"သြကာသ ဆိုသည်မှာ" ဗုဒ္ဓဘာသာဖတ်စာ-အပိုင်း(၁)
@@@@@@@@@@@@@@@@@@@@@@@@
လောကကြီးအတွင်းသို့ လူသားအသွင်ဖြင့် စတင်မွေးဖွားလာကြသည့် မည်သူမဆို လောကကြီးမှာ အေးအေးချမ်းချမ်း သက်တောင့်သက်သာ ကောင်းမွန်စွာ နေထိုင်၊ရပ်တည်နိုင်ရန်အတွက် လောကပညာရပ်များကို လူသားတိုင်း သင်ယူကြရသည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ ထိုသို့သင်ယူကြရာတွင် အခြေခံစာပေများကို ဦးစွာသင်ယူကြရမည်မှာလည်း မလွဲမသွေဖြစ်သည်။ မြန်မာပြည်တွင်တွင် မွေးဖွားလာကြသည့် ကလေးသူငယ်များဖြစ်ပါက မြန်မာ့စာပေ၏အခြေခံဖြစ်သည့် ကကြီး၊ခကွေး (က၊ခ) ကို စတင်သင်ကြရမည်ဖြစ်သလို အင်္ဂလိပ်လူများဖြစ်လျှင်လည်း အင်္ဂလိပ်စာပေ၏ အခြေခံဖြစ်သည့် အေ၊ဘီ၊စီ၊ဒီ (A,B,C,D) ကိုစတင်သင်ကြားကြရမည်ဖြစ်သည်။
အခြားသော လူမျိုးများသည်လည်း ၎င်းတို့၏ ဆိုင်ရာအခြေခံစာပေကိုသင်ကြားရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ အခြေခံမူကြိုအဆင့်မှစ၍ အလယ်တန်းအဆင့် အထက်တန်းအဆင့်မှသည် ဘွဲကြို၊ဘွဲ့လွန်အဆင့်ထိ သူ့အဆင့်အလိုက် တက်၍သင်ကြားရမည်ဖြစ်သည်။ ကကြီးခကွေမှသည် ဘွဲရသည့်အထိ သင်ကြားလေ့လာသမျှသည် လောကအလယ်၌ အေးချမ်းသာယာစွာနေတတ်၊ထိုင်တတ်၊ ပြုမူဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် သင်ကြာ ကြရခြင်းဖြစ်ပါသည်။
လောကအတွင်အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် လောကီအတန်းဆိုင်ရာပညာရပ်များ၊အခြားသော အသက်မွေးမြူးမှုဆိုင်ရာ အတတ်ပညာရပ်များကိုသင်ကြားရသကဲ့သို့ မိမိတို့၏ စိတ်နှလုံးအေးချမ်းမှု ယခုနှင့်နောက် တနည်း ပစ္စုပ္ပန်နှင့် သံသရာ ဘေးကင်းလုံးခြုံရေး အေးချမ်းသာယာရေးအတွက်လည်း မိမိတို့ နှစ်သက်ယုံကြည်ရာ ဘာသာတရားတို့ကို ကိုးကွယ်ဆည်းကပ်ကြပါသည်။
ထိုသို့ဆည်းကပ်ရာတွင်လည်း လူလောအတွင်းသို့စတင်ရောက်ခါက ကလေးငယ်တစ်ဦးအနေနဲ့ ဆိုင်ရာဘာသာတရားရဲ့ အခြေခံဘာသာရေးစာပေများကို သင်ကြားကြပါသည်။ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာတစ်ဦးဆိုပါက အတန်းပညာအခြေခံ ကကြီး၊ခခွေးကို စတင်သင်ကြားရသကဲ့သို့ ဘာသာရေးစာပေတွင်လည်း အခြေခံဖြစ်သည့် “သြကာသ” ဘုရားရှိခိုးကို မလွဲမသွေ င်ယူလေ့ရှိကြပါသည်။
ဗုဒ္ဓဘာသာမှန်သ၍ ကလေးမှစ လူကြီးအထိ မည်သူမဆို သြကာသ ကန်တော့ချိုးကိုတော့ တစ်ယောက်မကျန်ရရှိကြပါသည်။ သြကာသဘုရားရှိခိုးဆိုလျှင် သန်းခေါင်ကျော် ထဆိုခိုင်းလျှင်လည်း အားလုံးဆိုနိုင်ကြပါသည်။
ထိုသို့ဆိုနိုင်ကြပါသော်လည်း လူတစ်ရာတွင်(၈၀) ကတော သြကာသစသည်၏့ သဘောတရား၊ အနှစ်သာရ၊အဓိပ္ပါယ်ကို မသိရှိကြဘဲ ကြက်သူရွေး ရနည်းသာရကြတာဖြစ်ပါသည်။ မူကြိုတန်း၊မူလတန်းမျှပင်မအောင်မြင်ဘဲ တက္ကသိုလ်ပညာရပ်များကို သင်ယူသကဲ့သို့ ဘာသာရေးတွင်လည်း သြကာသ စသည့်ဘာသာရေး၏ အခြေခံသဘောတရားများကို နားမလည်ကြဘဲ အင်မတန်အဆင့်မြင့်သည့် ၀ိပဿနာတို့ကို လေ့လာကြသူများမှာ မူလတန်းကလေး တက္ကသိုလ်အဆင့်ပညာရပ်ကိုသင်ယူသည့် ကလေးငယ်ကဲ့သို့ ပင်ပန်းသလောက်ခရီမတွင်ဖြစ်နေကြသူများလည်း များစွာရှိကြပါသည်။
လောကရဲ့ လောဘဇော၊မောဟဇော တို့၏မောဟအမှောင်ဖုံးလွှမ်းမှုကြောင့် မိမိရဲ့ သံသရာတစ်လျှောက်အလွန်အရေးကြီးတဲ့ ဘာသာတရားကို အလေးမပေးဘဲ ခပ်ပေါ့သဘောထားပြီးဓလေ့ထုံးတမ်းစဉ်လာအလုပ်တစ်ခုအနေနဲ့သာ ပေါ့ပျက်ပျက်သဘောထားလေ့ရှိကြပါသည်။ အို၊နာ၊သေ သင်္ခါရတရားက နှိပ်စက်တဲ့အခါမှသာ ဘာသာတရားကိုအားကိုးရမှန်းသိလာပြီး အချိန်လွန်နောင်တတွေရင်မှာပိုက်လို့ မလှမပဘ၀နိဂုံချုပ်သွားရရှာသူများမှာလည်း ထုနဲ့ဒေးပင်။ အင်မတန် ကောင်းမွန် မွန်မြတ်သည့် စားကောင်းသောက်ဖွယ်ကို သွားမရှိတဲ့အချိန် လျှာအရသာ မခံနိုင်ချိန်မှ စားသောက်သူကဲ့သို့ဖြစ်ပေသည်။
သာစဉ်၊မာစဉ်၊ငါဆိုတဲ့မာနထောင်ကြွားနိုင်တဲ့အချိန်မှာဘာသာတရားတရားကိုအလေးမထား ပေါ့ပျက်နေသူများမှာ အသက်အရွယ်အိုမိုလို့သော်လည်းကောင်း၊ ကျမ္မာရေး၊လူမှုရေး၊ စီးပွားရေး စသည့်ဒုက္ခတစ်ခုတစ်ခုကြောင့် အားကိုးရှာကာ ကိုးကွယ်ရာ ဘာသာတရားကိုအားကိုးချင်သော်လည်း ဘာသာတရားရဲ့ အနှစ်သာရကို မသိနားမလည်သည့်အတွက် မျောက်အုံးသီးရပမာအသုံးမချတတ်ဘဲ လောကဓံကိုလက်မြှောက်အရှုံးပေး၍ အပါယ်သံသရာလည်သွားရရှာသူများမှာ များစွာနစ်နာလှပေသည်။
အထူးသဖြင့် အင်မတန်တွေ့ကြုံဖို့ရန်ခက်ခဲသည်ဗုဒ္ဓသာသနာနှင့် တွေ့ကြုံနေရပါလျှက် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မခံစားမစားသုံးလိုက်ရပါမူ အရှုံးကြီး ရှုံးသူများဖြစ်ကြပေသည်။
လောကသဘာဝသဘောတရားအရတန်ဖိုးကိုသိမှသာတန်ဖိုးထားကြစမြဲဖြစ်သည်။မည်မျှတန်ဖိုးရှိသောအရာပင်ဖြစ်ဖြစ် တန်ဖိုးမသိသူလက်ထဲရှိနေပါက ထိုပစ္စည်းသည် တန်ဖိုးမတက်သလို အသုံးလည်းမချနိုင်ပေ။ မြတ်ဗုဒ္ဓသာသနာ၏ တန်ဖိုးနှင့် အနှစ်သာရကို သိမြင်မြတ်နိုးတန်ဖိုးထားတတ်ကြ၍ ပစ္စုပ္ပန်၊သံသရာမှာ နည်းမှန်လမ်း နေထိုင်ကျင့်ကြံ၍ အေးချမ်းသာယာစေရန်ရည်ရွယ်ချက်ဖြင့် လောကအတန်းပညာတွင် ကကြီး၊ခခွေးမှစ၍ ဘွဲ့လွန်၊ဘွဲ့ရသည့်အထိ သင်ကြားပေးသကဲ့သို့ ဗုဒ္ဓဘာသာဝင်များမသိမဖြစ်သိထားရမည့်ဗုဒ္ဓဘာသာဆိုင်ရာသဘောတရားတို့ကိုလည်း ဘာသာရေးမူကြိုအဆင့် သြကာသမှစ၍ နောက်ဆုံး အဆင့်အမြင့်ဆုံး ဘာသာရေးဘွဲ့လွန်အဆင့်ဖြစ်သည့် ၀ိပဿနာအားထုတ်ပုံအဆင့်အထိကို အခန်းလိုက် တင်ပြပေးသွားမှာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်တို့ကို ရေးသားပေးရန် ဒကာမတစ်ဦးမှ လျှောက်ထားသည့်အတွက် ဗုဒ္ဓဘာသာဖတ်စာအမည်ရှိ ကျမ်းစာကို ဗုဒ္ဓဘာသာဝင်အားလုံး၏ အကျိုးစီးပွားကို မျှော်ရည်သန်၍ ရေးသားလိုက်ရခြင်းဖြစ်သည်။
မူလတန်းမှစတင်သင်ကြား၍ နောက်ဆုံးအဆင့်ဘွဲ့ရသည့်အခါတွင် လောကအလယ်တွင် မကြောင့်မကျ ပြေပြေလည်လည် အောက်မကျဘဲ နေထိုင်ရသကဲ့သို့ ဘာသာရေးအခြေခံမှ နောက်ဆုံးအဆင့်မြင့်အထိ ယခုရေးသားမည့် ဘာသာရေးဖတ်စာများကို ဖတ်မှတ်လေ့လာကြသူမှန်သမျှ ဗုဒ္ဓဘာာသ၏ အနှစ်သာရနှင့် တန်ဖိုးကို ကောင်းစွာနားလည်းပြီး ပစ္စုပ္ပပ္ပန် သံသရာမှာ မတောင့်မတ မကြောင့်မကျ အေးချမ်းသာယာစွာဖြတ်သန်းနိုင်ကြမည်ဟု မျှော်လင့်မိပါသည်…။
သြကာသဘုရားရှိခိုးတွင်ရှိခိုးပူဇော်ခြင်း၊ ပြစ်မှားမိသည့်အပြစ်တို့ကို ပြေပျောက်ခွင့်လွှတ်ပေးဖို့ရန် တောင်းပန်ခြင်းနှင့် ဆုတောင်းခြင်း ဟူ၍ ကဏ္ဍသုံးခုပါရှိပါသည်။ သြကာသဘုရားရှိခိုးနည်းများမှ အများရှိခိုးနေသည့် သြကာသဘုရားရှိခိုးအပြင်၊ မဟာစည်နည်း၊မိုးကုတ်နည်းစသည်ဖြင့် မူကွဲများလည်းရှိကြသည်။ မူကွဲများရှိပါသော်လည်း အဓိပ္ပါယ်အနှစ်ချုပ်မှာ အတူတူပင်ဖြစ်သည်။
(သြကာသ ဆိုသည်မှာ)
^^^^^^^^^^^^^^^^^^^^^^^
သြကာသဟူသောစကားမှာ ပါဠိဘာသာစကားဖြစ်ပြီး မြန်မာဘာသာဖြင့် “အခွင့်ပေးပါဟု ခွင့်တောင်းသော စကားဖြစ်သည်” ကန်တော့ပါရစေ၊ခွင့်ပြုတော်မူပါဘုရား ဟုဆိုလိုခြင်းဖြစ်သည်။ ကန်တော့ကြသည့်အခါ သြကာသကို သုံးကြိမ်သုံးခါဆိုလေ့ရှိသည်။ ပထမသြကာသမှာ အရဟတာအစရှိသော ဘုရားဂုဏ်တော် (၉)ပါးနှင့်ပြည့်စုံသည့် ဘုရားရှင်ကို ရည်မှန်း၍ အခွင့်တောင်းခြင်းဖြစ်သည်။ ဒုတိယ သြကာသမှာ သွာက္ခာတတာ အစရှိသော တရားဂုဏ်တော် (၆) ပါးနှင့်ပြည့်စုံသော တရားတော်မြတ်ကို ရည်မှန်း၍ အခွင့်တောင်းခြင်းဖြစ်သည်။ တတိယ သြကာသမှာမူ သုပ္ပဋိပန္နတာ အစရှိသော သံဃာဂုဏ်တော် (၉ )ပါးနှင့် ပြည့်စုံတော်မူသည့်သံဃာတော်အရှင်သူမြတ်တို့ကိုရည်မှန်၍ အခွင့်တောင်းခြင်းဖြစ်သည်။ပို၍ လေးနက်စေလိုသောကြောင့် သြကာသကိုသုံးကြိမ်သုံးခါဆိုခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
သြကာသသုံးကြိမ်ဆိုပြီးသောအခါတွင် “ကာယကံ၊၀စီကံ၊မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ဒုတိယ၊တတိယ တစ်ကြိမ်နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေအလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ကန်တော့ပါ၏ ဘုရား” ကာယကံ၊၀စီကံ၊မနောကံ တည်းဟူသော ကံသုံးပါးနှင့် မတော်တဆကျူးလွန်မိသည့် အပြစ်တို့ကို ခွင့်လွှတ်တော်မူဟုဆိုကာ ပြစ်မှားမိသမျှအပြစ်တို့ကို တောင်းပန်ကန်တော့ခြင်းဖြစ်သည်။
(ကာယကံဆိုသည်မှာ)
^^^^^^^^^^^^^^^^^^^
ကာယကံဆိုသည်မှာကိုယ်ခန္ဓာဖြင့်ကျူးလွန်ပြစ်မှာတဲ့အကုသိုလ်အပြစ်များကိုဆိုလိုခြင်းဖြစ်ပါသည်။ ကိုယ်ခန္ဓာနဲ့ ကျူးလွန်ပြစ်မှားတဲ့ အကုသိုလ်မှာအကျဉ်းအားဖြင့် (၃)ပါးရှိပါသည်။ ထို(၃)ပါးမှာ-
၁။ ပါဏာတိပါတာ- သူ့တပါးအသက်ကိုသတ်ဖြတ်ခြင်း။ (killing)
၂။ အဒိန္ဒာဒါန- ပိုင်ရှင်သည် ကိုယ်၊နှုတ်ဖြင့်မပေးသော သူတပါးဥစ္စာကိုခိုးယူခြင်း၊ (Stealing)
၃။ ကာမေသုမိစ္ဆာစာရ- ကာမဂုဏ်တရားတို့ကို မှားယွင်းဖောက်စွာကျင့်ခြင်း။ (Adultery)
ဟူ၍ဖြစ်သည်။
ပါဏာတိပါတာ ဆိုသည်မှာ သက်ရှိသတ္တ၀ါအားလုံးတို့၏ အသက်ကို သတ်ဖြတ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။ လူသားတို့၏အသက်ကိုသာမက အသက်ရှိကြသော သေးငယ်လှသည့် ခြင်၊ကြမ်းပိုး၊ပုရွက်ဆိတ်မှစ၍ ကျွဲ၊နွားတို့အလည်၊ ဆင်ကောင်ကြီးအထိ ပါဝင်သည်။
ပါဏာတိပါတကံမြောက်ကြောင်း အင်္ဂါ(၅)ပါး
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သက်ရှိသတ္တ၀ါတို့ကို သတ်ဖြတ်ရာ၌ ပါဏာတိပါတကံမြောက်ကြောင်း အင်္ဂါ(၅)ပါးရှိပါသည်။ ထိုအင်္ဂါတို့မှာ-
၁။ သက်ရှိသတ္တ၀ါဖြစ်ခြင်း။
၂။ သက်ရှိသတ္တ၀ါဟူသော အမှတ်ရှိခြင်း (သက်ရှိသတ္တ၀ါဟုသိခြင်း)
၃။ သေစေလိုသော စိတ်ရှိခြင်း။
၎။ သေစေရန်အတွက် လုံးလပြုခြင်း။
` ၅။ သေလည်းသေခြင်း (ခုဒ္ဒက၊ဋ္ဌ၊၂၂)
ဟူ၍ဖြစ်ပါသည်။
သက်ရှိသတ္တ၀ါကိုသတ်ဖြတ်ရာတွင် သတ်လိုက်၍သေသွားသော သတ္တ၀ါ၏ သီလ၊သမာဓိ၊ပညာနှင့် ကိုယ်ခန္ဓာ အကြီးအသေးအလိုက် အကုသိုလ်အပြစ်မှာ အကြီးအငယ်ကွာခြားသွားသည်။ခန္ဓကိုယ်ကြီးမားသည့် သတ္တ၀ါကိုသတ်ဖြတ်ရာ၌ သတ်ဖြတ်သူသည် လုံးလပယောဂ နှင့် အားပိုမိုစိုက်ရသောကြောင့် ပို၍အပြစ်ကြီးပြီး ခန္ဓာကိုယ်သေးငယ်သည့် ခြင်၊ယင်များကို သတ်ဖြတ်ရာ၌ အားထုတ်မှု လုံးလနည်းပါးသောကြောင့် အကုသိုလ်အကျိုးအပြစ်မှာ ခန္ဓာကိုယ်ကြီးများသည့် သတ္တ၀ါတို့ကို သတ်ဖြတ်ခြင်းလောက် မကြီးမားခြင်းဖြစ်သည်။ အကျင့်လီလ သိက္ခာကြီးမားမြင့်မြတ်သည့် သူတော်ကောင်းတို့ကို သတ်ဖြတ်ပါက သာမာန်လူကိုသတ်ဖြတ်ခြင်းထက် ပို၍အကုသိုလ်အပြစ်ကြီးမား၏။ လောကတွင်လည်း သာမာန်အရပ်သားတစ်ယောက်ကိုသတ်ဖြတ်ခြင်းထက်သမ္မတတို့၊၀န်ကြီးချုပ်တို့ကိုသတ်ဖြတ်ပါကသတ်သူမှာပိုမို၍ကြီးမားသည့် ပြစ်ဒဏ်သက်ရောက်သည့်သဘောရှိသကဲ့သို့ပင်ဖြစ်သည်။ ထို့အတူ ပုထုဇဉ်တစ်ယောက်ကိုသတ်ဖြတ်ခြင်းထက် ရဟန္တာအရိယာသူတော်စဉ်ကို သတ်မိပါက ပဉ္စာနန္တရိယကံထိုက်သည့်အထိ အကုသိုလ်အပြစ်ဒဏ်ကြီးမားစေသည်။
(ပဉ္စာနန္တရိက ကံဆိုသည်မှာ)
^^^^^^^^^^^^^^^^^^^^^^^
နောက်ဘ၀တွင် သေခြာပေါက် အ၀ီစိငရဲသို့ကျရောက်ရမည့် အလွန်အပြစ်ကြီးလေးသည့်ကံကို ပဉ္စာနန္တရိကံ ဟုခေါ်ခြင်းဖြစ်သည်။ ထိုပဉ္စာနန္တရိက ကံ(၅)ပါးမှာ-
၁။ မာတုဃာတက- အမေကိုသတ်သောသူ
၂။ ပိတုဃာတက - အဖေကိုသတ်သောသူ
၃။ အရဟန္တဃာတက- ရဟန္တာအရိယာသူတော်စဉ်ကို သတ်သောသူ
၎။ လောဟိတုပ္ပါဒက- သဗ္ဗညုတမြတ်စွာဘုရားရှင်တော်ကို သွေးစိမ်တည်အောင်ပြုသောသည်။ (ဘုရားရှင်တို့၏ အသက်ကို လူရောနတ်ပါ မည်သည့်တစ်စုံတစ်ယောက်သောသူကမှ သတ်ဖြတ်ခြင်းငှာ မစွမ်းဆောင်နိုင်ပေ)
၅။ သံဃဘေဒက- သံဃာတော်တို့ကို သင်းခွဲသောသူ
(သံဃဘေဒကကံသည်ကား ပါဏာတိပါတကံထဲ၌ အကျုံးမ၀င်ပေ)
ထိုသို့သတ်ရာ၌ အသတ်ခံရသူမှာ အကျင့်သီလ၊ ခန္ဓကိုယ်စသည်အရာများတူညီပါက သတ်ဖြတ်သောအခါတွင် လုံးလ၊ပရောဂနည်းပါးသည့်အမှုထက် လုံးလ၊ပရောဂပိုမိုစိုက်ရသည့်အမှုက ပို၍အပြစ်ကြီးလေးသည်။
သူ့အသက်သတ်မှု ပရောဂ(၆)ပါး ဆိုသည်မှာ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သူတပါးအသက်ကိုသတ်ဖြတ်ရာ၌ ပရောဂအင်္ဂါ(၆)ပါးရှိပါသည်။ထိုအင်္ဂါတို့မှာ-
၁။ သာဟတ္ထိက ပယောဂ- ဓား၊ဒုတ်၊စသည်တို့ဖြင့် ကိုယ်ထိလက်ရောက်သတ်ဖြတ်ခြင်း။
၂။အာဏတ္ထိက ပယောဂ- တစ်စုံတစ်ယောက်ကို စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေအရိပ်အခြေပြ၍ အသတ်ခိုင်းခြင်း။
၃။ နိဿဂ္ဂိယ ပယောဂ- လေး၊မြား၊သေနပ် စသည်တို့ဖြင့် ပစ်ခတ်၍ သတ်ဖြတ်ခြင်း။
၎။ ထာဝရ ပယောဂ- အမြဲတမ်းထာဝရတည်ရှိသော လမ်းခရီးစသည်တို့၌ လာသမျှသောလမ်းသွား ခရီးသွားတို့ကို သေကြေစေရန် တွင်းတူး၍ တွင်းထဲ၌ ဒါး၊လှံ၊မိုင်းဗုံး စသည်တို့ဖြင့် ထောင်ချောက်ဆင်၍ သတ်ဖြတ်ခြင်း။
၅။ ၀ိဇ္ဇာမ ပယောဂ- အင်းအိုင်၊လက်ဖွဲ့၊ခါးလှည့်၊မန္တာန်၊ စုန်းအတတ်၊ကဝေအတတ်တို့ဖြင့် သတ်ဖြတ်ခြင်း။
၆။ ဣတ္ထိမ ပယောဂ- ကံကြောင့်ဖြစ်သော တန်ခိုးအစွမ်းဖြင့် သတ်ဖြတ်ခြင်း တို့ဖြစ်သည်။
(အပိုင်း-၂-ကို ဆက်လက်ဖော်ပြပါမည်)
ဘာသာတရားအဆီအနှစ် ကိုယ်စီသုံးဆောင်နိုင်ကြပါစေ
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
Website;www.ashintejaniya.com
________________________________________
Credited by - Dhammavira Ashin
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment