အမြန်လမ်းတွင် (၂)လအတွင်း ယာဉ်တိုက်မှု အကြိမ် (၈၀) ဖြစ်ပွား၊ လူ (၂၈) ဦး သေဆုံး
အမြန်လမ်းမကြီးတွင် နှစ်လအတွင်း ယာဉ်မတော်တဆမှုပေါင်း အကြိမ်ရေ (၈၀)ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၈)ဦး၊ ထိခိုက်ဒဏ်ရာ ရသူ(၁၃၃)ဦး ရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇူလိုင်လတွင် ယာဉ်မတော်တဆမှု အကြိမ် (၄၀)၊ သြဂုတ်လတွင် ယာဉ်မတော်တဆမှု အကြိမ် (၄၀) စုစုပေါင်း နှစ်လအတွင်း ယာဉ်မတော်တဆမှု အကြိမ် (၈၀) ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် အမျိုးသား (၇) ဦး၊ အမျိုးသမီး (၂) ဦး သေဆုံးခဲ့ပြီး အမျိုးသား (၃၂) ဦး ၊ အမျိုးသမီး (၂၇) ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။ သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် အမျိုးသား (၁၂) ဦး ၊ အမျိုးသမီး (၇) ဦး သေဆုံးခဲ့ပြီး အမျိုးသား (၄၃) ဦး၊ အမျိုးသမီး (၃၁) ဦး ထိခိုက်ဒဏ်ရာရ ခဲ့သည်။
ယင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် အများစုမှာ ယာဉ်အား သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်မှုကြောင့် ဖြစ်သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များမှာ ပိုများကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံက သိရသည်။
““အမြန်လမ်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အရှိန်လွန် မောင်းလို့ ဖြစ်တာတွေပဲ။ သတ်မှတ်ထားတဲ့ မိုင်နှုန်းတိုင်း မမောင်းဘဲနဲ့ သတ်မှတ် အရှိန်ထက် ပိုမောင်းတာနဲ့ ဖြစ်တော့တာပဲ””ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမြန်လမ်းမကြီးတွင် သတ်မှတ် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား စစ်ဆေးအရေးယူ လျက်ရှိရာ ဇူလိုင်လနှင့် သြဂုတ်လအတွင်း သတ်မှတ် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်စီးရေ (၂၈၁) စီးရှိကြောင်း အမြန်လမ်းမကြီး ကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးအဖွဲ့ စာရင်းများအရ သိရသည်။
ယခုနှစ် ဇန်န၀ါရီလမှ မေလအထိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုပေါင်း (၁၆၂) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၆၅) ဦး၊ ဒဏ်ရာရသူ (၄၉၃) ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲစခန်း မှတ်တမ်းများအရ သိရသည်။
news journal
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment