ပြည်သူလူထုကို ရွေးကောက်ပွဲ၏ အနှစ်သာရ၊ ရည်ရွယ်ချက်တို့နှင့်အညီ လူထုကိုယ်စားလှယ်များမှန်ကန်စွာရွေးချယ်နိုင်ရေး ပညာပေးဆောင်ရွက်
================================================
နေပြည်တော် စက်တင်ဘာ ၂၂
မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ပညာပေးသင်တန်း အမှတ်စဉ် (၄/၂ဝ၁၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊Australian Electoral Commission နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အဓိကတာဝန်ယူလုပ်ဆောင်ကြရမည့် သူများမှာ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များဖြစ်၍ ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ရန်၊ မဲရုံမှူး အနေဖြင့် မဲရုံတွင်ဖြစ်လာနိုင်သည့် ပဋိပက္ခများ၊ ပြဿနာများအပေါ်တွင် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်း။
မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကိုခန့်အပ်ရာတွင် ဝန်ထမ်းများကို ဦးစားပေးခန့်အပ်ရမည်ဖြစ်သော်လည်း မဲရုံအဖွဲ့ဝင်များအနေဖြင့် အဆိုပါ မဲရုံမဲစာရင်းတွင် ပါဝင်ပြီးဖြစ်သည့် အများပြည်သူ ယုံကြည်လေးစားခြင်းခံရ သော မဲဆန္ဒရှင်(သို့မဟုတ်)အဆိုပါ မဲဆန္ဒနယ်မြေအတွင်းရှိ ဒေသခံပြည်သူ များလည်းဖြစ်နိုင်ကြောင်း၊ သင်တန်းပို့ချသည့်အခါ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များလက်စွဲပါ လမ်းညွှန်ချက်များအတိုင်း ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင် နိုင်ရေးအတွက် သင်ကြားပေးရန်လိုအပ်သကဲ့သို့ လက်တွေ့ပိုင်းကိုလည်း လေ့ကျင့်ပေးရန်လိုကြောင်း။
ထို့အပြင် ပြည်တွင်း/ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များအား ဖိတ်ခေါ်ထားကြောင်း၊ နိုင်ငံတကာမှလည်း စောင့်ကြည့်လျက် ရှိကြောင်း၊ သေးငယ်သောအမှားကိုပင် ပုံကြီးချဲ့ဝေဖန်မှုများရှိနိုင်၍ မိမိတို့ အားနည်းချက်ဖြစ်ပါက နိုင်ငံ၏ပုံရိပ်နှင့် ဂုဏ်သိက္ခာထိခိုက်စေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးရပြီး နှစ်ပေါင်း(၆၇)နှစ်အတွင်း (၆)ကြိမ်မြောက် ရွေးကောက် ပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတွေ့အကြုံဗဟုသုတ နည်းပါး သဖြင့် ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတော် လူကောင်းများ ရွေးချယ်နိုင်ရေးကို ပညာပေးဆောင်ရွက်လျက်ရှိကြောင်း၊ CSO များ၊ ပါတီများကိုလည်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါကြောင်း၊ လူတော်လူကောင်းများကို ရွေးချယ်မှသာ နိုင်ငံတော်၏ ဥပဒေပြုရေး၊ တရား စီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ပြည်သူလူထုတောင့်တနေသော ဖွံ့ဖြိုးတိုးတက်သည့် မြန်မာ နိုင်ငံတော် ဖြစ်လာမည်ဖြစ်ကြောင်း။
သင်တန်းသားများအနေဖြင့် ပြည်သူလူထုကို ရွေးကောက်ပွဲ၏ အနှစ် သာရ၊ ရည်ရွယ်ချက်တို့နှင့်အညီ လူထုကိုယ်စားလှယ်များ မှန်ကန်စွာရွေးချယ် နိုင်ရေးအတွက် ပညာပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် အလေးထားဆောင်ရွက်ပေးရန်နှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို သင်တန်းပို့ချ ချိန်တွင် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ထိထိရောက်ရောက်ပို့ချရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အထောက်အကူရမည်ဖြစ် ကြောင်း ပြောကြားသည်။
၎င်းနောက် ustralian Electoral Commissionမှ Ms. Robyn Whitney က ယခုသင်တန်းသည် ဆင့်ပွားသင်တန်းပို့ချရာတွင် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းသားများကိုယ်တိုင် ပြန်လည်သင်ကြားရမည်ဖြစ်၍ သင်ခန်းစာများကို အလေးအနက်ထား သင်ယူကြရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသား ၅၁ ဦးဖြင့် စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက်ထိ နှစ်ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment