စက်ရက်ကန်းလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် ဝမ်းတွင်းမြို့နယ်မှ
ထီးလှိုင်ကျေးရွာ
ချမ်းသာ (မိတ္ထီလာ)
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ထီးလှိုင် ကျေးရွာသည် ရန်ကုန်-မန္တလေး ကားလမ်းအနီးတွင် တည်ရှိပြီး ပုဂံခေတ် အနော်ရထာမင်းကြီး တူးဖော်ခဲ့သည့် ထီးလှိုင်ကန်ကြီး တည်ရှိရာ ကျေးရွာလည်းဖြစ် သည်။ထီးလှိုင်ကန်ကြီးမှ ရေကို စိုက်ပျိုးရေနှင့် သုံးရေအတွက် ကျေးရွာဒေသခံများက မှီခိုအားထားကြသည်။ နှစ်ကာလကြာမြင့်သဖြင့် ထီးလှိုင်ကန်ကြီးမှာ တိမ်ကောလာ သဖြင့် လွန်ခဲ့သည့်တစ်နှစ် ကျော်ခန့်က နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှုဖြင့် ထီးလှိုင်ကန်ကြီးကို ဆယ်ဖို့ပြုပြင်ဆောင်ရွက်ခဲ့သည်။
ထီးလှိုင်ကန်ကြီး ပြန်လည်ဆယ်ဖို့ ပြုပြင်ခြင်းနှင့်အတူ ထီးလှိုင်ကျေးရွာ၏ စက်ရက်ကန်းလုပ်ငန်းအတွက် များစွာ အထောက်အကူပြုမည့် ကျေးရွာလျှပ်စစ်မီးလင်းရေးကို ဒေသခံ ပြည်သူများ စုပေါင်းလုပ်ဆောင်နိုင်ခဲ့ သည်။
ထီးလှိုင်ကျေးရွာသည် ယခင်က ကျေးရွာတွင် စက်ရက်ကန်းစင် ၉၅ စင်းသာရှိရာမှ ယခုအခါ စက်ရက်ကန်း စင်ပေါင်း ၄၇ဝ ကျော် ရှိလာခဲ့ပြီး စက်ရက်ကန်း လုပ်ငန်းရှင် ၁၂ဝ ဦးအထိရှိလာခဲ့သည်။
စက်ရက်ကန်းလုပ်ငန်းဖြင့် ဖွံ့ဖြိုး တိုးတက်လာသည့် ဝမ်းတွင်းမြို့နယ်မှ ထီးလှိုင် (အနောက် )ကျေးရွာသို့ သွား ရောက်၍ ဒေသခံ စက်ရက်ကန်း လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်တို့ကို ကောက်နုတ် တင်ပြလိုက်ပါသည်။
မေး။ ။ဦးလေးနာမည်နဲ့ ဦးလေးပိုင် စက်ရက်ကန်းစင် ဘယ်နှစင်ရှိသလဲ ခင်ဗျ။
ဖြေ။ ။နာမည်က ဦးလွန်းမောင် ဖြစ်ပါတယ်။ စက်ရက်ကန်းစင် ၁ဝ စင် ရှိပါတယ်။
မေး။ ။ဦးလေးတို့ ကျေးရွာမှာ လျှပ်စစ်မီးမရမီအချိန်က စက် ရက်ကန်းလုပ်ငန်းကို ဘယ်လိုလုပ် ကိုင်ကြပါသလဲ။ အဲဒီတုန်းက ထီးလှိုင် ကျေးရွာရဲ့ စက်ရက်ကန်းလုပ်ငန်း အခြေအနေလေးပြောပြပေးပါဗျ။
ဖြေ။ ။ဦးလေးတို့ ကျေးရွာမှာ ရက်ကန်းလုပ်ငန်းကို ၁၉၆၈ ခုနှစ် လောက်ကစတင်ပြီး လုပ်ကိုင်ခဲ့ကြပါ တယ်။ ၂ဝ၁၄ ခုနှစ်မတိုင်မီအထိ ကျေးရွာမှာ လျှပ်စစ်မီးမရသေးတော့ စက်ရက်ကန်းလုပ်ငန်းအတွက် ဒီဇယ် အင်ဂျင်စက်တွေပဲ အားကိုးကြရတယ်။ ဒီဇယ်အင်ဂျင်နဲ့လုပ်ကိုင်ရတဲ့အတွက် စက်သုံးဆီ ကုန်ကျစရိတ်လည်းရှိ၊ လုပ်သားလုပ်အားခ ကုန်ကျစရိတ် လည်းရှိတယ်။ ပြီးတော့ စက်ရက်ကန်း လုပ်သားအတွက်လုပ်ငန်းလုပ်ကိုင်ရတာ ပင်ပန်းဆင်းရဲပါတယ်။ အဲဒီတုန်း က အခုလောက် စက်ရက်ကန်းလုပ်ငန်း မဖွံ့ဖြိုးသေးတော့ ကျေးရွာက တချို့ လူငယ်တွေက အနီးဝန်းကျင် ရက်ကန်းလုပ်ငန်းဖွံ့ဖြိုးတဲ့ကျေးရွာတွေနဲ့ ဝမ်းတွင်းမြို့ပေါ်က ရက်ကန်း ရုံတွေ မှာ သွားရောက်လုပ်ကိုင်ကြရ တယ်။
မေး။ ။ ထီးလှိုင်ကျေးရွာမှာ လျှပ်စစ်မီး ရရှိပြီးနောက်ပိုင်း စက်ရက်ကန်း လုပ်ငန်းတွေရဲ့ အခြေအနေကိုရော ပြောပြပေးပါဦးဗျ။
ဖြေ။ ။၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထီးလှိုင်မှာ လျှပ်စစ်မီး စတင်ရရှိခဲ့ပါတယ်။ ၃၁၅ ကေဗွီအေ ထရန်စဖော်မာနဲ့ လျှပ်စစ်မီးလင်းနိုင် ခဲ့ပြီးနောက်ပိုင်း ယခင်က ကျေးရွာ မှာ စက်ရက်ကန်းစင် ၉၅ စင်ပဲရှိရာ ကနေ စင်ပေါင်း ၄၇ဝ အထိရှိလာပါ ပြီ။ ကျေးရွာဒေသခံလူငယ်တွေလည်း တစ်ရပ်တစ်ကျေးရွာကို သွားရောက် လုပ်ကိုင်စရာမလိုဘဲ ကိုယ့်ကျေးရွာမှာ ပဲ လုပ်ကိုင်နိုင်ကြပြီဖြစ်ပါတယ်။အခုနောက်ပိုင်း စက်ရက်ကန်းစင်တွေ ကျေးရွာမှာ ထပ်မံတိုးပွားလာတာမို့ ၃၁၅ ကေဗွီအေ ထရန်စဖော်တစ်လုံး ထပ်မံ တည်ဆောက်ထားပါတယ်။ကျေးရွာကအိမ်တိုင်းမှာ စက်ရက်ကန်း စင်မရှိဘူးဆို အနည်းဆုံး နှစ်စင်တော့ ရှိကြပါတယ်။ ကျေးရွာမှာ အိမ်ထောင် စု ၃၆ဝ ခန့်နဲ့ လူဦးရေ ၁၈၇ဝ ကျော် ရှိပါတယ်။
မေး။ ။ ညီမငယ်နာမည်နဲ့ စက် ရက်ကန်းလုပ်ငန်းမှာ ဘယ်အချိန် ကတည်းက ဝင်ရောက်လုပ်ကိုင်နေ တယ်ဆိုတာ ပြောပေးပါဦး။
ဖြေ။ ။ နာမည်က မဝေဖြိုးပါ။ အသက် (၁၆ )နှစ်အရွယ်လောက်က တည်းက စက်ရက်ကန်းလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတာပါ။
မေး။ ။ ညီမငယ်စက်ရက်ကန်း လုပ်ငန်း စတင်လုပ်ကိုင်ချိန်ကနဲ့ အခု လက်ရှိအချိန်မှာ ဘယ်လိုပြောင်းလဲတိုးတက်မှုတွေရှိလာသလဲ။ ညီမငယ်တို့ စက်ရက်ကန်းလုပ်သားတွေ အတွက် ဘယ်လိုလုပ်အားခရရှိသလဲ ပြောပေးပါဦး။
ဖြေ။ ။ညီမ စတင်လုပ်ကိုင်တဲ့အချိန်က ရွာမှာ လျှပ်စစ်မီးမရသေးတော့ ဒီဇယ် အင်ဂျင်စက်ကြီးတွေနဲ့ပဲ စက် ရက်ကန်းကို လုပ်ကိုင်ကြရတာမို့ စက်သုံးဆီကုန်သွားရင် အလုပ်ကို ရပ်နားပြီး ဆီဖြည့်ရပါတယ်။အဲဒီ အချိန်က စက်ရက်ကန်းလုပ်သား တွေက ပင်ပန်းဆင်းရဲပါတယ်။ အခု တော့ ကျေးရွာမှာ လျှပ်စစ်မီးရတော့ လျှပ်စစ်မီးနဲ့ စက်ရက်ကန်းလုပ်ငန်း လုပ်ရတာ လုပ်သားတွေအတွက် အရင်ကထက်စာရင် အလုပ်လုပ်ရတာ ကွင်းပြတ်လုပ်ကိုင်ရတာပါ။ ပျမ်းမျှ ပုဆိုးတစ်ကွင်းကို ၂၅ဝ ကျပ် ရရှိပြီးတော့ နေ့ညလုပ်ကိုင်ရင် ကွင်း ၂ဝ ဆိုတော့ လုပ်သားတစ်ဦးတစ်နေ့ကို ကျပ် ၅ဝဝဝ လောက်ဝင်ငွေရှိပါတယ်။ ဒါပေမယ့် နေ့ညတစ်ဦးစီပဲလုပ်ကိုင် ကြတာများပါတယ်။
မေး။ ။ညီမငယ်အမည်နဲ့ စက်ရက်ကန်းလုပ်ငန်းမှာ ဝင်ရောက်လုပ် ကိုင်ဖြစ်တာကို ပြောပြပေးပါဦး။ပြီးတော့ ရွာရဲ့လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေလေးတွေလည်း ပြောပြ ပေးပါဦး။
ဖြေ။ ။ နာမည်က မရီရီဆွေပါ။အသက် (၁၄) နှစ်အရွယ်ကတည်းက ရွာက စက်ရက်ကန်းလုပ်ငန်းမှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။အတန်းက လေးတန်းထိပဲနေခဲ့ရ တယ်။ အဲဒီအချိန်က လမ်းပန်း ဆက်သွယ်ရေးလည်းမကောင်းဘူး၊ ရွာမှာလည်း မူလတန်းကျောင်းပဲရှိတော့ ပညာရေးကိုဆုံးခန်းတိုင်အောင် မသင်ခဲ့ရဘူး။ အခုတော့ ရွာမှာ လျှပ်စစ်မီးတွေရပြီးတော့ စက်ရက်ကန်းတွေလည်း အဲဒီအချိန်က ထက်အများကြီး ပြောင်းလဲတိုးတက် လာတယ်။ ရွာမှာလည်း အလယ်တန်းအဆင့် ဆဋ္ဌမတန်းအထိ ပညာသင်ကြားနေလို့ရနေပြီမို့ အခုလို ထီးလှိုင်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြတဲ့ နိုင်ငံ တော်တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာလည်း ပြော မပြတတ်နိုင်အောင် ဝမ်းသာမိပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၊ ထီးလှိုင်ကန်ကြီးလည်း ပြန်လည်တူးဖော်ပေးခဲ့ပြီး လျှပ်စစ် မီးလည်းရရှိပြီမို့ ရွာက ယခင်ကနဲ့ မတူတော့ပါဘူး။ အမှန်ပြောင်းလဲ တိုးတက်လာပါတယ်။ရွာက စာသင် ကျောင်းဆောင်လေး ပြုပြင်ပေးဖို့ လိုအပ်နေတာတော့ ပြောချင်ပါတယ်။ကျေးရွာက ကလေးတွေ ပညာရေး ကြိုးစားသင်ကြားဖို့လည်း တိုက်တွန်း ချင်ပါတယ်။
မေး။ ။ ဦးလေးအမည်နဲ့ ဦးလေး ကိုယ်ပိုင်ရက်ကန်းစင် ဘယ်နှစင် ရှိတယ်ဆိုတာ ပြောပေးပါဦးဗျ။
ဖြေ။ ။ နာမည်က ဦးညိမ်းအောင်ပါ။ ကိုယ်ပိုင်စက်ရက်ကန်းစင် ၁၂ စင် ရှိပါတယ်။
မေး။ ။အရင်တုန်းက လျှပ်စစ်မီး မရှိမီကအချိန်နဲ့ လက်ရှိအချိန်မှာ ရက်ကန်းလုပ်ငန်း တိုးတက်ကွာခြား မှုရှိပါသလား။
ဖြေ။ ။ထီးလှိုင်ကျေးရွာကို ဝမ်းတွင်း မြို့ပေါ်နဲ့ ဇဂျမ်းကုန်း၊ ရွာသစ်စတဲ့ ဘက်က လုပ်ငန်းရှင်ကြီးတွေက ရက်ကန်းစင်တွေ ထောင်ပေးတယ်။ပြီးတော့ထွက်တဲ့ အထည်ကိုယူပြီး စက်ရက်ကန်းတန်ဖိုးနဲ့ တွက်ချက် တာမို့ တဖြည်းဖြည်းရွာမှာ စက်ရက်ကန်းပိုင်တဲ့သူတွေ များလာ တယ်။ လျှပ်စစ်မီး မရှိမီအချိန်က ကျွန်တော်ပိုင် စက်ရက်ကန်း ကိုးစင်ရှိတယ်။ လျှပ်စစ်မီး ရရှိပြီးနောက်ပိုင်း သုံးစင်တိုးလာ တယ်။ ၁၂ စင် ဖြစ်လာတယ်ဗျ။
မေး။ ။ ကုန်ကြမ်းကို ဘယ်က ယူပြီးတော့ ထွက်ရှိတဲ့ ကုန်ချောအထည်ကို ဘယ်ကို တင်ပို့ရောင်းချပါသလဲ။ ပြီးတော့ ဦးလေး ရက်ကန်းစင်က ဘယ်လိုအထည်တွေ ရက်လုပ်တာပါလဲ။
ဖြေ။ ။ ကုန်ကြမ်းကို မန္တလေးက အဓိကယူပါတယ်။ ထွက်ရှိတဲ့ ကုန်ချောအထည်ကို ရန်ကုန်၊ မန္တလေး၊တောင်ကြီးမြို့တွေကို တင်ပို့ ရောင်းချပါတယ်။ အိမ်က ရက်ကန်း စင်တွေမှာ ကျားဝတ်၊ မဝတ် ပုဆိုး၊ လုံချည်အမျိုးမျိုး ရက်လုပ်ပါတယ်။ ပြီးတော့ ဈေးကွက်လိုအပ်ချက်အရ ဝယ်ယူသူတွေအကြိုက် အဆင်တွေ လည်း စိတ်တိုင်းကျ ရက်လုပ်ပေးပါ တယ်။
မေး။ ။ထီးလှိုင်ကျေးရွာက စက်ရက်ကန်းလုပ်ငန်းတွေက လျှပ်စစ်မီး ရရှိပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုး တက်လာတယ်လို့ သိရပါတယ်။ စက် ရက်ကန်းလုပ်ငန်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိသေးလားဗျ။ ရှိရင် ဘာကြောင့် အဲဒီလိုဖြစ်တယ်ဆိုတာကို လည်း ပြောပြပေးပါဦး။
ဖြေ။ ။ အဓိက ကြုံတွေ့ရတာက လုပ်သားရှားပါးတဲ့ အခက်အခဲပါ။ဘာကြောင့် လုပ်သားရှားပါးရသလဲ ဆိုတော့ ရွာမှာက စက်ရက်ကန်းစင်တွေ ယခင်ကထက် သုံးလေးဆမက တိုးတက်များပြားလာတာမို့လုပ်သားနဲ့ စက်ရက်ကန်းစင်အရေအတွက် မမျှတာကြောင့် အဲဒီလို လုပ်သား ရှားပါးလာတာလို့ပဲ ထင်ပါတယ်။
မေး။ ။ ထီးလှိုင်ကျေးရွာက ထွက်ရှိတဲ့ ကျားဝတ်မဝတ် ပုဆိုးလုံချည် အထည်တွေကို ရောင်းချလို့ကောင်းတဲ့ ကာလက ဘယ်လိုအချိန်မျိုးလဲခင်ဗျ။
ဖြေ။ ။ ဒီလို ဝါတွင်းကာလမှ ရောင်းချ ရတာ နည်းပါးပါတယ်။ သီတင်းကျွတ် ဝါကျွတ်ကာလနဲ့ နှစ်ဆန်းတစ်ရက် လိုမျိုးကာလတွေမှာ ရွာကအထည် တွေ ရောင်းချလို့အကောင်းဆုံးဖြစ် ပါတယ်။
ယခင်က ထီးလှိုင်ကျေးရွာသည် ရန်ကုန်-မန္တလေး ကားလမ်းမအနီး လမ်းသွယ်မှ ဝင်ရောက်သွားလျှင် သဲချောင်းငယ်ကိုဖြတ်သန်းမှ ထီးလှိုင် (အရှေ့ကျေးရွာ)ကို ရောက်၏။လမ်းဆိုးသည်။ ထီးလှိုင်(အရှေ့)ကျေးရွာမှ ထီးလှိုင်(အနောက်)ကျေး ရွာသို့ သွားရာလမ်းမှာလည်း မဖြောင့်ဖြူးလှပါ။
ယခုတော့ ရန်ကုန်-မန္တလေးကား လမ်းမအနီး အနော်ရထာမင်းကြီး တူးဖော်သည့် ထီးလှိုင်ကန်ကြီးသို့ လမ်းညွှန်ဆိုင်းဘုတ်မှ ထီးလှိုင် (အရှေ့ )ကျေးရွာ ရွာလယ်လမ်းမထိ ကတ္တရာလမ်းကြီး ဖြစ်၍ သဲချောင်းပေါ်မှ သံကူကွန်ကရစ် တံတားတစ်စင်းကို လည်း ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ပြီးစီးခဲ့ ပြီးဖြစ်သည်။
ထီးလှိုင်(အရှေ့)ကျေးရွာ မှ ထီးလှိုင် (အနောက်)ကျေးရွာအထိ ဂန့်ကား ကျောက်ချော လမ်းသည်လည်း ကောင်းမွန်ဖြောင့်ဖြူးစွာ ခင်းထား ပြီးဖြစ်သည်။ လျှပ်စစ်မီးလည်း ထီးလှိုင်(အရှေ့)၊ ထီးလှိုင်(အနောက်)ကျေးရွာများတွင် ရရှိကာ နေ့ည စက်ရက်ကန်း ခတ်သံများသည် သောသောညံလျက်ရှိသည်။
မုဆိုးမပင် စက်ရက်ကန်းပိုင်ဆိုင်သည်ဟု ဒေသခံများပြောကြသော ဝမ်းတွင်းမြို့နယ် ထီးလှိုင်ကျေးရွာတွင် စက် ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လျက်ရှိသည်မှာ အမှန်ပင်ဖြစ်ကြောင်း ထီးလှိုင်(အနောက်) ထီးလှိုင် ကန်ကြီး ရှိရာကျေးရွာသို့ ရောက်ရှိမေးမြန်းခဲ့ သည်များကို ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။ ။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment