Tuesday, November 3, 2015

ကျွန်တော် မဲပေးပါမည် ကျွန်တော် မဲပေးပါမည်

ကျွန်တော် မဲပေးပါမည်
============

ကျွန်တော် ဒေါ်စုကို ဗိုလ်ချုပ်သမီးမို့လို့ ချစ်ပါတယ်။ သနားလည်း သနားပါတယ်။ နှစ်ရှည်လများ ထောင်ကျခံခဲ့ရလို့၊ သူ့သားတွေနဲ့ ခွဲနေရလို့။

ကျွန်တော် ဦးသိန်းစိန်ကို ချစ်ပါတယ်။ နာမည်ပျက်နေတဲ့ မြန်မာနိုင်ငံကို အားလုံးက ပြန်လေးစားလာ အောင်လုပ်ပြခဲ့လို့။ ဒီမိုကရေစီ ဆိုပြီး တံခါး ဖွင့်ပေးခဲ့လို့။

နှစ်ယောက်လုံးက ခေါင်းဆောင်ကောင်းတွေပါ။ မမှားပါဘူး။ ဒါပေမယ့် စိတ်ပျက်ဖို့ ကောင်းတာက အခု ရွေးကောက်ပွဲမှာ တစ်ဖက်နဲ့ တစ်ဖက် သည်းကြီးမည်းကြီး ထိုးနှက်တိုက်ခိုက်နေကြတာတွေ။

ကြံ့ခိုင်ရေးတွေကိုတော့ ချီးကျူးတယ်။ ဒီလောက် လူတွေက နှာခေါင်းရှုံ့၊ အပြစ်ပြောနေကြတဲ့ကြားက စိတ်မပျက်ဘဲ ပါတီစည်းရုံးရေးတွေ မငြီးမငြူ လုပ်နေကြတာ တွေ့လို့။ စဉ်းစားကြည့်လေ ဒီမိုခေတ်မှာ ကြံ့ခိုင်ရေးဆိုပြီး ရပ်တည်ရဲတာ မလွယ်လှပါဘူး။ သူတို့ကို ကြည့်ပြီး စာနာမိပါတယ်။

ဒီမိုတွေတော့ အစက ထောက်ခံခဲ့ပါတယ်။ အခုတော့ ကြည့်မရတော့ဘူး။ အနီတွေ ဝတ်ပြီး လုပ်ချင်ရာလုပ်တယ်။ ကားလမ်းပိတ်ပြီး ဟောပြောပွဲလုပ်တယ်။ ကားတွေ လမ်းပိတ်၊ သွားမရ လာမရနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတယ်။ ပြီးတော့ ငါကွ ဆိုတဲ့ ပုံစံမျိုးနဲ့ ရိုင်းတယ်။ မောက်မာတယ်။

အဆိုးဆုံးကတော့ သံဃာတော်တွေကို စော်ကားတာ၊ သာသနာကို စော်ကားတာပါပဲ။ ကျွန်တော် ဗုဒ္ဓဘာသာဝင်ပါ။ ဒါပေမယ့် သူများဘာသာတွေကို တခါမှ မစော်ကားခဲ့ပါဘူး။ ကိုယ့်ဘာသာကို စော်ကားတာကိုလဲ မခံနိုင်ပါဘူး။

ဒါပေမယ့် NLD ဆိုတဲ့သူတွေ ငရဲမကြောက်၊ အပယ်မကြောက် သံဃာတွေကိုများ ပြောနေကြတာ တော်တော်ဆိုးပါတယ်။ အဲဒီအကျင့်ကိုတော့ ကျွန်တော် လုံးဝ မကြိုက်ပါဘူး။

မကြိုက်ဘူး ပြောရင်လဲ အုံနဲ့ကျင့်နဲ့ ဝိုင်းပြီး ဆဲကြဆိုကြတာတွေ လုပ်ကြတယ်။ ပြောရရင် စည်းမရှိ၊ ကမ်းမရှိ၊ သူတို့မတူ ရန်သူ ဆိုပြီး တိုက်ခိုက်တယ်။ နောက်ဆုံးကျတော့ ကျွန်တော်တို့ အမြတ်တနိုး ကိုးကွယ်တဲ့ ဘာသာ သာသနာကို ထိပါးတယ်။ ကျွန်တော် ဆရာတော်တွေကို ကြည့်ပြီး စိတ်မကောင်းဘူး။

NLD တွေဟာ ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား တွေးမိတဲ့အထိ။ သူများတွေ ပြောသလို ကွန်မြူနစ် ပျက်တွေ ဖြစ်နေပြီလား စဉ်းစားမိတဲ့အထိ။ တကယ်တော့ ကျွန်တော်တို့ ဘာသာဟာ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်းနဲ့ မေတ္တာတရားကို အခြေခံပါတယ်။

ရခိုင်ပြည်နယ် မောင်တောဘက်မှာ ရခိုင်တွေ အလှူလုပ်တော့ စစ်တပ်က သေနတ်တွေ ကိုင် စောင့် ရှောက်ပေးပြီး အလှူပွဲ လှည့်ရတဲ့ ဗီဒီယိုကို ကြည့်ရတော့ ကျွန်တော် မျက်ရည်ကျမိပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံလေ။ ဗုဒ္ဓဘာသာနိုင်ငံလေ။ ဒီလိုတွေ ဖြစ်နေတာကို သံဃာတွေကို ပက်ပက်စက်စက် ဆဲဆိုနေကြတာ တော်တော်ကို ဆိုးတာပါပဲ။

ရပ်ကွက်ထဲမှာ အလုပ်မရှိ အကိုင်မရှိ လတ်လျားလတ်လျား ဟိုယောင်ယောင် ဒီယောင်ယောင် ယောင်ခြောက်ဆယ်တွေက NLD ဆိုပြီး လူပါးဝနေကြတယ်။

NLD မထောက်ခံရင်၊ မဲမပေးရင်ကိုပဲ တိုင်းပြည်သစ္စာဖောက်လိုလို ပြောဆိုကြတယ်။ အသံချဲ့စက်ကြီးတွေကို အသံကုန်ဖွင့်၊ နေလဲမသိ၊ ညလဲ မသိ၊ လမ်းထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတာ။ ဘယ်သူမှ ပြောလို့ မရဘူး။ သွားပြောလဲ လက်မခံဘဲ အုပ်စုနဲ့ ပြန်ပြီး အာကြတယ်။ အော်ကြတယ်။

ဒါ ဒီမိုကရေစီလား။ ဒီမိုကရေစီမှာ ကိုယ်ကြိုက်တာ ကိုယ်ထောက်ခံမှာပေါ့။ NLD မကြိုက်တာနဲ့ လူမဟုတ်ဘူး၊ ဦးနှောက်မရှိဘူး၊ ထမင်း စားတဲ့လူ မဟုတ်တော့ဘူး ဆိုတာတွေက နဲနဲတော့ လွန်လာနေပါပြီ။

NLD မထောက်ခံတာနဲ့ ဝိုင်းပြီး တွယ်တဲ့လူတွေက ဒီမိုကရေစီကို ဘယ်လို ထိန်းမှာလဲ။ ဒီလိုလူမျိုးတွေက ဒီမိုကရေစီ ဖော်ဆောင်နိုင်မှာတဲ့လား။ NLD အမတ်လောင်းတွေ ကြည့်လိုက်ရင်လည်း ဦးနှောက်ရှိတဲ့သူက ခပ်နည်းနည်းပဲ။ ဒေါ်စု ပြောတာတွေပဲ ပြန်ပြောတယ်။ ဒီထက်ပိုပြီး မပြောတတ်ဘူး။ ကိုယ်ပိုင်အရည်အချင်း မရှိဘူး ။

NLD သာ အာဏာ ရလာခဲ့ရင် ဆိုတာ ကို တွေးမိပါတယ်။
အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိစ္စကိုပဲ ကြည့်။ NLD က လူတွေ လုပ်ပေါက်နဲ့ ငြိမ်းချမ်းရေးရဖို့ မမြင်။ စစ်တပ်နဲ့လည်း အဆင်ပြေမှာ မဟုတ်။ ပိုပြီး ဆိုးဖို့ပဲ ရှိတယ်။ ထင်ရာမြင်ရာတွေ လျှောက်လုပ်တာနဲ့ တိုင်းပြည် ကျွမ်းထိုးမှောက်ခုံ ဖြစ်မှာပဲ။ ဗရုတ်သုတ်ခတွေ တက်လာရင် မြန်မာနိုင်ငံ ဒီမိုကရေစီ တကယ် ဖြစ်လာမှာတဲ့လား။ ကျွန်တော် မထင်ပါဘူး။

ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ဝရုန်း သုန်းကား စည်းမရှိ ကမ်းမရှိတွေကို ကျွန်တော် မယုံပါဘူး။ ဒေါ်စုကလွဲရင် ဘယ်သူမှ လောက်လောက်လားလား အားကိုးစရာ မရှိပါဘူး။ ခုချိန်ထိလည်း သမ္မတ ဘယ်သူ့တင်မလဲ ဆိုတာ မပြောရဲသေးတဲ့ ပါတီကို ဘယ်လို ယုံကြည်ရမလဲ။

NLD နိုင်လဲ ဒေါ်စု သမ္မတ မဖြစ်ပါဘူး။ ဒါက အမှန်တရားပါပဲ။ NLD နိုင်လို့လည်း လူတွေ ချက်ချင်း သူဌေးဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ကြိုးစားမှ ကိုယ်တိုးတက်မှာပါ။

ကျွန်တော့်မှာ မဲတစ်မဲ ရှိပါတယ်။ ကျွန်တော် ကြိုက်တဲ့သူကို မဲပေးမှာပါ။

ဒီမဲကို ပေးဖို့ ကျွန်တော် စဉ်းစားနေပါတယ်။ လူကိုကြည့်မှာပါ။ ပါတီလည်း ကြည့်မှာပါ။ ကိုယ်ကြိုက်တာ ကိုယ် မဲပေးမှာပါ။

ဦးသိန်းစိန်ကို နောက်တစ်ဆက် ဆက်ပြီး လုပ်စေချင်တယ်။ အခုထက် ပိုကောင်းအောင် လုပ်နိုင်မယ် လို့ ယုံကြည်တယ်။

သူ့မှာ စေတနာ မှန်တယ်။ သူ့စေတနာ သူအကျိုးပေးတာပါ။ ဒါပါပဲ။

Credit - အောင်ဖြိုးဝေ

No comments:

Post a Comment