ဤခရီး အရင်လို မကြာတော့ပါ
*********************************
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®
ကားသည် ညီညာပြန့်ပြူးသည့် လမ်းမပေါ် တရိပ်ရိပ် ပြေးနေသည်။ ရှေ့တူရှုမှ လာနေသောကားကြီး ကားငယ်များနှင့် လူနှစ်ဦး၊ သုံးဦးကို တင်လျက် သွားလာနေသော မော်တော်ဆိုင်ကယ်များကို သတိထားရန် ကားဆရာကိုလည်း သတိပေးနေရသေးသည်။ ထိုယာဉ်အသီးသီးတို့တွင် အချို့မှာတစ်လမ်းလုံး မိမိ တစ်ဦးတည်း ရှိနေသကဲ့သို့ အားလုံးကို ဂရုစိုက်ပုံမရ။
ဟွန်းသံတတီတီ ကြာညောင်းစွာတီးမှ ကြားပုံရသည်။ တချို့လည်း တစ်ဦးတည်းစီးလာသော်လည်း တစ်လမ်းလုံး အပြည့်၊ ဒယိမ်းဒယိုင်သမားများ လည်းပါသည်။
မိမိတို့သည် နံနက် ၇ နာရီကစပြီး မင်းဘူးမြို့မှ ထွက်ခွာလာရာ နာရီဝက် သာသာရှိသေးသည်။ မုန်းချောင်း တံတားကို ဖြတ်လာပြီဖြစ်သည်။ လမ်းဘေးဝဲယာကို ကြည့်ရင်းအမေပြောသည့် စကားများကို ပြန်ကြား ယောင်မိသည်။
“နင်တို့အဘိုးတွေရှိတုန်းက ဦးလေးက အညာကိုခဏခဏသွားတတ်တယ်။ ငါတို့သာ မသွားဘူးတာ။ ဟိုမုန်းချောင်း၊ မန်းချောင်းနားမှာလို့ ပြောတယ်၊ အဘိုးတို့လယ်တွေတောင် အဲဒီမှာရှိသေးတာ။
အခုတော့လည်း ဆွေမျိုးတွေ ပြတ်ကုန်တာ” အမေ့စကားများဖြစ်ပါသည်။ အမေသည် အညာမြေသို့တစ်ခါမျှ မရောက်ဖူးခဲ့ပါ။ အမေဆုံးတာ ငါးနှစ်ခန့်ရှိပေပြီ။ အမေမလာခဲ့ဖူးသည့် ဟောဒီအညာမြေ၊ မုန်းချောင်း၊ မန်းချောင်း၊ မိမိ ကိုယ်တိုင်ဖြတ်နေပါပြီ။ သံပေါင်ဘေလီတံတား အောက်တွင် ကွန်ကရစ် တိုင်များ၊ အပေါ်တွင် သံပေါင်တင်ပြီး အပေါ်မှ သစ်သားခင်းသည့်တံတား ဖြစ်သည်။ ဆိုင်ကယ်များက ကားအလာကို ယိမ်းထိုးကာရှောင်ရင်း ရပ်တန့် ပေးကြသည်။ မုန်းချောင်းထဲတွင် ရေစပ်စပ်သာ။ ကိုင်းတောများနှင့်အတိ။
သို့သော် ချောင်းကား အတော်အတန် ကျယ်သည်ဟု ပြောနိုင်သည်။ အညာချောင်းများ သည်ကျယ်သည်၊ ရေမရှိ၊ ရေကျချိန်ဆိုလျှင် ဘာမျှ သွားလို့မရဟု အတူပါလာသည့် မင်းဘူးမြို့ခံက ပြောသည်။ တံတားများသည် ကွန်ကရစ် တိုင်များအ ဆင်သင့်ပြီးပြီးသား ထပ်မံတိုးချဲ့ရန်သာလိုတော့ကြောင်း၊ အဆင် သင့်ဖြစ်နေကြောင်း ပြောသည်။ အတွေးများ ဟိုဒီဒီ ငေးနေဆဲမှာပင် မိမိတို့ ကားများသည် စလင်းမြို့နယ်ထဲသို့ ဝင်ရောက် လာသည်။ စလင်းမြို့နယ်အစ။ လမ်းသည်အနည်းငယ် ပြောင်းလဲသွားသည်ကို သတိထားမိသည်။ ကတ္တရာ လမ်းသာကြမ်းသွားသည်။ ကားသည် ခုန်စွခုန်စွအနည်းငယ်ဖြစ်ချင်ချင်။ ပွင့်ဖြူမြို့အလွန်အထိ လမ်းများသည် အတော်ကောင်းသည်။ ပုဂ္ဂလိကငှားရမ်း၍ လမ်းကြေးကောက်သည်ဟု သိရသည်။ လမ်းသည် နိုင်လွန်လမ်း မဟုတ်။
သို့သော် အတော်ကောင်းသည့် လမ်းဟူ၍ကား မချီးကျူးဘဲမနေနိုင်။ ပြောင်းလဲ ကျင့်သုံးလာသည့် အစိုးရမူဝါဒ ၏ အသီးအပွင့်ပင်။ ဈေးကွက်စီးပွားရေး၏ အခြေခံသဘောဟုလည်း ဆိုရမည်။ နေရာတကာ အစိုးရက လိုက်ပါ မဆောင်ရွက်နိုင်။ ဈေးကွက်က လိုက်ပါ မဆောင်နိုင်သည် များကိုသာ အစိုးရက ဆောင်ရွက်ပေးရသည့် သဘောကို နိုင်ငံတကာ အတွေ့အကြုံ သင်ခန်းစာ များနှင့်နှိုင်းချိန်နေမိသည်။ အတော်များများကို ပုဂ္ဂလိက သို့မဟုတ် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည်။
လိုအပ်သည့်စည်းမျဉ်းများနှင့် စောင့်ကြည့် အကဲဖြတ်မှုများ ဆောင်ရွက်ပေးမည်။ ဈေးကွက်စီးပွားရေးစနစ်အသုံးပြု သည့် နိုင်ငံတိုင်းလိုက်နာ ကျင့်သုံးကြရ သည့် တရားကိုယ်သဘောပင်။
ဤနေရာ ဤလမ်းတွင် ထိုထိုသောနည်းလမ်းကို အသုံးပြုနေသည်ကို တွေ့ရသည်။ ကျယ်ပြန့်စွာ ဖြစ်ထွန်း လာလျှင် ကောင်းလေစွဟုသာ။ သို့နှင့် စလင်းမြို့သို့ ရောက်သည်။
ဝါဆိုသင်္ကန်းကပ်မည့် ဘုန်းကြီး ကျောင်းသို့ ရောက်တော့ နံနက် ၈ နာရီထိုးပြီးကာစ ရှိသေးသည်။ အချိန်ကိုက်မှု အနည်းငယ်လွဲသွားဟန်ရှိသည်။ လူမစုံ သေး။ မိမိတို့အဖွဲ့က စောရောက်နေပုံရသည်။ လမ်းကြောင်းကို မသိ။ မူလရောက်မည့်အချိန်ကို ၈ နာရီခွဲဟု မှန်းထားကြောင်း မြို့ခံလူကြီးတစ်ဦးက ပြောမှသိရသည်။ လမ်းကြောင့် ကြာချိန် လျော့နည်းသွားသည်ကို အံ့ဩနေဟန်လည်းတွေ့ရသည်။
မကြာမီပင် ဧည့်ပရိသတ်များ တဖွဲဖွဲရောက်လာကြသည်။ မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့များ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ တစ်ကျောင်း လုံးအပြည့်။ ပွဲက မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ် သည်မို့ စည်ကား နေခြင်းသာ။ တစ်မြို့နယ်လုံး ဘုန်းကြီးကျောင်းများမှ သံဃာတွေအပြည့်။ ကြည်ညိုဖွယ်ရာပင်။ သံဃာတော် များကို ဆွမ်းကပ်ပြီးတော့ ၁၁ နာရီခွဲနေပြီ။ နောက်တစ်ပွဲဆက်ရဦးမည်။
ရာသီဥတုသည်အလွန်ကြည်လင်နေသည်။ ဇူလိုင်လ နောက်ပိုင်းဖြစ်သဖြင့် မပူလွန်း။ ယမန်နေ့ညက မင်းဘူး၌ မိုးအနည်းငယ်ရွာသော်လည်း ယနေ့ မနက်ကတည်းက မိုးရွာမည့်အရိပ်အရောင်မတွေ့ရ။ မိုးသားတို့ ကင်းစင်နေ သလို နေပူရှိန်ကိုလည်းမရ။ အချိန်က မွန်းလွဲ ၁ နာရီဖြစ်သည်။ နေရာက စလင်းမြို့မီးသတ်စခန်း။ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ အရန်မီးသတ်၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက အပြည့်။ အခမ်း အနားက မီးသတ်ကားသစ်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားဖြစ်သည်။
မြို့သူမြို့သားတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေရဲ့ ဆန္ဒအတိုင်း အတာတစ်ခု အထိ ပြည့်ဝခဲ့ရပြီ။ ဤမြို့ကို စိုးရိမ်သောကပေးမည့် မီးဘေးအန္တရာယ်ကို တစ်ဖက်တစ်လမ်းက တားဆီးနိုင်တော့မည်။ အပြန်တွင် စကုမြို့ကို ဖြတ်ရသည်။
စလင်းနှင့်အတူ ကြားဖူးသည်မှာစကု။ မြို့ဟုဆိုရာတွင် မြို့ငယ်ကလေးသာ။
မင်းဘူးမြို့ထဲပါသည့် မြို့ဖြစ်သည်။ ရာဇဝင်များက အမျိုးမျိုးပြောကြသလို တကယ်လာကြည့်လျှင် စကုသည်လည်း ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ကြောင်း လမ်းဘေးဝဲယာရှိ စေတီဂူ ဘုရားတို့က သက်သေ။ သို့သော် ဤမြို့လေးများသည် အခြားအခြားသော မြန်မာပြည်မြို့များနှင့် နှိုင်းယှဉ်လျှင် နောက်ကျကျန်နေရစ်ခဲ့သည်လား။
သမိုင်းလက်ရာစေတီ၊ ဂူ၊ ဘုရား ၊ ကျောင်း သိမ်ဇရပ်များ ထိန်းသိမ်းရင်း တစ်ဖက် ကလည်း မိမိတို့၏ ဤမြို့များ ကြီးထွားရန်လိုသည်။ နှစ်ရှည်လများ တောင်ယာ လယ်လုပ်ဖြင့် အဘယ်မျှအထိ ကျွန်တော်တို့နေမည်နည်း။ ဆယ်စုနှစ်များက ကျွန်တော်တို့၏ ရင်ဘတ်များပေါ်ဖြတ်သွားခဲ့ပြီ။ ဤလယ်ယာတွေဘေးက ကျွန်တော်တို့ ဖြတ်ခဲ့ကြသည်။ ဒီလယ်ကွင်းတွေ ပြောင်းလဲသွားတာ မမြင်သင့်ပြီလော။
မြင်ကွင်းများသည် ကွာခြားပါသည်။ ဆိုးလ်မြို့တော်မှ ဘူဆန်မြို့အထိ ကားဖြင့်သွားရာ လမ်းကြောင်း တစ်လျှောက် မြင်ကွင်းများ၊ မြို့တော်တိုကျိုမှ အိုဆာကာအထိ ကျည်ဆန်ရထားဖြင့် ဖြတ်ခဲ့လေရာအချိန်က မြင်းကွင်း များ၊ လျန်ကျိုးမြို့မှ ရှန်ဟိုင်းမြို့အထိ ကားဖြင့်သွားရာလမ်းဘေးဝဲယာမြင်ကွင်း များသည်တိုက်များ၊ စက်ရုံများ၊ ခေတ်မီအဆောက် အအုံများ၊ ခေတ်မီစိုက်ပျိုး ရေးကွင်းများ၊ ခေတ်မီအဆောက် အအုံများနှင့် လယ်တောများ၊ လယ်ကွင်း (လယ်ကန်သင်းရိုး) အထိရောက်သည့် ကားလမ်းများ၊ ခေတ်မီကျေးလက်မြို့ များ ဖြတ်သန်း ခဲ့သည်ကို ပြန်သတိရပါသည်။ အင်ဒိုနီးရှား၏ ရှေးဟောင်း မြို့တော် ဂျော့ဂျကာတာမြို့ရှိ ကျေးရွာ များပင်လျှင် လယ်ကွင်းထဲအထိ ကတ္တရာ လမ်းများ ပေါက်နေပေပြီ။ မိမိတို့၏ ကျေးလက်များသည် ကျေးလက် ဂုဏ်အင်္ဂါ များနှင့်ပြည့်စုံနေမြဲပင်။
နိုင်ငံ၊ မြို့၊ ရွာများ ဖွံ့ဖြိုးရေးတွင်အရေးကြီးသည့် အချက်တစ်ချက်မှာ အခြေခံအဆောက် အအုံများဖွံ့ဖြိုးရေး ဖြစ်သည်။ ဤတွင် လမ်းပန်းဆက်သွယ် ရေးသည် အဓိကဖြစ်သည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါက သွင်း အားစုများနှင့် ထုတ်လုပ်ပြီး ကုန်ချောများ အလွယ်တကူ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ် ပေးပို့ နိုင်မည်။ သို့မှသာ ဈေးကွက်လုပ်ဆောင်ချက် (Market Assess) များအပြည့်အဝ ဆောင်ရွက်ပေးနိုင်မည်။ ငယ်ငယ်က သင်ခဲ့ရသည့် စိုက်ပျိုးရေးဘောဂဗေဒ ဘာသာရပ်ပါ လယ်ယာတော (Farm Gate) နဲ့ ဈေး (Market) ဆက်သွယ်မှု အရေးကြီးပုံအကြောင်း ဆရာတစ်ဦး၏ သင်ကြားမှုကို ပြန်သတိရနေမိသည်။ အရေးတကြီး ဆောင်ရွက်ပေးရမည့် လုပ်ငန်းများထဲမှ တစ်ခုပင်။
မင်းဘူးပြန်ရောက်တော့ အချိန်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်။ ယမန်နေ့ ကတည်းက သတိထားမိသည်။ မင်းဘူး-စလင်း ၃၉ မိုင်။ တစ်နာရီ စွန်းစွန်းလေး ကြာသည်။ အချိန်နာရီကို တွက်ချက်မင်သက်မိ နေသည့် မိမိကို အတူပါလာသည့် မင်းဘူးမြို့ခံက သိပ်အံ့ဩသွားသလားဗျ။ ဟိုးအရင်ကတော့ အနည်းဆုံး နှစ်နာရီခွဲဟု ဂုဏ်ယူသည့်လေသံဖြင့်ပြောသည်။ ဒီလမ်းက အခုကုမ္ပဏီ ကိုပေးထားတာ။ သူတို့က လမ်းကြေးကောက်။ သူတို့ပြင်။ ဟိုး စလင်းမြို့နယ် နိမိတ်နားအထိ။ ဒါကြောင့် အခုဆို ဒီဘက်လမ်းပိုင်းက အတော်ကောင်းနေပြီ။ ဟိုအရင်လို မကြာတော့ဘူး။ လမ်းကလည်း မြင်တဲ့အတိုင်းပါ။ ချောလို့။ ဒါတွေက ဒီဘက်အစိုးရ၏ မူဝါဒအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ အသီးအပွင့်တွေ၊ လက်တွေ့ဖြစ်ရပ်တွေပါလို့ပြောရင် မငြင်းနဲ့ပေါ့ဗျာ ဟုခနဲ့တာပင် ခံလိုက်ရသေးသည်။
ကောင်းလေစွ။ အေးပေါ့ဗျာ။ တစ်နည်းအားဖြင့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းတွေထဲက အစိတ်အပိုင်း တစ်ခုပါဗျာလို့ ဖြည့်စွက်ပြောရင်းစကား စဖြတ်လိုက်ရသည်။ မိုးကောင်းကင်သည် ကြည်လင်နေဆဲပင်။ ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment