Wednesday, August 26, 2015

"ပညာကြီးစေနိုင်သည့် သပိတ်ခြေစသည့် အလှူ"

"ပညာကြီးစေနိုင်သည့် သပိတ်ခြေစသည့် အလှူ"
=========================
ရဟန်းသံဃာတော်များ၏ သပိတ်အောက်ကခံရန် သပိတ်ခြေကို လှူဒါန်းခြင်းသည် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သည့် တိပိဋကဓရ မဟာပညာရှိကြီး ဖြစ်နိုင်သည့် အကျိုးကို ရရှိနိုင်၏။ အတန်ငယ်ချဲ့၍ဆိုရလျှင် သာမာဝတီမိဖုရားကြီး အခြံအရံ အစေအပါး တစ်ဦးဖြစ်သူ ခုဇ္ဖုတ္တရာသည် တစ်ခုသောဘဝတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ နန်းတော်၌ နန်းတွင်းသူတစ်ဦး ဖြစ်ခဲ့ဖူး၏။ ထိုအခါက ပစ္စေကဗုဒ္ဓါအရှင်မြတ်ရှစ်ပါးတို့သည် နန်းတော်သို့ နေ့စဉ် ဆွမ်းခံကြွလေ့ရှိ၏။ တစ်ချိန်တွင် ထိုပစ္စေကဗုဒ္ဓါအရှင်မြတ် ရှစ်ပါးတို့၏ သပိတ်ထဲသို့ အလွန်ပူသော နို့ဃနာဆွမ်းကို အပြည့်ထည့်လှူကြ၏။ ထိုအခါ ပစ္စေက ဗုဒ္ဓါအရှင်မြတ်တို့သည် မိမိတို့ သပိတ်ကို ပူလွန်း၍ ကြာကြာမကိုင်နိုင်ဘဲ လက်ပြောင်းပြီး ကိုင်နေကြရ၏။
ထိုအခြင်းအရာကို ခုဇ္ဖုတ္တရာအလောင်း နန်းတွင်းသူ အမျိုးသမီးကလေး မြင်သည့်အခါ မိမိဝင်ဆင်ထားသည့် ဆင်စွယ်လက်ကောက် ရှစ်ခုတို့ကို သပိတ်ခြေအဖြစ် အသုံးပြုရန် ချွတ်လှူလိုက်၏။ ထိုအခါမှ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် မိမိတို့သပိတ်ကို ကိုင်နိုင်ကြပြီး အမျိုးသမီးငယ်ကို ကြည့်သည့်အခါ ဒီပစ္စည်းကိုတပည့်တော် ပြန်မယူတော့ပါ။ အရှင်မြတ်တို့အား ပေးလှူပါတယ်ဘုရားဟု စေတနာထက်သန်စွာနှင့် လှူဒါန်းလိုက်ဖူးသည်။ ဤသို့ ဆင်စွယ်လက်ကောက်တို့ကို သပိတ်ခြေအဖြစ် လှူဒါန်းခဲ့သည့် ဒါနကုသိုလ်ကြောင့် ခုဇ္ဖုတ္တရာဘဝတွင် သာမာဝတီမိဖုရားကြီး၏ အခြံအရံ အစေအပါးဖြစ်သော်လည်း ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သည့် တိပိဋကဓရ ပညာရှိကြီးဖြစ်၍ သာမာဝတီမိဖုရားနှင့်တကွ နန်းတွင်းသူငါးရာတို့အား တရားဟောကြား နိုင်ခဲ့သည်ဟု ဓမ္မပဒအဋ္ဌကထာ၌ မိန့်ဆိုထားပေသည်။
ထို့ပြင် သပိတ်ခြေ လှူကျိုးငါးပါးကို အပဒါန်စသောပါဠိတော်များ၌ ဟောကြားထား၏။ ထိုအကျိုးငါးမျိုးမှာ
၁။ ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၂။ ကျမ်းဂန်တို့၌ ကောင်းစွာ ဆုံးဖြတ်သိမြင်ခြင်း။
၃။ ကြားဖူး သင်ဖူးသော ပညာတို့ကို မမေ့ခြင်း။
၎။ နှောင့်ယှက်မှုကြောင့် မတုန်လှုပ်ခြင်း။
၅။ ရရှိအောင်မြင်ထားသော တရားများ မြဲခြင်း။ တို့ဖြစ်သည်။
ဝိသုဒ္ဓါရုံလင်္ကာ။ ။ ဓိပ္ဗါယ်ကျန၊ ထင်လှသည့်ဥာဏ်၊ ကျမ်းဂန်မြင်သိ၊ သတိမပျက်၊ နှောင့်ယှက်သူတွေ၊ မြဲမြံပေ၊ သပိတ်ခြေ လှူကျိုးငါး။
ဆိုခဲ့ပြီးသော သပိတ်ခြေအလှူမှတစ်ပါး အပ်လှူဒါန်းခြင်း၊ အခိုးအငွေ့အထုံအနံ့တို့ကို လှူဒါန်းခြင်း၊ ပိဋကတ်စာပေကျမ်းစာအုပ်များကို လှူဒါန်းခြင်းတို့နှင့် ပိဋကတ်စာပေများကို ပို့ချပေးခြင်း၊ သင်ကြားပေးခြင်း၊ ပိဋကတ်စာပေများကို သင်ယူခြင်း၊ မှတ်သားဆောင်ယူထားခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ စသည်တို့လည်းကောင်း၊ ပညာကြီးသည့်ဒါနများ ဖြစ်သည်။ ဒါနကုသိုလ်၊ စသည့် ကောင်းမှုကုသိုလ်များကို ပြုလုပ်သည့်အခါ၌ အမှတ်တမဲ့မပြုလုပ်ဘဲ ရှေးကပညာ၊ တက်ဖို့ရာဟု၊ ကုသိုလ်ပြုခဲ့ ဟူသော သြဝါဒနှင့်အညီ ဤကောင်းမှုကြောင့် ဖြစ်ရာဘဝ၌ ဥာဏ်ပညာထက်မြက်သူ ဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့လျှင် ပညာသံဝတ္တနိက (ပညာကိုဖြစ်စေတတ်သော) ကံဖြစ်၍ ထိုကံအကျိုး ပေးရာဘဝ၌ ဥာဏ်ပညာထက်မြက်သူ ဖြစ်နိုင်၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားခြင်းကြောင့် အားလုံးသော ဖြစ်ရာဘဝတိုင်း ပညာဥာဏ်ကြီးမားလိုသူများအနေဖြင့် အထက်ကဖော်ပြခဲ့သော ပညာဥာဏ်ကြီးမားစေနိုင်သည့် အလှူဒါနများအား လှူဒါန်းကြပါဟု အသိပေးလိုက်ရတော့၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်း၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
c/o ( မူကြိုဆရာ )



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment