Sunday, August 16, 2015

မိုဘိုင်း ပထမမှသည်..... =============

ဆောင်းပါး
========

မိုဘိုင်း ပထမမှသည်.....
=============

ရွှေနွယ်

ယမန်နေ့မှအဆက်
ရေရှည်မျှော်မှန်းချက်များ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်အကုန်တွင်-

(က) မြန်မာနိုင်ငံရှိလူဦးရေ၏ ၉ဝ ရာခိုင်နှုန်းကျော်အား ဆက်သွယ်ရေးကွန်ရက်ဖြင့် လွှမ်းခြုံ မိစေရန်၊
(ခ) မြန်မာနိုင်ငံရှိလူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်ကို အင်တာနက်သုံးစွဲပိုင်ခွင့်ရစေရန်နှင့်
(ဂ) မြန်မာနိုင်ငံရှိ လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းသည် မြန်နှုန်းမြင့်အင်တာနက် သုံးစွဲခွင့်ရစေရန်။
ရည်မှန်းချက်ထားရှိကြောင်း လေ့လာသိရှိရပါသည်။

ထို့ပြင် မြန်မာနိုင်ငံသားတို့ Broadband သုံးစွဲရာ၌ ဈေးချိုချိုဖြင့် သုံးစွဲနိုင်ရန်နှင့်Broadband ဖြင့် အင်တာနက် ချိတ်ဆက်သုံးစွဲခ အသုံးစရိတ်သည် စုစုပေါင်း ဝင်ငွေ၏ ၅ဝ ရာခိုင်နှုန်း မကျော်စေရန်လည်း မျှော်မှန်းထားကြောင်း သိရပါသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍအတွက် ဆက်သွယ်ရေး မဟာစီမံကိန်း (မူကြမ်း)(Telecommunications Master Plan – Draft) ကို မကြာသေးမီကာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုမဟာစီမံကိန်း၌ ရေရှည် မျှော်မှန်းချက် သုံးခုရှိကြောင်းတွေ့ရ၏။ ထိုမျှော်မှန်းချက်များမှာ
(၁) မြန်မာနိုင်ငံသားများအား ပြည်တွင်းနှင့် ပြည်ပသို့ ဆက်သွယ်ချိတ်ဆက်ပေးရန်၊
(၂) မြန်မာ့စီးပွားရေး အဆောက်အအုံ၌ သတင်းအချက်အလက် နည်းပညာနှင့် တီထွင်ဖန်တီးဆန်းသစ်မှု များဖြင့် ပိုမိုလုပ်ပိုင်ခွင့် ရရှိလာစေရန်၊
(၃) ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့်Mobile Applications များ ပိုမိုဖြစ်ထွန်းတိုးတက် လာရာမှတစ်ဆင့် e-Government ခရီးအဆင်ပြေချောမွေ့စေရန်တို့ဖြစ်ပါသည်။

ခေတ်မီဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံ (Modern Telecommunications Infrastructure) သည် တိုင်းပြည်၏ ပြည်တွင်းစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးရုံမျှသာမက ပြည်ပမှရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်ကာ ပြိုင်ဆိုင်မှုအပြည့်ရှိသော ကမ္ဘာ့ဈေးကွက်၌ အားကြိုးမာန်တက် ယှဉ်ပြိုင်နိုင်ရေးအတွက်လည်း ကြိုတင်လိုအပ်ချက် (Pre-requisite) တစ်ရပ်ဖြစ်သည်။

ခေတ်မီဆက်သွယ်ရေး အခြေခံအဆောက်အအုံတစ်ခုဖြစ်စေရန်အတွက် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံရန်လိုအပ်ပါသည်။ ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းသည် ကုန်ထုတ်လုပ်မှုစရိတ်ကို ကျဆင်းစေပါသည်။ စီးပွားရေးအဖွဲ့အစည်းများ၏ ဝင်ငွေကို ပိုမိုတိုးပွားစေသည်။ ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ပိုမိုတိုးပွားစေပါသည်။ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ၌ တစ်ဒေါ်လာရင်းနှီးမြှုပ်နှံတိုင်း စီးပွားရေး အရ ပြန်ရချက် f (Economic Return) ခြောက်ဒေါ်လာကျော် ရရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ လေ့လာချက်တစ်ခုက ဆိုပါသည်။
ဆက်သွယ်ရေးကဏ္ဍ၏ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုရှိလာအောင် စီမံဖန်တီးပေးမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း စီးဝင်လာခဲ့ရာTelenor မြန်မာက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅ဝဝ ကျော်၊ Ooredoo မြန်မာက ရင်းနှီးမြှုပ်နှံမှုဒေါ်လာ သန်း ၇ဝဝ ကျော် ထည့်ဝင်ဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသောKSGM ကုမ္ပဏီသည်လည်း ၁ဝ နှစ်အတွင်း ဒေါ်လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန်ရှိပြီး ထိုငွေပမာဏ၏ ၅ဝ ရာခိုင်နှုန်းခန့်ကို ပထမ နှစ်နှစ်တွင် ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း သိရပါသည်။

ထိုသို့ ဆက်သွယ်ရေးအော်ပရေတာများ ဝင်ရောက်လာမှုနှင့်အတူ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများကိုလည်း အော်ပရေတာအသီးသီးက ခေါ်ယူခန့်ထားခဲ့ရာ ခန့်ထားမှုအခြေအနေကို အောက်ပါအတိုင်းတွေ့ရပါသည်-
ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းမှုများ
ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိက ပိုင်းမှ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး ခေတ်နှင့်လျော်ညီသည့် ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ပြောင်းလဲရေးကိစ္စရပ်များအား ဆောင်ရွက်ခဲ့ရာ ဆက်သွယ်ရေးဥပဒေကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်သွယ်ရေးဥပဒေနှင့် ဆက်စပ်သည့် နည်းဥပဒေများတွင် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ၊ လှိုင်းနှုန်းစဉ် ဆိုင်ရာနည်းဥပဒေများ၊ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများ၊ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများ ဟူ၍ နည်းဥပဒေ(၅)ခု ပါဝင်မည် ဖြစ်ပါသည်။ ဤတွင် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများကို ၁၄-၁ဝ- ၂ဝ၁၄ ရက်နေ့၌ လည်းကောင်း၊ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၆-၁-၂ဝ၁၅ ရက်နေ့တွင် လည်းကောင်း၊ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများကို ၉- ၆-၂ဝ၁၅ ရက်နေ့တွင်လည်းကောင်း အသီးသီးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်ပ ဆက်သွယ်ရေးအော်ပရေတာ နှစ်ဦးဖြစ်သည့် Ooredoo မြန်မာကုမ္ပဏီနှင့်Telenor မြန်မာကုမ္ပဏီတို့ကို ၃ဝ-၁-၂ဝ၁၄ ရက်နေ့တွင် နိုင်ငံတစ်ဝန်း မိုဘိုင်းဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့် (Acceptance Letter) များ ပေးအပ်ခဲ့ပြီး (၅-၂-၂ဝ၁၄) ရက်နေ့တွင် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်များ ချထားပေးခဲ့ပါသည်။

Ooredoo မြန်မာကုမ္ပဏီက ၎င်း၏ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု 3G စနစ်ကို ၁၅-၈-၂ဝ၁၄ ရက်နေ့မှ စ၍ ဝန်ဆောင်မှုပေးခဲ့ပြီးTelenor မြန်မာကုမ္ပဏီက ၂၇-၉-၂ဝ၁၄ ရက်နေ့မှစ၍ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင် မှု 2G / 3Gစနစ်ကို ဖြည့်ဆည်းပေးခဲ့ပါသည်။

ထို့ကြောင့် Ooredoo နှင့်Telenor တို့၏ မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်အတွင်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ စတင်ပေးလိုက်သည့် အချိန်မှစ၍ ဆက်သွယ်ရေးဈေးကွက်၌ ပြိုင်ဆိုင်မှုရှိလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တစ်ဦးတည်း လုပ်ကိုင်ဆောင်ရွက်ခွင့်မှာလည်း ချုပ်ငြိမ်းသွားခဲ့ပြီး ဖြစ်ပါ သည်။
ဆက်သွယ်ရေး အော်ပရေတာများမှ တယ်လီဖုန်း တပ်ဆင်ပြီးစီးမှုအခြေအနေကို ဇယား(၁) ၌ ဖော်ပြပါ သည်။

ထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများအရ ထုတ်ပေးပြီးသည့် လိုင်စင် အမျိုးအစားနှင့် ကုမ္ပဏီအရေအတွက်တို့ကို လေ့လာကြည့်ရာ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) (Network Facilities Service License - Individual) အတွက် ပြည်တွင်းကုမ္ပဏီ ခုနစ်ခု ၊ ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (သာမန်) ( ( Network Facilities Service License - Class) အတွက် ပြည်တွင်းကုမ္ပဏီ ၁ဝ ခုနှင့် ပြည်ပကုမ္ပဏီရှစ်ခု၊ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (Application Service
License) အတွက် ပြည်တွင်းကုမ္ပဏီခြောက်ခုနှင့် ပြည်ပကုမ္ပဏီတစ်ခု၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (Network Service License ) အတွက် ပြည်တွင်းကုမ္ပဏီနှစ်ခုသို့ လိုင်စင်များ ထုတ်ပေးထားပြီး ဖြစ်ပါသည်။ လိုင်စင်ထုတ်ပေးထားသည့် အမျိုးအစားနှင့် ကုမ္ပဏီအရေအတွက်ကို ဇယား (၂) ၌ ဖော်ပြပါသည်။

ဇယား ( ၃ ) နှင့် ဂရပ် ( ၂ ) တွင် တိုင်းဒေသကြီး /ပြည်နယ်များအလိုက် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း တယ်လီဖုန်းသိပ်သည်းဆ တိုးတက်လာမှုအခြေအနေကို ဖော်ပြထားပါသည်။ တယ်လီဖုန်း သိပ်သည်းဆသည် လူဦးရေ ၁ဝဝ ၌ လူဦးရေမည်မျှက တယ်လီဖုန်း သုံးစွဲနိုင်ကြောင်းကို ဖော်ပြခြင်းဖြစ်ပါသည်။
ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုကြောင့် မြန်မာပြည်ရှိ ဒေသအသီးသီး တွင် တယ်လီဖုန်းသိပ်သည်းဆများ နှစ်စဉ်တိုးတက်လာခဲ့ပါသည်။


No comments:

Post a Comment