ရာဇဂြိုဟ်ဆည်နှင့် မြေပြိုတောင်ပြိုတဲ့ကြားမှာရှိတဲ့ ရွာတွေက အပေါ်တောင်ကုန်းမှာရှိတဲ့အတွက် အန္တရာယ်မရှိနိုင်ပါ
=====================================
ဆုနှင့်လဲ့
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုများကြောင့် ချင်းပြည်နယ် တွင် တောင်ပြိုမှုများ ဖြစ်ပွား၍ စီးဆင်းမျောပါလာသော ရွှံ့ညွန်မြေ များ တောင်ကျရေစီးကြောင်းများကို ပိတ်ဆို့ရာမှ သဘာဝတောင်ပြို ရေကန်များ၊ ရေကာတာများသဖွယ် ဖြစ်ပေါ်မှုများရှိခဲ့သည်။
ထိုသို့ ဖြစ်ပေါ်လာမှုအပေါ် ဒေသခံများက စိုးရိမ်ပူပန်နေမှုများ ရှိနေကြရာ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၄) ကလေးမြို့ ရာဇဂြိုဟ်ဆည်မှ တာဝန်ရှိသူများက သဘာဝ တောင်ပြိုရေကန်များ၏ လက်ရှိအခြေအနေ၊ ရေများပြိုကျစီး ဆင်းလာနိုင်သည့် အနေအထားနှင့် အန္တရာယ် ရှိ မရှိတို့ကို သွားရောက်
လေ့လာတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေသည့်အပေါ် အများပြည်သူများ သိရှိနိုင်ရန် မေးမြန်းဖော်ပြပေးလိုက်ပါ သည်။
ဦးမော်မော်နိုင်
လက်ထောက်ညွှန်ကြားရေးမှူး တည်ဆောက်ရေး(၄)
ဆည်မြောင်းဦးစီးဌာန
မေး - တောင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝမြေပြို
ရေကန် တွေ့ရှိခဲ့ပုံကို ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ - ဟုတ်ကဲ့ပါ။ တည်နေရာကတော့ ချင်းပြည်နယ်၊
တွန်းဇံမြို့နယ် ဟံဂင်ကျေးရွာအနောက်ဘက် သုံးမိုင်ခန့်အကွာမှာ နေရဉ္ဇရာချောင်းရဲ့ ချောင်းလက်တက် ပါ။ တွီလွီချောင်းရဲ့ ချောင်းအဖျားပိုင်းလေးမှာ တွေ့ရှိခဲ့ ရပါတယ်။
မေး - လက်ရှိ ဆရာတို့ သွားရောက်လေ့လာခဲ့တဲ့ ရေကန်
ရဲ့အနေအထားကိုလည်း ပြောပြပေးပါရှင့်။
ဖြေ - ကျွန်တော်တို့ ရာဇဂြိုဟ်ဆည်ကနေပြီးတော့ သွား
ရောက်ခဲ့တာ နှစ်ခေါက်ရှိပါပြီ။ ပထမတစ်ခေါက် ကတော့ ငါးရက်လောက် ကြာပါတယ်။ ချောင်းလမ်း အတိုင်းသွားတာ ၃၂ မိုင် တစ်ခေါက်သွားပါတယ်။ နောက် တောင်ပေါ်လမ်းအတိုင်း သွားတာက သုံးရက် လောက်ကြာတယ်။ ၃၄ မိုင် ရှိပါတယ်။ အဲဒီလိုသွားကြည့် တဲ့အခါ ချောင်းလမ်းအတိုင်းသွားတာက တောင်ပြိုတဲ့ ဟာကြီး ပိတ်နေတယ်။
အနားကပ်လို့မရပါဘူး။ အပေါ် ကို တက်လို့လည်းမရတော့ အောက်ကနေပဲ ဓာတ်ပုံတွေ ရိုက်ထားတယ်။ ဒီမြေပြိုဆည်လေးဟာ ခန့်မှန်းပေ ၁၂ဝ လောက်ရှိတယ်။ အပေါ်ကို ကျွန်တော်တို့ တက်ကြည့် လို့မရတော့ အင်တာနက်ကနေပြီးတော့ စက်တင်ဘာ ၁၆ ရက်မှာ ဂြိုဟ်တုကနေ တိုင်းတာချက်အရ ၈၄ ဧကလောက် အကျယ်အဝန်းရှိပါတယ်။
မေး - ဒီရေကန်နဲ့ပတ်သက်ပြီးတော့ ဆရာတို့ လေ့လာ
တွေ့ရှိချက်အပေါ်မှာ ဘယ်လိုဆောင်ရွက်သွား ဖို့ ရှိပါသလဲ၊ ရေဖောက်ချဖို့ လိုအပ်ပါသလားဆရာ။
ဖြေ - အဲဒါနဲ့ပတ်သက်ပြီး အကြမ်းဖျင်းရှင်းပြချင်ပါတယ်။
(၁) အချက်က ကျွန်တော်တို့နဲ့ ၃၂ မိုင်ဝေးပါ တယ်။ ဘေးမှာရှိတဲ့ရွာတွေ ဟံဂင်တို့၊ မုန်ဇာရွာတို့၊ ဆည် ဘော်ရွာတို့က အမြင့်မှာရှိတဲ့အတွက် မထိခိုက်နိုင်ပါဘူး။ ဒီ ရာဇဂြိုဟ်ဆည်နဲ့ မြေပြိုတောင်ပြိုတဲ့ကြားမှာရှိတဲ့ ရွာတွေက အပေါ်တောင်ကုန်းမှာရှိတဲ့အတွက် အန္တရာယ် မရှိနိုင်ပါဘူး။
(၂)အချက်အနေနဲ့က ဒီရေတွေ စီးလာ မယ်ဆိုရင် ရာဇဂြိုဟ်ဆည်ကိုရောက်မယ်။ ကျွန်တော်တို့ တွက်ချက်မှုအရဆိုရင် အကျယ်အဝန်းပေ ၁၂ဝ လောက် ရှိတယ်ဆိုရင် ဧကပေနဲ့တွက်လိုက်ရင် ဧကပေ ၁၂ဝဝဝ လောက်ရှိတယ်။ ဒါတွေအကုန်လုံး ချောင်းတစ်လျှောက် ပြိုကျဆင်းလာမယ်ဆိုရင် ချောင်းမှာ ဟိုတင်ဒီတင်နဲ့ဆိုတော့ ထက်ဝက်လောက်ပဲ ရောက်မှာပါ။ တကယ်လို့ အကုန် လုံးရောက်တယ်ဆိုရင် တောင်မှ ကျွန်တော်တို့ ရေပိုလွှဲ ကနေပြီးတော့ ထုတ်လို့ရပါတယ်။ ဒီရေတွေလာမယ်ဆိုရင် ရေပိုလွှဲအထက်ကို ၂ ဒသမ ၉၅ ပေလောက် ရေတက်မှာ ပါ။ ပုံမှန်က တစ်ပေခွဲရှိတယ်။ စုစုပေါင်းဆိုရင် ၄ ဒသမ ၄၅ ပေ လောက် တမံမှာ ဖြစ်သွားပါမယ်။ ရေပိုလွှဲကနေ ရေကျော်ကျသွားမှာပါ။
အဲဒီလိုရှိပါတယ်။ ကျွန်တော်တို့ ရေပိုလွှဲကနေလည်း ပေ ၂ဝ လောက် ကျော်လို့ရပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ ရေပိုလွှဲကြီးကို ဒီဇိုင်း ထုတ်တဲ့အခါမှာ ကုဗပေ ၆၉၅၉ဝ၊ ဧကပေနဲ့ဆိုရင် တစ်သိန်းသုံးသောင်းကိုးထောင်၊ တစ်သိန်းလေးသောင်း လောက် ထုတ်နိုင်တယ်။ တကယ်တော့ ဧကပေ တစ်သိန်း ကျော်လာရင်တောင် ထုတ်နိုင်ပါတယ်။ ဆည်အတွက် ပြဿနာမရှိနိုင်ပါဘူး။ နောက်ပြီးတော့ ဒီဆည်ထဲမှာ လည်း ဆည်ဆောက်တဲ့အခါမှာ ရေသေရေမှတ် တွက်ချက် ပြီး နှစ် ၅ဝ စာနုန်းထိုင်လို့ရအောင် တည်ဆောက်ထားခဲ့ ပါတယ်။ ကန်ရေအမြင့်ပေ ၅၈ဝ၊ အောက်က ပေ ၅ဝဝ ဆိုတော့ ရေသေရေမှတ် ပေ ၈ဝ လောက်ရှိတဲ့အတွက် နုန်းတွေဝင်လာရင် လေးပေ၊ ငါးပေ၊ ခြောက်ပေဆိုလည်း အန္တရာယ်မရှိပါဘူးလို့ ပြောချင်ပါတယ်။ မနက်ဖြန်မှာ လည်း ဒရုန်းလေယာဉ်နဲ့ အဲဒီနေရာကို ထပ်မံတိုင်းတာ ဖို့၊ စောင့်ကြည့်လေ့လာဖို့ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ထူးခြားတာနဲ့ ပြန်ပြီးသတင်းပေးပါ့မယ်။
မေး - ထပ်မံပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းမယ်၊
ရာသီဥတု ထပ်မံဆိုးရွားမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ပါသလဲ။ စိုးရိမ်စရာအနေအထား ရော ရှိလာနိုင်ပါသလား ဆရာ။
ဖြေ - မရှိပါဘူး။ ကျွန်တော်တို့ ရေပိုလွှဲမှာ တစ်စက္ကန့်ကို
ကုဗပေ ၆၉ဝဝဝ လောက် လွှဲလို့ရတယ်။ ဧကပေ နဲ့တွက်ရင် တစ်သိန်းလေးသောင်းလွှဲလို့ရတယ်။ ပြိုကျ လာပြီး ရေစီးလာရင်တောင်မှ အခု ကျွန်တော်တို့ တွက်ထား တဲ့ဟာက အများဆုံး ဧကပေ ၁၂ဝဝဝ ကို နိုင်အောင် လွှဲလို့ရတယ်။ အရင်တုန်းကလည်း မိုးရာသီမှာ ရေလွှဲခဲ့ ပြီးသားဖြစ်ပါတယ်။ ၁၃ ပေခွဲ၊ ၁၄ ပေခွဲလောက်အထိကို ရေပိုလွှဲကနေ ရေကျပြီးသားဖြစ်တဲ့အတွက် အန္တရာယ် မရှိပါဘူးလို့ ပြောချင်ပါတယ်။
မေး - ဆရာတို့ လေ့လာတွေ့ရှိချက်တွေ၊ ကြည့်ရှုခဲ့တဲ့
အနေအထားတွေကို အများပြည်သူကို အသိပေး ချင်တာ၊ ပြောချင်တာများ ရှိပါသေးသလား ဆရာ။
ဖြေ - ဟုတ်ကဲ့ ရှိပါတယ်။ တောင်ပြိုတဲ့ဆည်နဲ့ပတ်
သက်ပြီးတော့ အန္တရာယ်မရှိပါဘူးလို့ ပြောချင်ပါ တယ်။ သွားကြည့်တဲ့အခါမှာ အထက်မှာ ရေစီးပြီးထွက် နေတယ်ဆိုတော့ မိုးရွာရင်လည်း အဲဒီနေရာကနေ စီးပြီး ထွက်နေမယ်။ တမံကြီး လုံးဝပိတ်ထားတာမျိုး မရှိဘူး။ သွားပြီး ကွင်းဆင်းကြည့်တဲ့အခါမှာလည်း ပိတ်ထားတာ မရှိပါဘူး။ မိုးရွာရင်လည်း အဲဒီကနေ ရေစီးပြီးတော့ ပေါက်သွားမှာပါ။
အဲဒီရေက အောက်ကိုစီးလာတဲ့အခါ ကျရင်လည်း အန္တရာယ်မရှိပါဘူး။ ဧကပေ တစ်သိန်း သုံးသောင်းကျော်လောက်အထိ ရေပိုလွှဲက လွှတ်လို့ရပါ တယ်။ အန္တရာယ်မရှိပါဘူးလို့ ပြောချင်ပါတယ်။ ရာဇဂြိုဟ် ဆည်အတွက်လည်း အန္တရာယ်မရှိပါဘူး။ ရာဇဂြိုဟ် အောက်က ရွာတွေအတွက်လည်း အန္တရာယ်မရှိပါဘူး။ စိုးရိမ်စရာမရှိပါဘူးဆိုတာ တင်ပြချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment