ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စက်တင်ဘာ ၉ ရက်နေ့မှစကာ RCSS/SSA အဖွဲ့များ ရောက်ရှိလာပြီး ဆက်ကြေးငွေများတောင်းခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါမြို့နယ်အတွင်းရှိ တောင်ကိုင်းကျေးရွာအုပ်စု၊ နားလောကျေးရွာအုပ်စုများတွင် ဆက်ကြေးကောက်နေခြင်း ဖြစ်ကြောင်းနှင့် လကုန်အပြီးပေးသွင်းရန် ဖိအားပေးထားကြောင်းလည်း သိရသည်။
“ သစ်စက်တွေကိုလည်း ဆက်ကြေးကောက်တယ်၊ကားတို့ ထော်လာဂျီတို့လည်းမလွတ်ဘူး၊ အခုတောင်ယာခုတ်စားနေတဲ့ ရွာသူ/ရွာသားတွေကို တောင်းပြန်ပြီ၊ သူတို့က ဘာမှမလုပ်ဘဲနဲ့ အဲဒီလို ပိုက်ဆံလိုက်တောင်းစားနေကြတာ ” ဟု တောင်ကိုင်းရွာသားတစ်ဦးက ပြောသည်။
ကျေးရွာတစ်ရွာလျှင် တစ်နှစ်စာ ဆက်ကြေးငွေအဖြစ် ငွေကျပ် (၁၀) သိန်းပေးရန် အဆိုပါအဖွဲ့မှ တောင်းခံထားကြောင်း၊ ထမင်းထုပ်၊ အသားခြောက်များနှင့် အရက်များကိုလည်း အနိုင်ကျင့်တောင်းရမ်းကာ သောက်စားမူးယစ်နေကြောင်း အမည် မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ ရွာထဲကို ထမင်းထုပ်တွေ လာတောင်းတယ်၊ အရက်နဲ့ အသားခြောက်တွေလည်းပေးရတယ်၊ သောက်စားပြီး သေနတ်တွေ တဒိုင်းဒိုင်းပစ်နေတာ၊ ငါတို့ရွာသားတွေကတော့ ဆက်ကြေးလည်းပေးရတယ်၊ ထမင်းထုပ်၊ အရက်နဲ့ အသားခြောက်လည်းပေးရတယ်၊ ဒါပေမယ့် ငါတို့အတွက်ကျတော့ သူတို့က ဘာကောင်းကျိုးတစ်ခုမှ လုပ်မပေးဘူး ” ဟု နားလောရွာသားတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်နှင့် လွယ်လင်ခရိုင်တို့တွင် RCSS/SSA အဖွဲ့၏ ဆက်ကြေးကောက်ခံမှုများမှာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီး၊ ရိုးသားသောဒေသခံ တိုင်းရင်းသားများ ဒေသခံများအား အသုံးချနေမှုများမှာ ယနေ့ကာလတွင် ပပျောက်သင့်ပြီဖြစ်ကြောင်း၊ ဆက်ကြေးဝဲဂယက်ထဲကနေ ဒေသခံများ မလွတ်မြောက်နိုင်သေးသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသွားသည်။
ကောင်းခန့်
မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com
No comments:
Post a Comment