တိုင်းပြည်ကျွန်ဖြစ်ရေး မတွေးကြပါနဲ့ဗျာ
=========================================
တောကဖိုးတုတ်
=========================================
ပုဂ္ဂလိက ပုံနှိပ်မီဒီယာတစ်စောင်တွင် ပါတီကြီးတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့ပါတီကသာ အနိုင်ရခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၏ အပိုဒ် ၅၉(စ) ကို ပယ်ဖျက်မယ်လို့ ဖော်ပြထားတာတွေ့ခဲ့ရ သည်။
အပိုဒ် ၅၉(စ) ဆိုသည်မှာ-
''မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိ သူများမဖြစ်စေရ'' ဟု ဖော်ပြ ပြဋ္ဌာန်း ထားရှိပါသည်။
ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်လိုတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ပါတီရဲ့ ခေါင်းဆောင်တစ်ဦးက နိုင်ငံခြားသား တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သားသမီးများ ထွန်းကားခဲ့သည်။ ထိုသားသမီးများကို လည်း အဲဒီနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထားပြီး ၄င်းနိုင်ငံမှာပင် အခြေချ နေထိုင်လျက်ရှိသည်။ အဖြေကတော့ ဒါပါပဲ။ စာဖတ်သူများ ရှင်းလောက်ပြီဟု ထင်ပါသည်။
ဤကဲ့သို့နိုင်ငံခြားသားနှင့်လက်ထပ် ခဲ့သူ၊ သားသမီးများကိုလည်း အခြား နိုင်ငံ၏ နိုင်ငံသားခံယူထားသူနှင့် ဆက် စပ်နေသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဦးသျှောင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုသည့် လုပ်ရပ်များသည် တိုင်းပြည်ကျွန်ပြန်ဖြစ်မည့်အရေးကို လုပ်ဆောင် နေခြင်းဖြစ် သည်။
ဗြိတိသျှနယ်ချဲ့အစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် တောင်းဆိုလာသည့် ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲကာ တင်ပြရမည်ဟု အကျပ်ကိုင်လာပါသည်။ ထိုစဉ်က ဗိုလ်ချုပ်အောင် ဆန်းသည် တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်ကြီးများနှင့် ရှမ်းပြည်နယ် ပင်လုံမြို့တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံ အတွက်လိုအပ်နေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရန်နှင့် ပါဝင်သင့် ပါဝင် ထိုက်သည့် အခန်းကဏ္ဍများကို ညှိနှိုင်း ဆွေးနွေးခဲ့ရာမှ မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၆ ပါလီမန်၊ အပိုဒ် ၇၄၊ အပိုဒ်ခွဲ (၁)၌ ''အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ်ခြင်းခံရန်၎င်း၊လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ်တည်မြဲစေရန် ၄င်းခွင့် မပြုရ''။
(က) ''နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း၊ နိုင်ငံသားသော်၎င်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစား ခွင့်များကို ခံစားနိုင်ခွင့်ရှိသူ သို့တည်းမဟုတ်''ဟု ဖော်ပြထားသည်။
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံခြား၏ ကျေးဇူးသစ္စာခံဖြစ်ခဲ့သူ၊ လက်အောက်ခံ ဖြစ်ခဲ့သူ၊ ယင်းနိုင်ငံ၏အခွင့်အရေးများ ခံစားနေသူတို့ကို နိုင်ငံတော်သမ္မတအဆင့် အထိမဆိုထားနှင့် လွှတ်တော်တစ်ရပ်ရပ် ၏အမတ်အဖြစ်ကိုပင် ခွင့်မပြုရဟု ဖော် ပြခဲ့သည်။
မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည့် ၁၉၇၄ ခုနှစ် တွင်လည်း နိုင်ငံတော်သမ္မတနှင့် ပတ်သက်၍ နိုင်ငံခြားအစိုးရ၏လက်အောက် ခံဖြစ်သူ၊ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်သူများနှင့် မကင်းကြသူများ ကို နိုင်ငံတော်သမ္မတမဖြစ်ထိုက်ဟု အတိအလင်းဖော်ပြထားပြီးဖြစ်သည်။
စာရေးသူ အထူးတင်ပြလိုသည်မှာ မြန်မာနိုင်ငံ၏သမ္မတဖြစ်မယ့် ပုဂ္ဂိုလ် သို့မဟုတ် ၄င်း၏ခင်ပွန်း သို့မဟုတ် ၄င်း၏သားသမီး တစ်ဦးဦး၊ ထိုတရားဝင် သား သမီးတစ်ဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းတို့နှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာခံ သို့မဟုတ် နိုင်ငံသား ဖြစ်မှုစသည့် ပြဋ္ဌာန်းချက်များ သတ်မှတ်ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကပင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ယခုမှ အသစ်အဆန်းပြဋ္ဌာန်းခြင်း မဟုတ်ပေ။
ယင်းဥပဒေပုဒ်မသည် မြန်မာနိုင်ငံအတွက် အသက်တမျှအရေးကြီးသည့် ပြဋ္ဌာန်းချက်ဖြစ်၍ ယနေ့ကာလတွင်သာမက ကမ္ဘာတွင် မြန်မာနိုင်ငံတည်ရှိနေသရွေ့ သားစဉ်မြေးဆက်တိုင်အောင် ပြဋ္ဌာန်းသွားရမည့် ဥပဒေပုဒ်မဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ထိုတိုင်းပြည်၏ ကံကြမ္မာကို အလှည့်အပြောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ခွင့်ရှိသော၊ လုပ်ပိုင်ခွင့် အာဏာရှိသော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။ ယနေ့တိုင်းပြည်တွင် ပြဋ္ဌာန်းနေသော ဥပဒေ၊ နည်းဥပဒေများကို သမ္မတ၏ လက်မှတ်ရေးထိုးမှုဖြင့်သာ ထုတ်ပြန် နိုင်သည်ကို မမေ့သင့်ပေ။
ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်ရေး ကာလမှစ၍ အင်အားကြီးနိုင်ငံများက အင်အားနည်းသည့် နိုင်ငံငယ်လေးများကို ကျွန်ပြုအုပ်ချုပ်ခြင်း၊ လက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် သတ်မှတ်ခြင်းများ ပြုရာတွင် ယင်းတို့၏နိုင်ငံမှ တိုက်လေယာဉ်ကြီးများ၊ တင့်ကားကြီးများ၊ ရေတပ်သင်္ဘောကြီးများဖြင့် လက်နက်ကြီး ငယ်များအသုံးပြု၍လည်းကောင်း၊ အဖျက်စွမ်းအားပြင်းသည့် နျူကလီးယား လက်နက်များအသုံးပြု၍ လည်းကောင်း၊ နိုင်ငံငယ်များအတွင်းသို့ ကျူးကျော်သိမ်း ပိုက်ဗိုလ်ကျအုပ်ချုပ်ခြင်းမျိုး ကျင့်သုံးမှု နည်းပါးလာခဲ့ပြီဖြစ်သည်။
ယင်းကဲ့သို့ မြင်သာထင်သာသည့် လက်နက်ဖြင့် အင်အားအသုံးပြု၍ တိုင်းတစ်ပါး၏ လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုဘဲ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးရာ နည်း၊ ဝါဒဖြန့်ချိရေးနည်း၊ သံတမန်နည်း တို့ဖြင့် ထိပါးနှောင့်ယှက်၍ မသိမသာ ကျွန်ပြုခြင်းကို ဆောင်ရွက်လျက်ရှိနေကြ သည်။
တိုင်းပြည်လွတ်လပ်ရေးရဖို့အတွက် ပေးဆပ်ခဲ့ရသည့် အသက်ခန္ဓာ၊ တိုင်းပြည်ဘဏ္ဍာ၊ သယံဇာတပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ သစ်တောထွက်ပစ္စည်း များမှာ တန်ဖိုးမဖြတ်နိုင်အောင်ဆုံးရှုံးစွန့် လွှတ်ခဲ့ကြရပြီး နှစ်ပေါင်း ရာချီတိုင်အောင် အချိန်ကြာမြင့်ခဲ့သည်။
ရပြီးသားလွတ်လပ်ရေးပြန်လည် ဆုံးရှုံးဖို့ဆိုလျှင် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း မှာပင် ကျွန်ဖြစ်သွားနိုင်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် သည့် စစ်မှန်သောလွတ်လပ်ရေးကို အ သက်နှင့်လဲ၍ ပေးဆပ်ခဲ့ကြရသည့်အတွက် ခေတ်သစ်ကိုလိုနီများ၏ ဗိုလ်ကျ စိုးမိုးမှုကို လုံးဝမခံရ လေအောင် ယခု ကဲ့သို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတစ်ရပ်လုံး၏ဆန္ဒဖြင့် ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်သည်။
နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်မှုအား ကျွန်ုပ်တို့ပြည်သူတစ် ရပ်လုံးမှလည်းကောင်း၊ နိုင်ငံတော်အစိုးရ မှလည်းကောင်း၊ ပြည်သူ့တပ်မတော်သည်လည်းကောင်း၊ မည်သည့်နည်းနှင့်မျှ စွက်ဖက်နှောင့်ယှက်ကျူးကျော်ရန်စ ခြင်းမျိုးကို သည်းခံမည်မဟုတ်ပေ။
အမိမြေ အမိရေပေါ်၌ တိုင်းရင်းသား လူမျိုးပေါင်းစုံများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံသား တို့သည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ စကား၊ ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများဖြင့် စုပေါင်းနေထိုင်ခဲ့ ကြသည့် သမိုင်းကောင်းသောမြန်မာနိုင်ငံ ဖြစ်ပေသည်။ လွတ်လပ်ရေးကို တန်ဖိုး ထားသည်။ လွတ်လပ်ရေးကို ချစ်မြတ်နိုးသည်။ အမျိုးချစ်ပြီး အမျိုးစစ်သော မြန်မာလူမျိုးတို့သည် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ကြသည်။
တိုင်းပြည်အာဏာရရှိရေးအတွက် ဆန္ဒမဲရရှိရန် စည်းရုံးရေးလှုံ့ဆော်မှုများနှင့် ပုဂ္ဂလိကမီဒီယာအချို့၏ ရေးသား ထုတ်ဖော်ချက်များကို နေ့စဉ်ဖတ်ရှုနေ ရခြင်း၊ ပြင်ပရုပ်မြင်သံကြား အသံလွှင့် အစီအစဉ်များနှင့် ရေဒီယို ထုတ်လွှင့်မှုများတွင် မြင်တွေ့ကြားသိနေရခြင်းများမှာ စိတ်မချမ်းမြေ့စရာများ ကြုံတွေ့နေရသည်။ မြန်မာလူမျိုးတို့မှ ဟုတ်ပါလေစဟု ထင်ယောင်မိသည်။
http://uniondaily.net/News/DetailView.aspx…
No comments:
Post a Comment