမို့ ဦးအောင်ကြီးရှုံးပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်ကြီးတို့အဖွဲ့ထွက်သွားပြီး သီးခြားပါတီထောင်ပါတယ်။

ဦးအောင်ကြီးအဖွဲ့ထဲမှ ဦးကြည်မောင်က နုတ်ထွက်ရာမှာ လိုက်ပါမသွားဘဲ အဖွဲ့ချုပ်မှာ ကျန်ရစ်ပါတယ်။

ကွန်မြူနစ်လို့စွပ် စွဲခံရသူက တော့ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့် ခင်၊ ဦးအောင်ရွှေ၊ ဦးကိုယု၊ ဦးချမ်းအေး၊ ဦးအောင်လွင်နှင့် မောင်မိုးသူတို့ ဖြစ်ပါ တယ်။

ဦးဝင်းတင်က ဇူလိုင် ၄ရက်နေ့မှာ အဖမ်းခံရပါတယ်။

ဦးတင်ဦး၊ ဒေါ်စုနှင့် မောင်မိုးသူတို့တစ်တွေကတော့
ဇူလိုင် ၁၉ အာဇာနည်နေ့မှာထိန်းသိမ်းပြီး ထောင်ထဲပို့ခဲ့ပါတယ်။

မောင်မိုးသူတို့တစ်တွေ အားလုံး ထောင်ထဲမှာရှိစဉ် အဖွဲ့ချုပ်ကို ဦးကြည်မောင်က ဦးဆောင်လှုပ်ရှားပါတယ်။

အဲဒီမှာပင် ၁၉၉၀ ရွေးကောက်ပွဲဖြစ်လာ
ပါ တယ်။

ရွေးကောက်ပွဲဝင်ဖို့ ထောင်ထဲမှာရှိတဲ့ ဦးတင်ဦး၊ ဦးထွန်းတင်၊ ဦးအောင်လွင်
နှင့် မောင်မိုးသူတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အဖွဲ့ချုပ်မှ လက်မှတ်လာထိုးခိုင်းလို့ ဦးတင်ဦး၊ မောင်မိုးသူတို့ ၄ ယောက် အရွေးခံဖို့ လက်မှတ်ထိုးပြီး နောက်နေ့မှာပဲ ၄ယောက်စလုံး ထောင်ချလိုက်လို့ ၉၀ ရွေးကောက်ပွဲမှာ ၀င်အရွေး မခံဖြစ်ပါ။

ရွေးကောက်ပွဲလုပ်ရင် ထောင်ထဲကို ရောက်ရောက်နေလို့လည်း ဖြစ်မယ်ထင်ပါရဲ့။

၂၀၀၀ မှာ မောင်မိုးသူထောင်က လွတ်ပါတယ်။

နိုင်ငံရေးတာဝန် မယူတော့ဘဲ အနုပညာအလုပ်နှင့် ဒေါ်စုကို ၀င်ကူပါတယ်။

ဦးဝင်းတင်လွတ်လာတော့ ဦးဝင်းတင်ဘေးမှာ ရပ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ NLD က ရွှေဂုံတိုင်ကြေညာချက်ထုတ်ပြီး ရွေးကောက်ပွဲကို မ၀င်ခဲ့ပါဘူး။

ဒီတော့ ၂၀၁၀ ရွေးကောက်ပွဲကို မောင်မိုးသူ လည်း သပိတ်မှောက်ခဲ့ပါတယ်။

၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့ ဒေါ်စုနှင့် NLD က ၀င်ရွေးပါ တယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မောင်မိုးသူ မဲဆန္ဒနယ်မဟုတ်လို့ မဲမပေးခဲ့ရပါ။

ဒီလို ဒီလိုနဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့
မှာ ရွေးကောက်ပွဲ ပြုလုပ် ကျင်းပဖို့ ကြေညာလာပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၀၀၀ကျော် ၀င်ရောက်အရွေးခံဖို့ တင်သွင်းကြပါတယ်။

အများဆုံးက NLD က ဖြစ်ပြီး ဒုတိယအများဆုံးက လက်ရှိအစိုးရကြံ့ခိုင်ရေးက ဖြစ်ပါတယ်။

NLD က လွှတ်တော်ကိုယ်စားလှယ်လောင်း
တွေဟာ မောင်မိုးသူရဲ့ တူတွေ၊ တူမတွေ၊
ညီတွေ ခေတ်ရောက်နေ ကြပြီ လေ။

မောင်မိုးသူ နေ့စဉ်ထိုင် တဲ့ မောနင်း
စတားဆိုင်ဝိုင်းထဲမှာ ကိုဝါးခယ်မသခင်
သိန်းမောင်သား ကိုဇော် သိန်းက
ဝါးခယ်မက။
မိကွန်ချန်းက ပေါင်က။
မိုးကုတ်ကိုယ်စားလှယ် ၃ ယောက်လုံး
ဒဂုံကရွေးတဲ့ သက်သက် ခိုင်၊
ကလောကရွေးတဲ့ ပြုံးပြုံးက မန္တလေးက။
စာရေးဆရာတွေဖြစ်တဲ့
မောင်မောင်သော်တို့၊ ငြိမ်းသစ်တို့၊
ရန်ကုန်က ၀င်းထွတ်ဇော်တို့၊
နေဘုန်းလတ်တို့ အားလုံး အားလုံး
အရွေးခံကိုယ်စားလှယ်များ ဖြစ်လာကြပါ
တယ်။

တစ်နေ့တော့ ပန်းဘဲတန်း မဲဆန္ဒနယ်
မှာ အရွေးခံကိုယ်စားလှယ်များ
တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးရေး
ဆင်းလာတော့ မောင်မိုးသူ ၀ရန်တာမှ
ထွက်ကြည့်ပါတယ်။

NLD က အရွေးခံကြတဲ့ ကိုယ်စားလှယ် ၃ ဦးက တော့ ဦးနေဖူးဗဆွေ (ဦးဗဆွေရဲ့သားဖြစ်ပါတယ်) မောင်မိုးသူရဲ့ သားကြီး မောင်ပန်းသီးတို့၊ ဗိသုကာညွန့် ၀င်းလေးတို့ ရဲ့ ကျောင်းနေဖက်ဖြစ်ပါတယ်။

နောက်တစ်ယောက်က ဦးဘမျိုးသိန်း ဖြစ်ပါတယ်။

သူကတော့ မောင်မိုးသူ နာယကလုပ်နေတဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းက အလုပ်အမှုဆောင်ဖြစ်ပါတယ်။

နောက် တစ် ယောက် ကတော့ ဒေါ်စိုးပပလှိုင်၊ သူကတော့ ကြိုင်လေး ခေါ် ဦးအုန်းကြိုင်ရဲ့ သမီးဆိုတော့ မောင်မိုးသူရဲ့သမီး၊ ဒီလှိုင်းရဲ့ အယ်ဒီတာ ဖြစ်ပါတယ်။

ဝရန်တာမှာ ရပ်နေတဲ့ မောင်မိုးသူကိုမြင်တော့ ကိုယ်စားလှယ်
၃ ယောက် စလုံး မောင်မိုးသူရဲ့ ပထမထပ် အိမ်ပေါ်တက်လာပြီး နှုတ်ဆက် ကြပါတယ်။

သူတို့ရဲ့ ငယ်ရွယ်နုပျိုပြီးတက်ကြွတဲ့ အသွင်ကိုမြင်ရလို့ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ မောင်မိုးသူ အားရပါးရဖြစ် ပေါ်ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ကို မောင်မိုးသူတစ်ယောက် ရွေးကောက်ပွဲအမြင်များ လို့ ဆောင်းပါးရေးခြင်းနဲ့ ၀င်ရောက် ယှဉ်ပြိုင်ကြမည့်သူများကို အားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် သံတော်ဆင့်မှာ ရွေး ကောက်ပွဲနှင့် မောင်မိုးသူဆောင်းပါး များ ရေးလိုက် ရခြင်းဖြစ်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments:

Post a Comment