Tuesday, October 13, 2015

ကျေးဇူးရှင်များအပေါ် ကျေးမစွပ်မိကြစေဖို့ ကျေးဇူးရှင်များအပေါ် ကျေးမစွပ်မိကြစေဖို့

ကျေးဇူးရှင်များအပေါ် ကျေးမစွပ်မိကြစေဖို့
----- ----- ----- ----- -----
တက္ကသိုလ်ကျောင်းပိတ်ရက် မိတ်ဆွေရဟန်း၏ ကျောင်းသို့ အလည်အပတ်သွားရောက်ဖြစ်ခဲ့သည်။ အချိန်သည်ကား နံနက်ခင်း ဆယ်နာရီခွဲပြီးခါစ နေ့ဆွမ်းချိန်အမှီ ကြွရောက်လာသော မိမိအား မိတ်ဆွေ ရဟန်းတော်မှ “ဒီနေ့ဆွမ်းဟင်းတွေ တယ်များနေတာ ဒီပေါ်တော်မူကြီး ကြွလာလို့ကိုး“ ဟု တခုတ်တရ ချီးမွှမ်းခန်း ဆိုလေ၏။ ဆွမ်းစားအပြီး ရေနွေးကြမ်းဝိုင်းတွင်တော့ (ဓမ္မသာကစ္ဆာမမည်သော) ရဟန်းပျိုတို့ စကားဝိုင်းအား မိမိမှစတင်ကာ ကန့်လန့်ကာ ဖွင့်ပေးမိလေသည်။ “နောင်တော်ကြီး ဝါတွင်းဓမ္မသဘင်တွေ ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ သတင်းကြားရတယ်၊ ဓမ္မကထိကကြီး ပင်ပန်းရောပေါ့’’ဟု ကျီစယ်မိလေသည်။ “မပြောစမ်းပါနဲ့ ငါ့ရှင်ရာ ဒီနှစ် ဆွမ်းလောင်းအသင်းဓမ္မာရုံတွေမှာ တရားဟောရတာ စိတ်ရှုပ်ထွေးစရာတွေ ခဏခဏကြုံရတယ်ကွ၊ ကိုယ့်အရင် ဟောသွားတဲ့ ဓမ္မကထိကအချို့က အမျိုးသားရေး တရားတော်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး၊ တရားသိမ်းခါနီးကျရင် နိုင်ငံရေးစကားဖြစ်တဲ့ ဘယ်ပါတီကိုမဲပေး၊ ဘယ်ပါတီကိုမဲမပေးနဲ့ ဘယ်ပါတီက အမျိုးသားရေးအတွက် စိတ်ချရတယ်၊ ဘယ်ပါတီကအမျိုးသားရေးအတွက် စိတ်မချရဘူး၊ အဲဒီလိုတွေ ဟောကျ၊ ပြောကျသတဲ့ကွာ၊ ကိုယ့်အလှည့်ရောက်လို့ ဒါန၊ သီလ၊ ဘာဝနာအကြောင်းပဲ ပြောတော့ အရှင်ဘုရားက အရင်ဘုန်းဘုန်းတွေနဲ့ တူလည်းမတူဘူး၊ တရားဟောသိပ်မကောင်းသေးဘူးဆိုပဲ ငါ့ရှင်ရေ”ဟု ညီးတွားရင်း မိမိကို ပြန်လည်ရင်ဖွင့်လေ၏။

မိတ်ဆွေရဟန်းက ခေတ်နောက်ကျတဲ့ဘုန်းကြီးလို့ပဲ ဆိုဆို၊ ရိုးအလွန်းတဲ့ဘုန်းကြီးလို့ပဲ ပြောပြော ဒီနှစ်ခုထဲက တစ်ခုခုတော့ မှန်နေသည်။ အင်တာနက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ၊ ဆိုရှယ်လ်နက်ဝါ့ခ်ဆိုတာတွေ သူဘာမျှမသိပေ။ ဒါကြောင့်လည်း ရိုးသားစွာ ညီးတွားပြီး ထိုကိစ္စကို အဆန်းတစ်ကြယ်လုပ်နေခြင်း ဖြစ်ပေ၏။ ဒါနဲ့မိမိကလည်း “နောင်တော်ကြီး ဒါများဘာဆန်းလို့လဲဘုရား ဟိုတစ်နေ့ကဆို မန္တလေးအိမ်တော်ရာဘုရားဝင်း၊ (၁၄)ခန်း ဓမ္မဗိမာန်မှာ တိပိဋကဓရဆိုတဲ့ဘွဲ့ထူးကြီးပိုက်ထားတဲ့ ဆရာတော်တစ်ပါးကတောင် ဘယ်ပါတီကို မဲပေး၊ ဘယ်ပါတီကို မဲမပေးနဲ့၊ သူမဲမပေးခိုင်းတဲ့ ပါတီကို မဲပေးမိရင် အမျိုးသစ္စာဖောက်တွေ ဖြစ်ကုန်မယ်၊ ဘာညာနဲ့ ပလ္လင်ပေါ်ကနေ မိန့်မိန့်ကြီး ဟောပြောနေတာဘုရား။ စကိုင်းနက်ရုပ်သံက၊ ဗုဒ္ဓချန်နယ်မှာတောင် အဲဒီတရားပွဲကို လွင့်ပေးလိုက်သေးတယ်ဘုရား။ တပည့်တော် သိရသလောက်တော့ တရားပွဲလည်းပြီးရော တရားပွဲစီစဉ်သူတွေ အတော်စိတ်မကောင်းဖြစ်နေကြတယ်တဲ့ဘုရား”ဟု သိသင့်သိထိုက်သည်များကို မိတ်ဆွေရဟန်းအား လျှောက်ထားမိခဲ့ပါသည်။ ဒီတော့မှ မိတ်ဆွေရဟန်းကလည်း “အေးကွာ အခုတရားပွဲ အတော်များများမှာ အဲဒီလို နိုင်ငံရေးတရားတွေ ပြောဟောနေကြတော့၊ တရားနာပရိတ်သတ်တွေအနေနဲ့ အေးငြိမ်းဖို့ရာ တရားနာ ပူဇာစနဲ့တိုး ဆိုသလို ဖြစ်နေပါကောလား ငါရှင့်”ဟု မှတ်ချက်ပေးလေ၏။

မိမိကိုယ်တိုင်လည်း တစ်ချိန်က မ.ဘ.သဆိုသည့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့အစည်းကြီးကို မိမိတို့တိုင်းပြည်အတွက် လိုအပ်သည်ထင်၍ အားပေးထောက်ခံ ကြည်ညိုခဲ့ပါသေးသည်။ သို့သော် ယခုအချိန်တွင်တော့ ထိုအဖွဲ့အစည်းအကြီးသည် လိုအပ်သည်ထက် ပိုလွန်သွားပြီ ဖြစ်လေသည်။ မူလရည်ရွယ်ချက်ဖြစ်သော အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးကို ဗန်းပြပြီး နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်လာကြသည်။ အာဏာရှင်စစ်အစိုးရတို့သည်ပင် အခြေခံဥပဒေထဲမှာ ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံရေးမလုပ်ရ၊ အမြတ်မထုတ်ရဟု ပြဌာန်းထားသည်။ ဒါ့အပြင် ဘာသာရေးနှင့် နိုင်ငံရေး မရောထွေးပါနှင့်ဟု ခေတ်အဆက်ဆက်က အုပ်စိုးသူတွေ လက်ကိုင်ပြု ပြောကြားခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ သူတို့တွေပင် ဘာသာရေးကို အသုံးချပြီး လူတွေကို စည်းရုံးကြပြန်သည်။ အခြေနေအရ လိုအပ်လာလျှင် သံဃာတော်တွေကို အသုံးချခဲ့ကြသည်။ (ယခုထိလည်း အသုံးချနေဆဲဖြစ်၏) အထူးသဖြင့် စစ်အာဏာရှင်တို့ သည်ပင် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှု အများဆုံးဟု ဆိုရမည်ဖြစ်သည်။ မဆလခေတ်က အဖြစ်ပျက်တစ်ခုက သက်သေပြနေသည်။ စစ်အာဏာရှင်တွေနဲ့ ပြည်သူတွေ အခြေအနေတွေ တင်းမာနေတဲ့ အချိန် မြန်မာ့အသံသို့ ကမ္ဘာအေးကုန်းမြေမှ ဆရာတော်များ ဘယ်သူမှ မပင့်ဖတ်ရပဲ သူတို့ဆန္ဒအရ ကြွရောက်လာသည် ဟုဆိုကာ၊ ပြည်သူတွေကို သောဝစ္စဿတာဂုဏ်နှင့်အညီ နေထိုင်ကြဖို့ မိန့်တော်မူလေ၏။ သောဝစ္စဿတာဂုဏ်ဆိုတာက ပြောဆိုဆုံးမတာ နာခံဖို့ကို ဆိုလိုတာဖြစ်သည်။ အစိုးရကိုမဆန့်ကျင်ကြနှင့် အစိုးရပြောတာ နားထောင်ဟု ဆိုလိုရင်းဖြစ်သည်။ အရိုးရှင်းဆုံး ပြောရလျှင် အာဏာရှင်က သူ့အိပ်ကပ်ထဲက အပိုင် ဘာသာရေးနယ်ပယ်မှ ဆရာတော်များကို ထုတ်သုံးလိုက်ခြင်းပင်ဖြစ်၏။

ယခုလည်း မိမိတို့တိုင်းပြည်မှာ နိုင်ငံရေးအပြောင်းအလဲကြီးတစ်ခုကို ပေါ်ပေါက်လာစေဖို့ ပြည်သူတွေက ကြိုးပမ်းနေကြချိန်မှာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ အာဏာရှင်စစ်အစိုးရတို့ တိုက်ကွက် လှလှတွေ ထုတ်သုံးနေပြီဖြစ်သည်။ ပြည်သူအများစုက ထိုတိုက်ကွက်တွေကို နားလည်သဘောပေါက် ကြသော်လည်း သံဃာအချို့ကား (အမျိုးသားရေးချစ်စိတ် ပြင်းထန်လွန်း၍လားမသိ) ထိုအာဏာရှင် စစ်အစိုးရကိုပင် အာဏာတည်မြဲစေလို၍ ထောက်ခံအားပေးနေကြသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရ၏။ ရိုးရိုးသာမန် အားပေးခြင်းက အကြောင်းမဟုတ်သော်လည်း ဘာသာရေးကို အသုံးချပြီး ပြည်သူလုထုကို ဟောပြောလျက် မဲဆွယ်နေသည့် ကိစ္စကိုတော့ ဒီမိုကရေစီကိုလိုလားသည့် သံဃာတော်များအနေဖြင့် လက်မခံနိုင်စရာ ဖြစ်လာပေ၏။ ထို့ကြောင့်ပင် ယခုဆိုလျှင် မိမိတို့တိုင်းပြည်မှာ သံဃာထုကား မ.ဘ.သကို ထောက်ခံသည့်သံဃာ၊ မထောက်ခံသည့်သံဃာဆိုပြီး ကွဲပြားခြင်းကို ရောက်လုဆဲ ဖြစ်နေသည်။ တစ်ဖက်နဲ့ တစ်ဖက် အတွေးအခေါ် ယုံကြည်ချက် မတူခြင်းကြောင့် ကွဲလွဲမှုဆီသို့ ဦးတည်နေလေပြီ။ ထိုကွဲလွဲမှုဟူသည် ကို လူ့သဘာဝအနေဖြင့် သုံးသပ်ကြည့်လျှင်၊ လူဆိုသည်မှာ တစ်ယောက်နှင့် တစ်ယောက် ဝေဒနာခံစားမှုခြင်း မတူညီကြ၊ လူကြောင့် ကွဲလွဲကြသည် မဟုတ်ပေ။ အဓိကအကြောင်းအရင်းက မူကွဲလွဲရခြင်းကြောင့်ဖြစ်ပေ၏။ ထို့ကြောင့် ဘယ်မူက ကောင်းသလဲ၊ ဆိုးနေသလဲဆိုတာကို ဝေဖန်စီစစ်ဖို့ အထူးလိုအပ်နေချေပြီ။

ဘယ်လောက်ပဲ အာဏာရှင်စစ်အစိုးရက မိမိတို့တိုင်းပြည်ကို ပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ် ပြောပြော၊ အာဏာရှင်စနစ်ဆိုးဟာ အသွင်ပုံစံတစ်မျိုးနဲ့ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပေ၏။ အဲဒီစနစ်ဆိုးကို အမြစ်ပြတ်အောင် မပြုလုပ်နိုင်သေးမီ အချိန်ကာလအတွင်း မိမိတို့တိုင်းပြည်မှာ ဒီလိုအကွဲအပြဲတွေ ပေါ်ပေါက် လာတာဟာ အင်မတန်မှ ရင်လေးစရာ ကောင်းပါသည်။ အမြန်ဆုံး ပြန်လည်သင့်မြတ်အောင် ပြုလုပ်ဖို့ အားလုံးမှာ တာဝန်ရှိနေသလို၊ ဒီလိုအကွဲအပြဲ ဇာတ်လမ်းတွေကြောင့် ရလာမယ့် အကျိုးဆက်ဟာ မ.ဘ.သ သံဃာတွေအတွက်ရော၊ မ.ဘ.သ မဟုတ်တဲ့ သံဃာတွေအတွက်ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့အစည်း အတွက်ပါ အလွန်အင်မတန်မှ အန္တရာယ်ကြီးမားတဲ့ အနေအထားပဲ ဖြစ်ပါသည်။

မြတ်ဗုဒ္ဓက (ဘဒ္ဒေကရတ္ထသုတ်)မှာ အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေးဟု ဟောကြားထားသည်။ သို့သော် ယနေ့မိမိတို့ တိုင်းပြည်မှာ မ.ဘ.သအဖွဲ့အစည်းမှ ရဟန်းအချို့ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲနိုင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် မိမိတို့အနာဂတ်တိုင်းပြည်ကြီးသည် မွတ်စလင်တိုင်းပြည်ကြီး ဖြစ်သွားမည်။ ထေရဝါဒဗုဒ္ဓဘာသာကြီး ပျောက်ကွယ်သွားလိမ့်မည်ဟု အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ အနာဂတ်ကို မျှော်ကြည့်နေကြ၏။ အချို့မရင့်ကျတ်သေးသော ရဟန်းငယ်လေးများဆိုလျှင် မ.ဘ.သအဖွဲ့ဝင်မို့ ဆွမ်းမလောင်းချင် နေပါစေ၊ ဘယ်ဒကာ၊ဒကာမ မျက်နှာမှ အောက်ကျနောက်ကျ မော့ကြည့်လိမ့်မည်မဟုတ်။ ထိုဒကာ၊ဒကာမများ လှူဒါန်းသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသည့် ပစ္စည်းလေးပါးကိုလည်း ရှေ့လျှောက် ချီးမြှင့်ပေးလိမ့်မည်မဟုတ်ဟု ကြွေးကြော်ဂုဏ်ယူနေကြလေ၏။ တစ်သက်လုံးက ဒီဒကာ၊ ဒကာမတွေရဲ့ ပစ္စည်းလေးပါးကို အမှီပြုပြီး ရဟန်းဘဝမှာ ရှင်သန်နေထိုင်လာသည့် ပုဂ္ဂိုလ်များ ဖြစ်လင့်ကစား၊ ဆွမ်းဒကာ၊ ဒကာမများ၏ ကျေးဇူးကိုမထောက် အကျိုးမဲ့စကားတွေကို ပြောချင်ရာပြော၊ ဟောချင်ရာဟော နေကြလေ၏။ အကျိုးဆက်ကား ဆွမ်းဒကာ၊ ဒကာမများနှင့် သံဃာတော်တို့ကြား အထင်အမြင် လွဲချော်မှုနံရံ ပိုမိုထူထပ်လာခဲ့ခြင်းဖြစ်လေ၏။ (အသိမိတ်ဆွေတစ်ချို့ရဲ့ အိမ်ရှေ့မှာ မ.ဘ.သဘုန်းကြီး ဆွမ်းမလောင်းပါ၊ ကျေးဇူးပြု၍ အလှူခံမလာပါနဲ့ ဒါမျိုးတွေ မြင်တွေ့မြင်နေရသလို၊ ရပ်ကွက်ဓမ္မာရုံအချို့မှာလည်း အလားတူ အရုပ်ဆိုးဆိုး ဆိုင်းဘုတ်တစ်ချို့ မြင်တွေ့နေရလေ၏။)

မိမိအနေဖြင့် ဆွမ်းဒကာ၊ ဒကာမများရဲ့ အကျိုးကျေးဇူးများပုံကို မြတ်စွာဘုရားရှင် လက်ထပ်တော် အခါက ဝတ္ထုဇာတ်ကြောင်းလေးတစ်ခုဖြင့် ဥပမာပြ ဖော်ပြလိုသည်။ တစ်ခါတုန်းက ရာဓဆိုတဲ့ ပုဏ္ဏားကြီး တစ်ယောက်ဟာ အသက်ကြီးမှ ခိုးကိုးရာမဲ့ ဖြစ်နေလို့၊ မြတ်စွာဘုရားကျောင်းကို ရောက်လာလေသည်။ ထို့နောက် ရဟန်းတွေကို အရိုအသေပေးပြီး ရဟန်းပြုပေးဖို့ တောင်းပန်လျှောက်ထား ပန်ကြားလေသည်။ ဒါပေမဲ့ ရဟန်းတွေက လက်မခံလို့ စိတ်ဆင်းရဲပြီး ကျောင်းမှာပဲ ခိုကပ်နေရင်း တစ်ဖြည်းဖြည်း ပိန်ချုံးလာလေသည်။ အဲဒီအကြောင်းကို မြတ်စွာဘုရား သိတော်မူတဲ့အခါ ရဟန်းတို့ကို စုဝေးစေလျက်၊ “ချစ်သားရဟန်းတို့ သင်တို့အပေါ်မှာ ဒီရာဓပုဏ္ဏားကြီးဟာ ရှေးက ကျေးဇူးပြုဖူးတာ ရှိသလား”ဟု မေးတော်မူလေသည်။ ရဟန်းတွေ အားလုံး ပြန်လည်စဉ်းစား သုံးသပ်နေကြချိန်၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက “တပည့်တော်အပေါ်မှာ ကျေးဇူးရှိဖူးပါတယ်ဘုရား၊ ရာဇဂြိုလ်မြို့ လှည့်လည်ဆွမ်းခံချိန် ဆွမ်းတစ်ဇွန်း လောင်းလှူဖူးပါတယ်ဘုရား”ဟု ပြန်လည်လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “ဒါဆို ချစ်သား သာရိပုတ္တရာ ရာဓပုဏ္ဏားကြီးကို သင်ရဟန်းပြုပေးသင့်တယ်”လို့ မထင်ဘူးလားဟု မေးတော်မူလေသည်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ကလည်း မဆိုင်းမတွဘဲ “ပြုပေးသင့်ပါသည်”ဟု ပြန်လည်ဖြေကြားတော်မူလေသည်။ ဒါနဲ့ပဲ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ရာဓပုဏ္ဏားကြီးကို ရဟန်းပြုပေးလိုက်လေသည်။ ရာဓပုဏ္ဏားကြီးလည်း မထေရ်မြတ်ရဲ့ အဆုံးအမတွေကို ကောင်းမွန်စွာ လက်ခံကျင့်သုံးပြီး နေထိုင်သွားလိုက်တာ၊ သုံးရက်ထဲနဲ့ ကိလေသာဆီခမ်းပြီး ခန္ဓာမီးတောက်လည်း ငြိမ်းသွားခဲ့လေသည်။ တစ်ဇွန်းထဲသောဆွမ်းက အဆင့်မြင့်ဆုံးဖြစ်သည့် နိဗ္ဗာန်ကို ရောက်သည်အထိ ကျေးဇူးပြုတတ်ပုံကို ဒီနေရာမှာ နားလည်ရမှာ ဖြစ်သလို၊ သာသနာတော်မှာ ကျေးဇူးတရားကို တန်းဖိုးထားတတ်ပုံ၊ မြတ်နိုးတတ်ပုံ အစရှိသည့် စံထားရမည့် ပုံရိပ်တွေကိုလည်း မြင်အောင် ကြည့်ရမှာ ဖြစ်လေသည်။ ရာဓတ္ထေရဝတ္ထု (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆)။ ထို့ကြောင့် ရဟန်းတော်များအနေဖြင့် ဆွမ်းဒကာ၊ ဒကာမများရဲ့ အကျိုးကျေးဇူးတွေကို မအောက်မေ့ရင် နေပါစေ၊ ကျေးမစွပ်မိဖို့တော့ အထူးလိုအပ်ပါသည်။

အထူးသဖြင့် ဒီဆွမ်းဒကာ၊ ဒကာမများလှူဒါန်းသော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်နေပြီး ဒီဆွမ်းဒကာ၊ ဒကာမများကို ဒုက္ခပေးမည့် အာဏာရှင်စစ်အစိုးရ၏ အာဏာတည်မြဲရေးအတွက် ထိုင်ခုံမူလီစုပ်ပေးသည့် ပါတီမဲပေးရေး တရားများ ဟောပြောခြင်းကို ရှောင်ရှားစေလိုပါသည်။ မ.ဘ.သမှ တာဝန်ရှိ ဆရာတော်ကြီးများ အနေဖြင့်လည်း မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ဒီလိုအပြုအမှုများကို ရှေ့ဆက် မပြုလုပ်ရန် တားမြစ်ပေးစေလိုပါသည်။ ဆွမ်းဒကာ၊ ဒကာမများအနေဖြင့်လည်း အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌနိပါတ် သတိဝဂ် အပ္ပသာဒပဝေဒနီယ သုတ်တော်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုထားခဲ့သည့် လူပုဂ္ဂိုလ်တို့ မကြည်ညိုအပ်သော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသည့်ရဟန်းဆိုသည်ကို အောက်ပါအတိုင်း နားလည်ထားသင့်သည်။

၁။ လူတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
၂။ လူတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှာ အားထုတ်၏။
၃။ လူပုဂ္ဂိုလ်ကို ဆဲရေး ခြိမ်းခြောက်၏။
၎။ လူအချင်းချင်း ကွဲပြားစေ၏။
၅။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆို၏။
၆။ တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆို၏။
၇။ သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆို၏။
၈။ မကျက်စားသင့်သော နေရာ၌လည်း ထိုရဟန်းကို တွေ့မြင်ရကုန်၏။

ထိုအချက်ရှစ်ချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းနေသည့် ရဟန်း၊သံဃာများကို မိမိတို့အနေဖြင့် မကြည်ညို မနှစ်သက်ဘူးဆိုလျှင် လူသိရှင်ကြား ပြောကြားနိုင်ပါသည်။ အထူးသဖြင့် မိမိတို့နှင့်တိုင်းပြည်ကို အကျိုးမဲ့ဖြစ်စေမည့် အဟော၊အပြောများကို မြင်သည်၊ကြားသည်ရှိသော် မြတ်စွာဘုရားရှင် ခွင့်ပြုထားခဲ့သည့် ဓမ္မဓိဋ္ဌာန်ကျသော နည်းလမ်းဖြင့် တုံ့ပြန်နိုင်ပါသည်။ တစ်ဖက်ကလည်း ယခုအချိန်မှစပြီး အချို့သောရဟန်း၊သံဃာများအနေဖြင့်လည်း ဆွမ်းဒကာ၊ ဒကာမများ၏ အကျိုးမဲ့ကိုဖြစ်စေမည့် အပြောအဆို၊ အပြုအမှုများကို အမှတ်တမဲ့မျှပင် မပြုလုပ်စေမိဘဲ၊ အမျိုးဘာသာ၊ သာသနာကို အမှန်တကယ် စောင့်ရှောက်နိုင်သော ရဟန်း၊သံဃာများ ဖြစ်ကြပါစေ။

ဓမ္မသုတေသီ(မန္တလေး)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment