ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြုသော ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) က ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရန် KIO ထံ တောင်းဆိုခဲ့ကြောင်း၊ KIO ကလည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည် ဟု ပြေကြားခဲ့ကြောင်း KIO နှင့် ဘင်္ဂါလီ ခေါင်းဆောင်များ ဆွေးနွေးပွဲ မှတ်တမ်းအရ သိရသည်။
KIO အဖွဲ့မှ ဗိုလ်မှူးကြီးဂျိမ်းစ်နှင့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအဝင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ တစ်နေရာတွင် ၂၀၁၄ ခုနှစ် မတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့သော အဆိုပါ ဆွေးနွေးပွဲ မှတ်တမ်းဗီဒီယိုတွင် ဘင်္ဂါလီများက KIO ထိန်းချုပ်နယ်မြေတွင် အခြေစိုက်၍ ရိုဟင်ဂျာ တပ်မတော် ထူထောင်ခွင့်ပြုရန် တောင်းဆိုထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အင်အားတွေဟာ ကချင်အင်အား ဖြစ်ပါတယ်။ ကချင်လူမျိုးနဲ့ ကျွန်တော်တို့ဟာ တညီတညွတ်တည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကချင်နယ်မြေမှာ တပ်ထူထောင်ချင်ပါတယ်” ဟု ဦးမောင်ကျော်နုက KIO မှ ဗိုလ်မှူးကြီး ဂျိမ်းစ်ထံ တောင်းဆိုခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် KIO အဖွဲ့မှ တာဝန်ခံတစ်ဦးလည်း ပါဝင်ပြီး ကချင်ပြည်နယ်အတွင်း ရိုဟင်ဂျာ တပ်မတော် ထူထောင်ရေး အဓိကတောင်းဆို ဆွေးနွေးခဲ့သည်။
ယင်းသို့ တောင်းဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးဂျိမ်းစ်က တုံ့ပြန် ပြောကြားထားသည်ကို မတွေ့ရသော်လည်း ရိုဟင်ဂျာ၊ ကချင်၊ ရှမ်း၊မွန်၊ ကရင်စသည့် တိုင်းရင်းသားအားလုံး မြန်မာအစိုးရကို အပြစ်မြင်သည်မှာ ထပ်တူဖြစ်ကြောင်း ပြန်လည် ပြောဆိုထားသည်။
“ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး KIA နယ်မြေတွေမှာ ဖောက်ခွဲရေးသင်တန်းတွေ ပေးနေတယ် ဆိုတဲ့ သတင်းတွေ အရင်ကတည်းက ကြားနေရပါတယ်။ KIO ဟာ သူ့နယ်ထဲမှာ အကြမ်းဖက်သမား တွေ မွေးမြူနေတယ်။ သင်တန်းပေးနေတယ် ဆိုတဲ့ သတင်းတွေပါ။ အခုနောက်ဆုံး လူဦးရေသန်းခေါင်စာရင်း အစစ်မခံဘဲ ငြင်းဆန်ခဲ့တာဟာလည်း သူတို့ လုပ်နေကိုင်နေတာတွေကို မသိစေချင်လို့ ဆိုတာ အထင်အရှားပဲ။ KIO အနေနဲ့ တိုင်းပြည်ကို အန္တရာယ် ချောက်ကမ်းပါးထဲ တွန်းချတာမျိုးတွေ လုပ်ခဲ့ရင် ခွင့်လွှတ်စရာ အကြောင်း မရှိဘူး လို့ပဲ ပြောချင်တယ်” ဟု တပ်မတော်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဒါဟာ အန္တရာယ်ကြီးပါတယ်၊ အဲဒီ ရိုဟင်ဂျာ ဆိုသူတွေနဲ့ အခြားကချင်၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆိုတာ မတူပါဘူး။ သေချာမသိရင်လည်း KIO အနေနဲ့ ကျွန်တော်တို့ကို ခေါ်မေးနိုင်ပါတယ်။ သူတို့သာ အခြေစိုက်မယ်ဆိုရင် ကချင်မှာ အများကြီး ရှုပ်ထွေး သွားပါလိမ့်မယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှစောက မှတ်ချက်ပြုသည်။
“KIO က ဘာဖြစ်လို့ ဒီလိုအကြမ်းဖက်သမားတွေနဲ့ ပေါင်းပြီး လုပ်ပေးနေတာလဲ။ အကြမ်းဖက်သမားနဲ့ ပေါင်းရင် သူတို့ဟာလည်း အကြမ်းဖက်သမားပဲ။ ဒါဆိုရင်တော့ KIA-KIO ကို အပြုတ်တိုက်ဖို့ ပြည်သူလူထုအနေနဲ့ တောင်းဆို သွားရမှာပဲ။ တိုင်းရင်းသားအခွင့်အရေးကို ဗန်းပြပြီး လက်နက်ကိုင်ထားတာ အရင်ကတည်းက ဆိုတော့ နားလည်ပေးလို့ ရတယ်။ ဒီလိုမျိုး အကြမ်းဖက်သမားတွေနဲ့ ပေါင်းလာရင်တော့ အပြုတ်တိုက်ပေးဖို့ပဲ ရှိတော့တယ်” ဟု နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ရိုဟင်ဂျာတပ်ဖွဲ့သာ ကချင်မြေတွင် ပေါ်ပေါက်လာပါက အစိုးရအနေနှင့် အခြားတိုင်းရင်းသား အဖွဲ့များကဲ့သို့ ဆွေးနွေး ညှိနှိုင်းမည်မဟုတ်ဘဲ အပြုတ်တိုက်မည်သာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။
“ဒါကို လက်ခံတယ်ဆိုရင် KIO အဖွဲ့အစည်းက လမ်းမှားလျှောက်မိပြီလို့ ကျွန်တော်ပြောချင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ဦးမောင်ကျော်နု ဆိုသူမှာ BRAT (Burmese Rohingya Association in Thailand) အဖွဲ့ ဥက္ကဋ္ဌဟု သိရှိရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နှင့် လူမှုကွန်ရက်တွင် ချိတ်ဆက်ထားသည်ကို ၎င်း၏ အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာကို မထည့်သွင်းမှုနှင့် ပတ်သက်၍လည်း ဦးမောင်ကျော်နုက “တိုင်းရင်းသား ရိုဟင်ဂျာတွေ အလိမ်ခံလိုက်ရပြီ၊ ရိုဟင်ဂျာ နာမည်သာတို့ရဲ့ အသက်၊ တို့ဘိုးဘွားပိုင် ရိုဟင်ဂျာ နာမကို အသက်နှင့် ကာကွယ်ပါမည်” ဟု လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ကိုးကား-The Voice
Posted via Blogaway
No comments:
Post a Comment