စီဒီအမ်အေမိုဘိုင်းဖုန်းများကို ပြန်လည်သိမ်းဆည်းရန် အစီအစဉ်လုံးဝမရှိသေးဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆို
အများပြည်သူမှ တွင်ကျယ်စွာ သုံးစွဲနေသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများအား လုံးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြန်လည် သိမ်းဆည်းရန် အစီအစဉ်လုံးဝမရှိသေးကြောင်း MPT မှ အထွေထွေမန်နေဂျာ ဦး ခင်မောင်ထွန်းက ပြောကြားလိုက်သည်။
CDMA 800MHz နှင့် 450 MHz မိုဘိုင်းဖုန်းများဖြစ်သည့် (၀၉၇၃---, ဝ၉၃၁---, ဝ၉၈၆ ---, ဝ၉ ၈၅--- နှင့်ဝ၉၄၉---)အစရှိသည့် စီဒီ အမ်အေ မိုဘိုင်းဖုန်းများ ကို ပြန်လည် သိမ်းယူသွားရန် အစီအစဉ်မရှိဘဲဆက်လက် အသုံးပြု နိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ KDDI (မြန်မာ)ရုံး ချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာများနှင့် သီးသန့်တွေ့ဆုံပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဦးခင်မောင်ထွန်းက ''စီဒီအမ်အေအမျိုး အစားဖုန်းတွေနဲ့ ပတ်သက်ပြီးပြန်သိမ်းဖို့ အစီအစဉ်မရှိပါဘူး၊ ဒီအတိုင်း ပဲ ဆက်သုံးနိုင်မှာပါ၊ ဒီအတွက်လဲ ဆွေးနွေးနေတာမျိုးတွေမရှိပါဘူး''ဟုပြောသည်။
ယခင်က ပြောင်းလဲလာသည့် နည်းပညာပိုင်းအရ စီဒီအမ်အေဖုန်းများ ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြန်လည်သိမ်းဆည်းရန် စီစဉ်လျက် ရှိသည်ဟု လွန်ခဲ့သည့်လပိုင်းအတွင်းက သတင်းများထွက် ပေါ်လာခဲ့ပြီး စီဒီအမ်အေအချို့ ဆင်းမ်ကတ်အမျိုးအစားကို ကျပ်ငါးသိန်းဖြင့် ပေးဝယ်ခဲ့သည့် သုံးစွဲသူ များမှာ ထိခိုက်နစ်နာမှုများရှိနိုင်သည်ဟု ပြောဆိုခြင်းများရှိခဲ့သည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI,Sumitomo ကော်ပို ရေးရှင်းတို့ဖြင့် ပူးပေါင်း၍ Joint Operations အဖြစ် လုပ်ကိုင်ဆောင် ရွက်လျက်ရှိပြီး ဆက်သွယ်ရေးဝန် ဆောင်မှုများပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
MPT-KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ''အ ခုMPTရဲ့ ဈေးနှုန်းချပေးတဲ့အစီအစဉ်ထဲမှာ စီဒီအမ်အေတွေကတော့ မပါသေးဘူးပေါ့၊ ဒီအတွက် Development ဖြစ်အောင် အများကြီးလုပ် ဖို့အတွက် လိုအပ်နေသေးလို့ပါ၊ စီဒီ အမ်အေတွေကို ရုပ်သိမ်း မယ်၊ မရုပ် သိမ်းဘူးဆိုတာ အခုလောလောဆယ်မှာ ဆွေးနွေးတာ မရှိသေးပါဘူး''ဟု ပြောသည်။
လတ်တလောတွင် MPT မှဂျီ အက်စ်အမ်နှင့် WCDMA ဖုန်းများအတွက် ဖုန်းပြောဆိုခ၊ မတ်ဆေ့ခ်ျ ပေးပို့ခတို့ကို ဈေးနှုန်းလျှော့ချသတ်မှတ်ပေး လိုက်သော်လည်း MPT မှပင် ဖြန့်ဖြူးရောင်းချခဲ့သည့်စီဒီအမ်အေသုံးစွဲ သူများအပေါ် မည်သို့သော ဝန်ဆောင်ခမှ လျှော့ချပေးခြင်း မရှိသေးခြင်းအတွက် သုံးစွဲရသည်မှာ စိတ်ကျေနပ်မှု မရှိသေးကြောင်းယင်း မိုဘိုင်းဖုန်း အသုံးပြုသူ များကပြောဆိုကြသည်။
၀၉-၇၃ ဖုန်းကိုင်ဆောင်သူ မြောက်ဥက္ကလာပမြို့နယ်နေ ဦးကျော်သန်းက ''ကျွန်တော်တို့က ဆက် သွယ်မှုတစ်ခုရအောင်လို့သာ ငါးသိန်းပေးပြီး ၇၃ ဖုန်းကို ဝယ်ကိုင် ထားရတာ၊ အခုချိန်မှာ ဖုန်းကတ် တစ်ကတ်ဘာမှ မတန်တော့ပေ မယ့် ပြန်သိမ်းမယ်သတင်းကြားတာနဲ့ စိုးရိမ်မိတယ်၊ နောက်ပြီဟန်းဆက် ဆိုလဲ ရှားတယ်၊ သီးသန့်ဝယ်ကိုင် ရတာလေ၊ ဘယ်ကတ်နဲ့ပဲ အစားထိုး ပြန်ရပြန်ရ ငါးသိန်းပေးဝယ်ထား တာဖြစ်လို့ ကျွန်တော်ကတော့ မတန်ဘူးထင်တယ်'' ဟု ပြောသည်။
ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယင်းစီဒီအမ်အေ ဖုန်းများကို အင်တာနက်လျှောက်ထား၍ အသုံးပြုခွင့်ပေးထားခဲ့သော်လည်း နောက် ပိုင်းရောင်းချ သည့် မိုဘိုင်းဖုန်းများကိုမူ အင်တာနက်လျှောက်ထားမှု ရပ်ဆိုင်းထား ခဲ့ကြောင်း သိရသည်။
CDMA 800MHz ဖုန်းများကို ၂၀၁ဝပြည့်နှစ် နောက်ပိုင်းမှစ တင်ရောင်းချ ခဲ့ခြင်းဖြစ်ပြီး အလုံး ရေ သိန်းဂဏန်းဝန်းကျင် ဖြန့်ဖြူးထားသည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မိုဘိုင်းနှင့် ပတ်သက်၍ နည်းပညာအဆင့်မြှင့်တင်မှုများပြု လုပ်ခဲ့သည့်အတွက် ၉၉ ဖြင့်စသည့် ဆယ်လူလာဖုန်းများ၊ ၈ဝဖြင့်စသည့် စီဒီအမ်အေဖုန်းများ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အစားထိုးလဲလှယ်ပေးခဲ့ဖူးသည်။
PPT
Democracytoday
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment