စမတ်ဖုန်းမှာ လက်ချောင်းများနဲ့ စာရေးနိုင်မယ့် Google Handwriting Input
==================================================
စမတ်ဖုန်းမှာ On-Screen Keyboard တွေနဲ့ စာရိုက်ရတာကို မနှစ်သက်ဘဲ လက်နဲ့ စာရေးရတာကို နှစ်သက်သူများအတွက် Google က Google Handwriting Input App ကို ဖြန့်ချီပေးထားပါတယ်။ ဘာသာစကား ၈၂ မျိုးနဲ့ စာရေးသားနိုင်ပါတယ်။ လက်ချောင်းအပြင် Stylus နဲ့ပါ ရေးသားနိုင်တဲ့အတွက် Stylus ပါတဲ့ ဖုန်းများမှာဆိုရင် ပိုမိုအဆင်ပြေပါတယ်။ စာသားများအပြင် Emojis များကိုပါ လက်နဲ့ ရေးသားနိုင်တာက ပျော်စရာကောင်းပါတယ်။ Voice Input လည်းပါရှိပြီး စကားပြောပြီး စာရေးသားနိုင်ပါတယ်။ Google Handwriting Input ရဲ့ လက်ရေးများကို စာသားများအဖြစ်ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်က အလွန်ကောင်းမွန်ပြီး တိကျပါတယ်။ အနည်းငယ်သာ အမှားအယွင်းရှိတာကိုတွေ့ရပါတယ်။
Google Handwriting Input ကို ပထမဆုံးအကြိမ်ဖွင့်ရင် Google Terms of Services and Privacy Policy ကို သဘောတူညီဖို့ Box တစ်ခုကျလာပါမယ်။ အိုကေကို နှိပ်ပြီးရင် ပြုလုပ်ရမယ့် အဆင့်သုံးဆင့်ကို လမ်းညွှန်ပေးထားပါတယ်။ Google Handwriting Input ကို သင့်ဖုန်းမှာ Enable လုပ်ခိုင်းတာဖြစ်ပြီး အဆင့် တစ်ကို နှိပ်ပြီး Enable လုပ်ပါ။ သင့်ဖုန်းရဲ့ System Language ဟာ English ဖြစ်နေရင် အဆင့်နှစ်ဖြစ်တဲ့ Language ကို ဒေါင်းလုပ်ပြုလုပ်တဲ့ အဆင့်ကို အလိုအလျှောက် ပြုလုပ်ပေးမှာပါ။ အဆင့်သုံးမှာတော့ Google Handwriting Input ကို သင့်ဖုန်းရဲ့ Default Keyboard အဖြစ် သတ်မှတ်ခိုင်းတာ ဖြစ်ပါတယ်။
ပြီးရင်တော့ Google Handwriting Input ကို စမ်းသပ်အသုံးပြုဖို့ အဆင့်သုံးအောက်မှ Text Box ကို တစ်ချက်နှိပ်ပါ။ Write here ဆိုတဲ့ Box မှာ လက်ချောင်းနဲ့ စာများရေးသားရမှာ ဖြစ်ပါတယ်။ ရေးသားရမယ့် ပုံစံကတော့ စကားလုံးတစ်ခုချင်းစီကို ရေးသားရမှာပါ။ ဥပမာအားဖြင့် “ How are you? “ လို့ ရေးသားချင်တယ်ဆိုရင် How လို့ရိုက်ပြီး ခဏစောင့်ပါ။ App က အပေါ်မှာ အကြံပြုချက် သုံးခုကို ပြသပေးမှာဖြစ်ပြီး အလယ်မှ အကြံပြုချက်ကို အလိုအလျှောက် ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ သူရွေးချယ်တာမှားနေရင် အကြံပြုချက်ထဲမှ အခြားတစ်ခုကို တစ်ချက်နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ How လို့ ရိုက်ပြီး ခဏစောင့်ရတဲ့ အချိန်ဟာ အလွန်မြန်တဲ့အတွက် စောင့်ရတယ်လို့တောင် မထင်ရပါဘူး။ How လို့ ရိုက်ပြီးတဲ့နောက်မှာ အဲဒီစကားလုံးကို ရှေ့ဘက်ကို ရွှေ့ပြီး Box မှ ဖယ်ရှားပေးလိုက်တဲ့အတွက် Box မှာ စာရေးသားဖို့ နေရာကျဉ်းကျပ်တဲ့ ပြဿနာကိုမတွေ့ရပါဘူး။ နောက်စကားလုံးတစ်ခုအနေနဲ့ are လို့ ရိုက်ရင် အလယ်မှ အကြံပြုချက်မှာ Space သင်္ကေတနဲ့ are ကို ကပ်လျက်ပြသပေးထားပါတယ်။ App က How နဲ့ are ကြားမှာ Space ခြားရမယ်ဆိုတာကို အလိုအလျှောက်သိပြီး ရွေးချယ်ပေးမှာပါ။
ရေးသားပြီးတဲ့ စကားလုံးတစ်ခုကို ဖျက်ချင်ရင် အောက်ခြေရှိ Space Bar ရဲ့ ညာဘက်မှ Backspace Key ကို နှိပ်နိုင်ပါတယ်။ ဒါမှမဟုတ် Input Box မှာ ညာဘက်ကနေ ဘယ်ဘက်သို့ အလျားလိုက်ပွတ်ဆွဲပြီး လျှင်မြန်စွာ ဖျက်နိုင်ပါတယ်။ စကားလုံးတစ်ခုမှ အက္ခရာတစ်ခုကိုသာ ဖျက်ချင်ရင်တော့ အောက်ခြေရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Back Button ကို နှိပ်ပါ။ ဒါဆိုရင် ရေးသားပြီးတဲ့ စကားလုံးကို ပြန်လည်ပြသပေးမှာ ဖြစ်ပြီး အက္ခရာတစ်ခုကို ဖျက်ချင်ရင် Back Button ကို တစ်ချက်စီနှိပ်ပြီး ဖျက်နိုင်ပါတယ်။
ညာဘက်အောက်ထောင့်စွန်းမှ Emojis ခလုတ်ကို နှိပ်ပြီး Emojis များထည့်သွင်းနိုင်ပါတယ်။ စာရေးသူရဲ့ ဖုန်းမှာတော့ Emojis များထည့်သွင်းကြည့်တာ အဆင်မပြေပါဘူး။ အွန်လိုင်းမှ Video Review တွေမှာ ကြည့်တဲ့အခါမှာတော့ အဆင်ပြေတာကိုတွေ့ရပါတယ်။ Emojis များကို လက်နဲ့ဆွဲပြီး ထည့်သွင်းနိုင်ပါတယ်။ ဥပမာအားဖြင့် အောက်ကပုံမှာလို ရေးဆွဲလိုက်ရင် Emoji သုံးခုကို အကြံပြုပြသပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ်ထည့်သွင်းနိုင်ပါတယ်။
အောက်ခြေမှ ကမ္ဘာလုံးပုံကို နှိပ်ရင် ကီးဘုတ်ကို ပြောင်းနိုင်ပါတယ်။ ဒါမှမဟုတ် Space Bar ကို ဖိထားနိုင်ပါတယ်။
Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားရင် Input Language နဲ့ Theme ကို ပြောင်းလဲနိုင်ပါတယ်။ Auto selection ကတော့ စကားလုံးများကို App က အလိုအလျှောက် ရွေးချယ်ပေးတာဖြစ်ပါတယ်။ Default အားဖြင့် ၄၀၀ မီလီစက္ကန့်ကို ထားရှိပေးထားပြီး အဲဒီ Setting က အဆင်ပြေတာကိုတွေ့ရပါတယ်။
Google Handwriting Input ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။
No comments:
Post a Comment