Saturday, September 19, 2015

မိုဘိုင်းလ်ဖုန်း အန္တရာယ် ---------------------

မိုဘိုင်းလ်ဖုန်း အန္တရာယ်
---------------------

အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၁၅ နှစ်ခန့် နောက်ကျပြီး ၂၀၁၃ ခုနှစ်မှသာ အများပြည်သူသို့ မိုဘိုင်းလ်ဖုန်း ကျယ်ပြန့်စွာ သုံးစွဲခွင့်ပြုခဲ့သော မြန်မာနိုင်ငံတွင် ယခုအခါ မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း ၁၈.၁ သန်းအထိ ရောက်ရှိသွားရာ ၂ နှစ်အတွင်းမှာပင် သုံးစွဲသူအရေအတွက် မယုံကြည်နိုင်လောက်သည့် ပမာဏအထိ မြင့်တက်သွားခြင်းကို ပုဂ္ဂလိက တယ်လီကွန်း ကုမ္ပဏီများပင် အံ့အားသင့်သွားခဲ့ရသည်။

ထိုကဲ့သို့ မြန်မာပြည်သူလူထုထံတွင် မိုဘိုင်းလ်ဖုန်းများ အချိန်တိုအတွင်း ရောက်ရှိသွားခဲ့ခြင်းနှင့် ယင်းသို့ ရောက်ရှိသွားခဲ့ခြင်းအတွက် မြန်မာဈေးကွက်အတွင်း ငွေကြေးလှည့်ပတ်စီးဆင်းမှု မြင့်တက်မြန်ဆန်သွားခြင်းမှာ လက်ရှိအရပ်သားအမည်ခံ အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အသီးအပွင့်တစ်ခုအဖြစ် အသိအမှတ်ပြုရမည် ဖြစ်သည်။

သို့သော် အစိုးရသည် အခြားနေရာနှင့် နယ်ပယ်များတွင် လုံခြုံရေးရှုထောင့်မှ ကြည့်ကာ စိုးရိမ်သောကဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေသော်လည်း ထောက်လှမ်းရေးနှင့် သူလျှိုလုပ်ငန်းများအတွက် လုံခြုံရေးအန္တရာယ် ရှိနေသည့် ဆက်သွယ်ရေးနယ်ပယ်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းမှာ နားမလည်နိုင်စရာ ဖြစ်ခဲ့သည်။

မူလကပင် တယ်လီဖုန်း အော်ပရေတာ လုပ်ငန်းသုံး ဆက်သွယ်ရေးပစ္စည်း အများစုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီနှစ်ခုက အဓိက ထောက်ပံ့ပေးထားခဲ့ခြင်း ဖြစ်ရာ ယင်းပစ္စည်းများကို အဓိက အသုံးပြုနေသော အစိုးရယန္တရားနှင် တပ်မတော်တို့၏ လျှို့ဝှက်အပ်သော သတင်းအချက်အလက်များကို အဆိုပါ ပစ္စည်းများမှတစ်ဆင့် ထောက်လှမ်းရယူနိုင်ဖွယ်ရှိသည့် အချက်ကို သတိမပေါ့သင့်ပေ။

ထို့အတူ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လာသော တယ်လီဖုန်း အော်ပရေတာများအပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများမှ တစ်ဆင့် မြန်မာလူ့အဖွဲ့အစည်း အတွင်းရှိ ထိလွယ်ရှလွယ် နယ်ပယ်များသို့ ဝါဒဖြန့်ချိရေးနှင့် အမုန်းစကားများ အလွယ်တကူ ဝင်ရောက်ဖြန့်ချိသွားနိုင်သည့် အန္တရာယ်ကို လုံလောက်သော ကာကွယ်မှုဆိုင်ရာ ဖော်ပြချက်ကိုလည်း ဆက်သွယ်ရေး ဥပဒေတွင် မတွေ့ရပေ။

မည်သည့်နိုင်ငံတွင်မဆို ကာယကံရှင်၏ လုံခြုံရေးအရသော် လည်းကောင်း၊ ကာယကံရှင်က ကျူးလွန်နိုင်သော အမှုကိစ္စများကို အလွယ်တကူ စုံစမ်းထောက်လှမ်း သိရှိနိုင်ရန်သော် လည်းကောင်း မိုဘိုလ်းဖုန်း ဆင်းကဒ် ဝယ်ယူသူတိုင်းသည် နိုင်ငံသားဆိုပါက နိုင်ငံသား သက်သေခံကတ်ပြားနှင့် နိုင်ငံခြားသားဆိုပါက နိုင်ငံကူးလက်မှတ်တို့ကို မဖြစ်မနေ ပြသပြီးမှသာ ဝယ်ယူခွင့် ရောင်းချခွင့် ရှိပေသည်။

မြန်မာနိုင်ငံတွင်မူ ပုဂ္ဂလိက ကုမ္ပဏီများက ဗွေဆော်ဦး ရောင်းချသော ဆင်းကတ်များကိုသာ နိုင်ငံသားသက်သေခံကတ်ပြား မိတ္တူဖြင့် ဝယ်ယူသည့်ပုံစံ ကျင့်သုံးခဲ့ပြီး ယခုနောက်ပိုင်းတွင်မူ MPT အပါအဝင် တယ်လီနောနှင့် အူရီဒူး ဆင်းကတ်များ အားလုံးကို လမ်းဘေးတွင် ချရောင်းနေသူများထံမှ မည်သည့်အထောက်အထားမျှ ပြစရာမလိုဘဲ လိုသလောက် ဝယ်ယူနိုင်ခြင်းမှာ သေချာစဉ်းစားကြည့်လျှင် အန္တရာယ် ရှိပေသည်။

ဆိုလိုသည်မှာ လူတစ်ဦးလျှင် ဆင်းကတ်အရေအတွက် ကန့်သတ်မထားဘဲ ကိုင်ဆောင်ခွင့် ရှိသော်လည်း ထိုဆင်းကတ်များကို မည်သူမည်ဝါ ကိုင်ဆောင်နေခြင်းကို သက်ဆိုင်ရာက မသိရှိပါက မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ကျူးလွန်သော ဘဏ်ငွေလွှဲ မသမာမှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုကဲ့သို့ သာမန်ပြစ်မှုများမှစကာ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု ပဋိပက္ခကို ဦးတည်စေသော ကောလာဟလများ ဖြန့်ချိခြင်းနှင့် အကြမ်းဖက် ဗုံးဖောက်ခွဲမှုအထိ ပြစ်မှုများ ဖြစ်ပေါ်လာပါက ဖော်ထုတ်စုံစမ်းရန် အခက်အခဲ ရှိသွားမည်ကို ဆိုလိုသည်။

မည်သည့်နေရာတွင်မဆို အခွင့်အလမ်းနှင့် စိန်ခေါ်မှု အခက်အခဲများ အတူယှဉ်တွဲနေလေ့ ရှိရာ ယင်းအခြေအနေကို တတ်နိုင်သရွေ့ မျှခြေဖြစ်စေရန် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းညှိကြရခြင်းမှာ ပုံမှန်လုပ်ငန်းစဉ် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အာဏာနိုင်ငံရေး နယ်ပယ်မှအပ ကျယ်နယ်ပယ် အားလုံးနီးပါးတွင် ဥပဒေ အထိန်းအကွပ် အားနည်းနေခြင်း၊ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်နှင့် မြန်မာ့လူ့အဖွဲ့အစည်းအပေါ် မလိုလားအပ်သော အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်ကို အထူးသတိပြုသင့်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၁၆- ၉-၂၀၁၅)

----------------------------------
Editorial, The Voice Weekly Vol-11/No-35 (#voiceeditorial)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment