Wednesday, September 23, 2015

မုတ်သုံဆုတ်ခွာစဉ် လေထုမတည်ငြိမ်မှုကြောင့် မိုးကြိုးမုန်တိုင်း အန္တရာယ်ရှိနိုင်တယ် လို့ဆို

မုတ်သုံဆုတ်ခွာစဉ် လေထုမတည်ငြိမ်မှုကြောင့် မိုးကြိုးမုန်တိုင်း အန္တရာယ်ရှိနိုင်တယ် လို့ဆို
Wednesday, September 23, 2015

အနောက်တောင်မုတ်သုံလေ ဆုတ်ခွာနေစဉ်မှာ ရာသီအကူး အပြောင်းကာလမှာ လေထုမတည်ငြိမ်မှု တွေကြောင့် မိုးထစ်ချုန်း ရွာတာနဲ့ မိုးကြိုးမုန်တိုင်း အန္တရာယ် ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
“မုတ်သုံလေ ဆုတ်ခွာနေတာကြောင့် မုတ်သုံလေအား လျော့နည်းနေပြီး တိမ်ဖြစ်ထွန်းမှုလည်း လျော့နည်းကာ နေ့အပူချိန်တွေ မြင့်တက်နိုင်တယ်။ ဒါ့အပြင် မွန်းလွဲ၊ ညနေနဲ့ ညပိုင်း အချိန်တွေမှာ မိုးတိမ်တောင်တွေ အဖြစ်များပြီး မိုးထစ်ချုန်း ရွာသွန်းတာ၊ မိုးကြိုးမုန်တိုင်း တိုက်ခတ်တာနဲ့ စိုက်ဆင်းလေပြင်း တိုက်ခတ်တာတို့ ဖြစ်ပေါ်နိုင်တာ သတိပြုဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။
မန္တလေးမြို့မှာ ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့မှာ ၃၆ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်မြို့၊ ချောက်မြို့နဲ့ ရေဦးမြို့တို့မှာ ၃၆ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့မှာ ၃၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်နဲ့ ညောင်ဦးမြို့မှာ ၃၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့ (စက်တင်ဘာလ ၂၃ ရက်) ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့ (စက်တင်ဘာ ၂၃ ရက်နေ့) မွန်းလွဲ ၂ နာရီ ၅၁ မိနစ်အချိန်မှာ အီကွေတာ ဒေသဟာ နေရောင်ခြည် ရရှိမှု အမြင့်ဆုံးဖြစ်ပြီး နွေမုတ်သုံရာသီနဲ့ ဆောင်းမုတ်သုံရာသီ နှစ်ခုရဲ့ ကြားကာလဖြစ်ရာ လေထုမတည်ငြိမ်မှုတွေ အဖြစ်များတယ်လို့ ဦးကျော်လွင်ဦးက ရှင်းပြပြောဆိုပါတယ်။

The Voice Weekly



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments:

Post a Comment