နိုင်ငံ့စီးပွားရေးနှင့် လမ်းမများပေါ်၏ စီးပွားရေး (State’s Economy and Street’s Economy)
Published on Sat, 09/19/2015 - 09:09
(၁)
နိုင်ငံအဆင့် စီးပွားရေးအခြေအနေ (တစ်နည်းအားဖြင့် နိုင်ငံ့စီးပွားရေး) ကို လေ့လာ သုံးသပ် သုတေသနပြုရာတွင် နိုင်ငံ၏ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) အစရှိသည်တို့မှ ထုတ်သော ကိန်းဂဏန်း အချက်အလက်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်သော ကိန်းဂဏန်း အချက်အလက်များ သာမက “လမ်းပေါ်စီးပွားရေး” အခြေအနေများနှင့် တွဲဖက်ကာ လေ့လာလေ့ရှိသည်။
(၂)
အထူးသဖြင့် တရားဝင်ကိန်းဂဏန်း အချက်အလက်များ ထွက်ရှိရန် အချိန်များစွာ ကြာမြင့်လေ့ရှိသည့်အတွက် (ဥပမာ- နှစ်စဉ် အခြေအနေကို ဖော်ပြသော Yearbook ဆိုလျှင် ၂၀၁၁ ခုနှစ်သည် နောက်ဆုံး ဖြစ်နေ သေးသည်။) ပိုမိုလွယ်ကူသော နည်းလမ်း(စူးစမ်းလေ့လာခြင်း) မှာ လမ်းများပေါ်တွင် လမ်းလျှောက် လှည့်လည် လေ့လာခြင်း (တစ်နည်းအားဖြင့် မြင်မြင်သမျှ အရာအားလုံးကို စီးပွားရေးပညာဖြင့် သရုပ်ခွဲလေ့လာခြင်း) ကို ပြုလုပ်ရပေသည်။
(၃)
ယင်းသို့လေ့လာရာတွင် မည်သည့်နေရာတွင် မည်သို့သောပုံစံများဖြင့် မည်သည့် အတိုင်းအတာ (ပမာဏ) ဖြင့် ရင်းနှီးမြှုပ်နှံမှုများ (ပြည်ပ သို့မဟုတ် ပြည်တွင်း) ၀င်ရောက်ခြင်း (သို့မဟုတ်) တိုးမြှင့်ခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်း (သို့မဟုတ်) နှေးကွေးခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းတို့ ဖြစ်ပေါ်နေသနည်းကို လေ့လာခြင်း၊ လမ်းမပေါ်တွင် သွားလာနေကြသော မြန်မာပြည်သူများ (ရည်ရွယ်ချက် မျိုးစုံဖြင့် သွားလာ လှုပ်ရှားနေကြသူများ) အနေဖြင့် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်နှင့် အသုံးအဆောင်များ မည်သို့ ပြောင်းလဲနေသနည်းကို လေ့လာခြင်း တစ်နည်းအားဖြင့် ယင်းသို့ ထောင်သောင်းမက သွားလာနေကြသူများ သည် မည်သို့သော ၀င်ငွေအဆင့် (Income Levels)၊ ၀င်ငွေဖြစ်တည်မှု (Income Generations) ၊၀င်ငွေကွာဟမှု (Income Gap)၊ ၀င်ငွေမညီမျှမှု (Income Inequality)တို့သာမက ယင်းတို့၏ စားသုံးမှုပုံစံများ (Types of Consumptions)တို့ကို တိုက်ရိုက်/သွယ်ဝိုက်၍ လေ့လာခြင်း (Observations) ဖြင့် မည်သို့သော အခြေအနေ ရှိနေသနည်းကို လေ့လာစူးစမ်းခြင်း၊ နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ (လမ်းများ၏ ဆက်သွယ်မှု ကွန်ရက်စနစ်၊ သယ်ယူပို့ဆောင်ရေးစနစ်၊ ကုန်ပစ္စည်းများ သယ်ယူပိုဆောင်မှုစနစ်၊ ကုန်ပစ္စည်းများ ဖြန့်ဝေမှုစနစ် အစရှိသည်) တို့ကို လေ့လာခြင်း၊ လူထုလူတန်းစား အလွှာအသီးသီး၏ ပုံသဏ္ဌာန်တို့ကို လေ့လာခြင်း (တစ်နည်းအားဖြင့် ယင်းလူတန်းစား အလွှာအသီးသီး၏ စဉ်းစားတွေးခေါ်ပုံများ၊ လှုပ်ရှားဆောင်ရွက်ပုံများကို လေ့လာခြင်း) အစရှိသည့် (အစရှိသည့်) များပြားလှစွာသော အချက်အလက်များကို တစ်ထိုင်တည်း သိရှိစေနိုင်ခြင်းပင်ဖြစ်သည်။
(၄)
ယင်းကဲ့သို့သော အချက်အလက် ပုံသဏ္ဌာန်များစွာကို စီးပွားရေးပညာကို အခြေခံသော လေ့လာသုံးသပ် သရုပ်ခွဲခြင်းများ (Observations and Analysis)ကို ပြုလုပ်ကာ နိုင်ငံ၏ မက်ခရို စီးပွားရေးအနေအထား (Macro Economy) နှင့် မိုက်ခရို စီးပွားရေး အနေအထား (Micro Economy) တို့ကို အပြန်အလှန် (အပြန်အလှန်) ပေါင်းစပ် စဉ်းစား အဖြေရှာခြင်းနှင့် ယင်း၏လားရာ (Trend) ကိုလည်း စူးစမ်းလေ့လာရသည်။
(၅)
စူးစမ်းလေ့လာလိုစိတ် (လေအေးပေးစက် ဖွင့်ထားသော အခန်းတွင်းမှာနေ၍ ပြည်သူများ၏ လက်တွေ့ဘ၀ကို သိရှိရန် ကြိုးပမ်းခြင်းထက် လမ်းပေါ်မှ အခြေအနေများကို လမ်းပေါ်တွင် သွားလာရင်း တိုက်ရိုက်နှင့် သွယ်ဝိုက် နည်းလမ်းများဖြင့် စူးစမ်းလေ့လာခြင်း) သည် အရေးကြီးသည်။ အကြောင်းမှာ ကိန်းဂဏန်း အချက်အလက်များ ရရှိရန် ခက်ခဲခြင်း၊ ကိန်းဂဏန်းများကို လေ့လာခြင်းသည် တစ်စိတ်တစ်ဒေသအဖြစ် အရေးပါသော်လည်း ယင်းနှင့်တွဲဖက်၍ လေ့လာရန် လက်ရှိပြည်သူများ၌ အခြေအနေနှင့် တွဲဖက်၍ လေ့လာရခြင်း စသည့် အချက်များကြောင့် နိုင်ငံ၏ လူမှုစီးပွား အခြေအနေများသာမက အနာဂတ် အမျိုးသားလုံခြုံရေး ကိစ္စများအထိပင် အသုံးဝင်ပေသည်။
(၆)
စီးပွားရေးလေ့လာသူများသည် Undercover Detectives များကဲ့သို့ပင် နိုင်ငံတွင်းရှိ စီးပွားရေး အခြေအနေများကို လေ့လာသုံးသပ်ကာ ဇာစ်မြစ်များကို သုတေသန ပြုလုပ်ကြရသည်။ ယင်းနိုင်ငံ၏ စီးပွားရေး တွင် မည်သည့်အချိန်တွင် မည်သို့မည်ပုံ ပြောင်းလဲသွားနိုင်သနည်း ဆိုသည်ကို မိမိတို့၏ မျက်စိ၊ နားတို့ဖြင့် စူးစမ်း လေ့လာကြခြင်းပင် ဖြစ်ပေလိမ့်မည်။
Writer:
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Opinions
Log in to post comments
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment