Friday, August 29, 2014

အိမ်မက်များနဲ့ ဆောင်ပါလေးပါ

ဝေလီဝေလင်း မနက်ခင်း ၁ ခုမှာ .......
စက်သမားက ကြေးနန်းရောက်ကြောင်း သတင်းပို့လာတယ် ။

" ဗက ဗျူဟာက ကြေးနန်း ထွက်တယ် ။
ကျွန်တော်တို့ Dday ( ___ ) စခန်း ချိန်းရမယ် ။
ချိန်းတပ်က ၁ အပေါင်း ၂၀ နဲ့ ၊ခမရ ( ၈ ) နဲ့ဗျ "

ဒီ မင်္ဂလာ သတင်းလေး ကျွန်တော် ကြားကြားချင်း အတွေးအာရုံထဲမှာ
အရင်ဆုံး မြင်မိတာက ကျွန်တော့် ချစ်ဇနီးလေး သဲဖြူ  ၊ပြီးတော့ သူလွယ်ထားရတဲ့ ကျွန်တော့်ရဲ့ ရင်သွေးလေး ....... ။

ဒါပေမဲ့ဗျာ ....ပြန်ရောက်ချိန်မှ တွေရမဲ့ ဇနီးသည်နဲ့ ကလေးငယ် ၊ခုလက်ရှိ ထမ်းပိုးထားတဲ့ တာဝန် ၊
ဒီ ၂ ခုကို ယှဉ်လိုက်တဲ့အခါ ၊ ခုလက်ရှိတာဝန်က ပိုအရေးကြီးမှန်း ကျွန်တော်သိလျှက်နဲ့ပဲ
ကြည်နူးနေတဲ့ စိတ်တို့ ခဏတာ ပျောက်ဆုံးရင်း .....

ညီအစ်ကိုတွေဖြစ်တဲ့ ရဲဘော်ရဲဘက်တွေကို မင်္ဂလာသတင်း ပြောဖို့
စုမှူး ညီလေး ဗိုလ် မျိုးသူ ကို ခေါ်လိုက်တယ် ။

" ညီလေးရေ ကိုယ်တို့တော့ ဌာနေကို ပြန်ရတော့မယ် ၊
ဒီတော့ အကြပ်စစ်သည်အားလုံးကို ဆရာကြီး အောင်မင်းဆွေကို ပြောခိုင်းလိုက် ၊
ပြင်ဆင် စရာတွေအားလုံး ပြင်ဆင်ပြီးရင် ညီလေး စစ်ထားလိုက်ပါ ။
ကိုယ်တို့ သဘက်ခါမှာ ခမရ (၈)နဲ့ ချိန်းမယ် "

ညီလေးကို ထပ်ဆင့်မိန့်ပေးခိုင်းရင်းနဲ့ ၊ ကျွန်တော်ကိုယ်တိုင်လည်း ပြင်ဆင်မှုတွေ လုပ်ရင်း ၊
ကျွန်တော့် အမျိုးသမီး မီးဖွါးချိန် ၊ သူ့ဘေးမှာ ကျွန်တော် ရှိနေရမှာပဲ ဆိုတဲ့ အတွေးကို ပျော်ပျော်ကြီး ခံစားနေခဲ့မိတာပေါ့ ။

ကျွန်တော်လည်း ပြင်ဆင်ပြီးတာနဲ့ ချိန်းပြောင်းဖို့ အတွက် စခန်းပတ်စစ်ရင်း ၊
ညီအစ်ကိုတွေ မျက်နှာကို သတိထားကြည့်မိလိုက်တယ် ။
လူတိုင်းရဲ့ ရင်ထဲမှာ တိုင်းဆမရတဲ့ ခံစားချက်တွေနဲ့ မျက်နှာတိုင်းမှာ အပြုံးပန်းတွေ ပွင့်နေကြတယ် ။

ဒီလိုနဲ့ ပတ်သက်သမျှ လုပ်စရာ အားလုံး ပြီးဆုံးလို့ နောက်နေ့ နံနက်ကို စောင့်မျှော်ရင်း ............
-

ချိန်းပြောင်း တပ်နဲ့ ချိန်းပြီး ၊ ဌာနချုပ်နဲ့ ပူးပေါင်း ၊အိမ်ပြန်လမ်းကို ပျော်ရွှင်ခြင်း တစ်ဝက်နဲ့ ခြေလှမ်းရင်း ၊
တောတောင်တွေကို မျက်ခြေမပျက် ခရီးဆက်ခဲ့ကြတယ် ။

မသင်္ကာတဲ့နေရာ ပစ်ရှင်း ရှင်း ၊ စိတ်ချလုံခြုံမှုမရှိတဲ့ ကွေ့တိုင်းထောက်ကူနဲ့ တာဝန်ကိုထမ်းဆောင်လာခဲ့တာ ၊ကျွန်တော့် ဘ၀ရဲ့ ပြောင်းလဲစေမဲ့ ကွေ့ တစ်ကွေ့မှာတော့ဗျာ ........

ကမ်းပါရံကို မှီလျှက် ၊ ဘေးက ချောက်ကမ်းပါးဒီကြားထဲက ဖြတ်တက်ရတဲ့ ကျွန်တော်တို့ စစ်ကြောင်း အတွက် ထောက်ကူ မယူနိုင်ခဲ့ဘူး ။ဒီ အခွင့်အရေးကို အသုံးချပြီး စစ်ကြောင်းကို တိုက်ခိုက်ခံခဲ့ရတယ် ။

ပွိုင့် တပ်ခွဲ လွှတ်လိုက်ပြီး ၊ စစ်မင်းတို့ လျှောက်လှမ်းရာမှာ ကျွန်တော့် တပ်ခွဲ ကပ်လျှက်နဲ့ ကံဆိုးခဲ့ရတဲ့ ညီလေး ......ဆွဲမိုင်းမိလို့ ရှေ့က ခွဲတကကရဲ့ ခြင်းတောင်းပေါ် မှောက်လျှက်ကျသွားညီးလေးကို တက်ဆွဲချိန်မှာ ကျွန်တော့်ရဲ့ ညာဘက် ခြေထောက် ပူဆင်းသွားတယ် ။

နားထဲက ကျယ်လောင်တဲ့ အသံကြောင့် ပတ်ဝန်းကျင်က အသံတွေ ရှုတ်ထွေးရင်း လဲကျလျှက် ......
ကျွန်တော် သိလိုက်တယ် ။
" င့ါ ခြေထောက်တော့ လူ့လောက ကနေ င့ါအရင်စောစီးစွာထွက်သွားပြီလို့ "
ဒီ အသိနဲ့ အတူ ....ကျွန်တော်ရဲ့ မမွေးသေးတဲ့ သားငယ်မျက်နှာကို မြင်ယောင်လာမိတယ် ။

ပတ်ဝန်းကျင်က သူ့ဘက် ကိုယ့်ဘက် အော်ဟစ် ပစ်ခတ်သံတွေကြား .....
ဇနီးသည်ရဲ့ အပြုံးပန်းနဲ့ အောင်သပြေ ယှဉ်တွဲပြီး ၀မ်းသာလွန်းလို့ ကျတဲ့ မျက်ရည်နဲ့ ပြေးလာတဲ့ ပုံရိပ်တွေမြင်ယောင်ရင်းလောကကြီး အမှောင် ကျသွားခဲ့တယ် ..... ။

ကျွန်တော် သတိပြန်ရတဲ့ အချိန် နှာခေါင်းနံက ဆေးနံတွေ ၊ လူတွေရဲ့ တိုးတိုးပြောနေသံတွေ ၊
ဇနီးသည်ရဲ့ ငိုရှိုက်သံ ၊ မိခင်ရဲ့ သားလို့ ခေါ်သံ ......
ဒီ အသံတွေကြောင့် အားယူရင်း ၊ မျက်လုံး အစုံဖွင့်လိုက်မိချိန်
ကျွန်တော် ထင်ခဲ့တဲ့ ကျွန်တော့် ဇနီးရဲ့ ၀မ်းသာလွန်းလို့ကျတဲ့ မျက်ရည်မဟုတ်ပဲ ၊
ပူလောင်မှုတွေကြောင့် သွန်အံလာတဲ့ မျက်ရည်တွေနဲ့ မျက်နှာ ၊
ယူကြုံးမရဖြစ်နေတဲ့ မိဘ နှစ်ပါး ၊ ထွေးငယ်လေးရဲ့ ကိုကြီးပေါ် စိတ်သောကရောက်နေတဲ့ပုံ .... ။

ဖြစ်ရပ်တွေက ကျွန်တော့် စိတ်ကို အောက်ဆုံးထိ ဆွဲယူသွားခဲ့သလို ၊ ကျွန်တော့်ထက်သူတို့ ပိုပြီးပူလောင်နေတယ် ။

ပူလောင်မှုတွေကို ဖြေဖျောက်ပေးဖို့ ကျွန်တော့် တာဝန်ပဲ မဟုတ်ဘူးလား ။
အားလုံးကို မေ့ဖျောက်ပြီး သူတို့ရဲ့ မျက်ရည်တွေ တိတ်ဖို့ ၊ ကျွန်တော် ခံစားချက်ကို လျှစ်လျှူရှုရင်း ပြုံးပြမိတယ် ဆေးဗိုလ်ကြီးရဲ့ ဆေးစစ်ချက်တွေ ပြီးဆုံးချိန်မှာ သူတို့ နဲ့ စကားစမြည်နဲ့ သူတို့ကို နှစ်သိမ်နေခဲ့တဲ့ ကျွန်တော်
အားလုံးကို ခဏတာနှုတ်ဆက်ပြီး နောက်ကျန်တဲ့ လောကအတွက် ရင်ဆိုင်ဖို့ရာ မှေးစက်ချိန်မှာ .......

ကျွန်တော့် ခေါင်းထဲက .......
လူ့ ဘ၀ကို မရောက်သေးတဲ့ ကလေးငယ်အတွက် ပူပန်မိတယ် ။

" သူလေးက ......ဒုက္ခိတရဲ့ ကလေးဖြစ်လို့ လောက ကိုရှက်ရွံစွာ ရင်ဆိုင်လေမလား ။
ခန္ဓာစွန့်လွှတ် တိုင်းပြည်တွက်ထမ်းပိုးခဲ့တဲ့ သူရဲကောင်းကြီးရဲ့ သားသမီးလို့ ခံယူလေမလား ။
ပတ်ဝန်းကျင်က ဒုက္ခိတ သား/သမီးလို့ လှောင်ပြောင်လေမလား ။
သူလေး ခံနိုင်ရည်ရှိမလား ။င့ါ ကို ပြစ်တင်လေးမလား ။ "

အတွေးပေါင်းများစွာနဲ့ ဆေးရှိန်ကြောင့် အိပ်ပျော်သွားရင်း ။
လောကကို အေးချမ်းမှုနဲ့ တဒင်္ဂ ငြိမ်သက်ခဲ့ပါတယ် ........ ။

ကရင်ပြည်နယ် မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့
အကိုကြီး ၁ ယောက်နဲ့ ပြန်ဆုံတွေတဲ့ ချိန်မှာ သူ့ဖြစ်စဉ်ကို ပြန်ပြောပြခဲ့တယ် ။
သူရဲ့ ကြုံတွေ့ခဲ့တဲ့ ဘ၀ရဲ့ အလှည့်အပြောင်း ၊ ခံစားချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့
သူ့ ဘ၀ အကြောင်းလေးကို " အိပ်မက်များ နဲ့ ကမ္ဘာ " လို့ ကျွန်တော် ခေါင်းစဉ် တပ်ခဲ့ပါတယ် ။

သူ့ အိပ်မက် ၊ သူ့ အတွေးထဲမှာ ပျော်ရွှင်ဖွယ်ဖြစ်ပေမဲ့ ၊ လက်တွေ့ ဘ၀မှာ မိုးလင်း အိပ်မက်ဖြစ်ခဲ့လို့ပါပဲ
လူ့လောက ကို ရောက်မလာသေးတဲ့ သားငယ် အတွက် တွေးပူပေးတဲ့ အကိုကြီး ၊ ညီငယ် ၁ ယောက်ကို ခွဲမှူးကိုယ်တိုင် တက်ဆွဲရဲတဲ့ ညီအစ်ကို စိတ်ဓါတ် ၊ သူ့ရဲ့ အပူထက် သူများ အပူကို
သူ ပြုံးပြပြီး ဖြေသိမ်တဲ့ စာနာတဲ့ စိတ်ဓါတ် ၊ တွေးထင်တဲ့ ပုံရိပ်တွေ ဖြစ်မလာပေမဲ့ ဖြစ်လာကံကြမ္မာကို အံတုရင်း သားငယ်ကို သူ့ရဲ့ စိတ်ဓါတ် အပြည့်အ၀ ပေးခဲ့တဲ့ သူပုံစံ
ဒါဟာ စစ်သား ၁ ယောက်ခံစားခဲ့တဲ့ ခံစားချက်ကို ကျွန်တော် ပြန်ပြီး အသက်သွင်းတာပါ ။
ဖြစ်စဉ်ရဲ့ အနှစ်သာရကို မိတ်ဆွေတို့ ရင်ထဲ မထိရောက်ခဲ့ရင် ကျွန်တော်ရဲ့ အရေးအသားညံ့ဖျင်းမှုကြောင့်ပါ ။

ဒီအကိုကြီးရဲ့ ကလေးငယ်ဟာ ....ခုချိန် ၇ နှစ်တန်း ကျောင်းသားလေး ဖြစ်နေပါပြီ ။
ကိုကြီးရဲ့ သားငယ်လေး စိတ်ဓါတ်ကောင်းပါတယ် ။
သူ့ကို ကျွန်တော်မေးခဲ့တယ် မင်း ကြီးလာရင် ဘာလုပ်မလဲလို့ ၊

သူ ....စစ်တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတယ် ။

ကရင်ပြည်နယ်မှ ဖြစ်စဉ်လေးတစ်ခုကို တင်ပြလိုက်ပါတယ်

လေးစားစွာဖြင့်

ME™

No comments:

Post a Comment