Wednesday, September 3, 2014

ရင်သွေးငယ်များကို စတေး လိုက်ရသော နောက်ထပ် သာဓက မဖြစ်စေချင်

 ပြောင်းလဲလာ သည့် ခေတ် အခြေအနေ နှင့် အတူ စားဝတ်နေရေး အတွက် မိသားစု ပေါင်းများစွာသည် ကိုယ်စီ ကိုယ်စီ ဆိုင်ရာ လုပ်ငန်းခွင် များတွင် နေ့စဉ်လှုပ်ရှား ရုန်းကန် နေကြရသည်။ အဆိုပါ ကိစ္စများ မြောင်ထဲတွင် ၄င်းတို့၏ ရင်သွေးငယ်များ ပညာရေး အတွက် ကျောင်း အကြို အပို့ ပြုလုပ် ပေးရန်အချိန် ပေးနိုင်မှု လျော့နည်းလာခြင်း နှင့် အတူ ကိုယ်စား ကြိုပို့ပေးမည့် ကျောင်းဖယ်ရီ ယာဉ်များမှာ လည်း တစ်စ တစ်စ များပြား လာသည်။

 ““အရင်ကတော့ ကလေးကို ကျောင်း အကြိုအပို့ လုပ်ပေးတယ်။ နောက်တော့ အိမ်မှာရှိတဲ့ သူတွေက ကိုယ့်အလုပ်နဲ့ ကိုယ် အချိန်မီ သွားလာ နေရတော့ လိုက်ပို့ မပေးနိုင်တော့ဘူး။ အိမ်နီးနားခြင်း အသိတွေရဲ့ ကလေး မိဘတွေက လည်း ကိုယ့်လိုပဲ ဆိုတော့ ကလေး (၁၀)ယောက် လောက်စုပြီး ဖယ်ရီ ငှားလိုက်တယ်”” ဟု တတိယတန်း ကျောင်းသား တစ်ဦး၏ မိခင် ဒေါ်ကြည်ကြည်အေး က ပြောသည်။

 ဖယ်ရီ ငှားရမ်းရာတွင် School Bus ထောင်ထား သည့် ပိုင်ရှင်များ ရှားပါးနေခြင်း နှင့် ပေါင်းစပ် ငှားရမ်းမည့် အိမ်နီးခြင်းများ ကလည်း ငွေကြေး မတတ်နိုင်ခြင်း တို့ကြောင့် လိုက်ထရပ် ယာဉ်များကိုသာ ငှားရမ်း အသုံးပြု ဖြစ်သည်ဟု ဒေါ်ကြည်ကြည်အေး ကဆိုသည်။

  ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံအချို့တွင် လိုက်ထရပ် ကဲ့သို့သော ယာဉ်များအား ခရီးသည်တင်ရန် မသင့်တော်သည့် ယာဉ်များ အဖြစ် သတ်မှတ် ထားသော် လည်း ပြည်တွင်း၌ ကျောင်းအကြိုအပို့ ယာဉ်များ အား လိုက်ထရပ် ကဲ့သို့သော ယာဉ်များဖြင့် လုပ်ကိုင် နေမှုကိုအများဆုံး တွေ့ရှိ နေရသည်။ မော်တော်ယာဉ် သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ တာဝန်ရှိသူ တို့ကလည်း အဆိုပါ ယာဉ်များ၏ လုံခြုံမှု အား မကောင်းမှုကို ၀န်ခံထားသည်။

   ““လူကြီးတွေ ကလည်း ဒါကို သိပါတယ်။ နိုင်ငံတော်က လိုက်ထရပ်တွေ နဲ့ မလုပ်နဲ့ တော့လို့ အမိန့်ထုတ်လို့ မရသေးဘူး။ ကိုယ်နိုင်ငံမှာ က လိုက်ထရပ် အစား School Bus တွေမလဲ နိုင်သေးဘူး။ ငွေကြေး လိုအပ်ချက် အရတော့ ခွင့်ပြုပေးထား ရဦးမှာ။ အခုလည်း ဆွေးနွေး နေတာတွေ ရှိပါတယ်။ နောင် တစ်ချိန်မှာတာ့ ပြောင်းလဲမှာပါ။ ဘယ်တော့ နောက်ဆုံး ထားပြီး လုပ်မယ် ဆိုတာမျိုး တော့ မပြောနိုင် သေးဘူးပေါ့””ဟု က.ည.န (မြင်သာ) မှ ညွှန်ကြားရေးမှူး ဦးဇော်အေးလွင်က ပြောသည်။

   လက်ရှိ မြန်မာနိုင်ငံ၏ အနေအထား အရ ကျောင်းကား အဖြစ် အသုံးပြု နေသော လိုက်ထရပ် (Light Truck) ကဲ့သို့ မော်တော်ယာဉ် များကို လုံခြုံ စိတ်ချရသည့် မီနီဘတ် (စ်) ကဲ့သို့သော ယာဉ်များဖြင့် ပြောင်းလဲ လုပ်ကိုင်စေရန် မဖြစ်နိုင်သေးဟု မော်တော်ယာဉ် ပြောင်းစေလဲရန် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင် ပတ်သက်နေသည့် က.ည.န ကလည်း ပြောဆိုထားရာ ကျောင်းသူ ကျောင်းသားများ အတွက် ပိုမိုလုံခြုံ စိတ်ချ ရသော မော်တော်ယာဉ်များ အသုံးပြု လာမှုကို တွေ့မြင်နိုင်ရန် အလား အလာ မရှိသေးပေ။

    ““လိုက်ထရပ် ဆိုတာက သိန်း (၈၀) လောက်နဲ့ ရတာ School Bus တွေက သိန်း (၅၀၀) လောက်မှာ ရှိတာ ဆိုတော့ ယာဉ်ပိုင်ရှင် က မလဲနိုင်ဘူး။ သူတို့လည်း ငွေကြေး အခက်အခဲ ရှိမှာပေါ့”” ဟု ဦးဇော်အေးလွင် က ပြောသည်။

    အစိုးရပိုင်း မှ ကျောင်းသား ကျောင်းသူ ရင်သွေးငယ်များ အတွက် လုံခြုံမှုရှိသော မော်တော်ယာဉ်များ စီးနင်း အသုံးပြု နိုင်ရေး ယာဉ် အစားထိုး ပြောင်းလဲမှုများ ပြုလုပ်ရန် ညွှန်ကြားမှုများ ပြုလုပ် ပေးသင့်ပြီး တစ်ဖက်တွင် လည်း အစားထိုး တင်သွင်းမည့် သူများ အတွက် ထိုက်သင့် သည့် ကူညီ ပံ့ပိုးပေးမှုများ ပြုလုပ်ပေးရန် လိုအပ်နေသည်။ ယာဉ်ပိုင်ရှင် အများစု မှာ ဈေးသက်သာ သော မော်တော်ယာဉ် များကိုသာ စိတ်ဝင်စားမှု ရှိနေပြီး ကြံ့ခိုင်မှု ရှိသည့် မော်တော်ယာဉ်များ ပြောင်းလဲ တင်သွင်း ၀ယ်ယူရန် အကြောင်း မျိုးစုံဖြင့် ညည်းညူ နေမည့် အစား မိမိ ပြုလုပ်သော လုပ်ငန်းတွင် အကျိုးအမြတ် တစ်ခုတည်းကို မတွက်ဘဲ နှစ်ဦး နှစ်ဖက် အဆင်ပြေ စေနိုင်သော နည်းလမ်းအား ဦးစားပေး စဉ်းစားသင့် ပေသည်။

  ““ Light Truck က ဓာတ်ဆီ၊ ဒီဇယ် အမျိုးအစားပေါ် မူတည်ပြီး ပေးရတယ်။ အကြမ်းဖျဉ်း သိန်း (၉၀) နဲ့ (၁၂၀) ကြားလောက် ရှိတယ်။ School Bus ကလည်း အမျိုးအစားပေါ် မူတည်တယ်။ ဘယ်နိုင်ငံကလည်း၊ အသစ်လား၊ အဟောင်းလား ဆိုပြီး ကွဲတယ်။ အကြမ်းဖျဉ်း ဆိုရင် ကျပ်သိန်း (၄၆၀)၊ (၄၇၀) ၀န်းကျင် ရှိတယ်”” ဟု Farmer Auto Car Showroom မှ ဦးစိုးထွန်းက ပြောသည်။ ယင်းကဲ့သို့ ဈေးနှုန်းကြီး မြင့်နေခြင်း ကလည်း လုံခြုံ စိတ်ချရသည့် School Bus (ကျောင်းကား) တင်သွင်းရန် အတားအဆီး တစ်ခု အဖြစ် ရှိနေသည်။

    ယခုအခါ အဆင့်မြင့် ကျောင်းကား များဖြင့် အကြိုအပို့ လုပ်ပေးခြင်း ကို ပုဂ္ဂလိက ကျောင်းတစ်ချို့ တွင်သာ တွေ့မြင်ရပြီး ယင်းသည် ပင်လျှင် ကျောင်း အနည်းစုသာ ဖြစ်ပြီး ကျောင်း အားလုံးကို မလွှမ်းခြုံ နိုင်သေးပေ။ အစိုးရ ကျောင်းများမှာမှု လုံခြုံ စိတ်ချရသော အဆင့်မြင့်ကား ဟူ၍ မရှိသလောက် ဖြစ်သည်။ တစ်ခါ တစ်ရံ တွင် ကျောင်းဖယ်ရီယာဉ် များ၏ အနောက်မှ ကလေးများ လုံခြုံရေး အတွက် စောင့်ရှောက် ပေးနိုင်မည့် အုပ်ထိန်းသူ နှင့် ယာဉ်နောက်လိုက် မပါရှိခြင်းများ ပင် တွေ့မြင် နေရသည်။

  ယင်းကဲ့သို့သော အခြေ အနေမျိုးသည် ကလေးငယ်များ အတွက် အန္တရာယ် ကြီးမားသည့် အချက် တစ်ချက် လည်း ဖြစ်နေသည်။ ထိုကဲ့သို့ ကျောင်းကားများ တွင် အုပ်ထိန်းသူ မပါရှိခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိ သူတို့က ကြပ်ကြပ် မတ်မတ် စစ်ဆေး ဆောင်ရွက် သင့်သည်။ ကျောင်းကားများ ကို ကြပ်မတ်၊ ထိန်းသိမ်းမှု နှင့် ပတ်သက်၍ အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန နှင့် ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန တို့မှ တာဝန်ယူ ဆောင်ရွက် နေသည် ဟု သိရသည်။

““ယာဉ်နောက်မှာ လိုက်ပါတဲ့ သူတွေကိုလည်း ပညာ ပေးမှုတွေ လုပ်တယ်။ တချို့ဆိုရင် တော်တော်လေး ကျွမ်းကျင် နေကြပါပြီ””ဟု အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ဆွေဆွေလဲ့ က ပြောသည်။ သို့သော် ယင်းကဲ့သို့ အသိပညာ ပေးမှုများသည် လုံလောက်မှု ရှိမည်လားဟု မေးစရာ ရှိနေသည်။

 ယခုနှစ် အတွင်းမှာပင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ခရီးသည်တင် ယာဉ်များ အဖြစ် အသုံးပြု နေသော ဟိုင်းလတ် ယာဉ်များကို ခရီးသည်တင် ယာဉ်အဖြစ် အသုံးပြု ခွင့်မပေးတော့ဘဲ မီနီဘတ် (စ်) များဖြင့် ပြောင်းလဲ စေခဲ့သည်။ ထို့သို့ ပြောင်းလဲစေရန် အစိုးရမှ တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ ယခု ကိစ္စတွင် လည်း ထိုကဲ့သို့ တွန်းတွန်း တိုက်တိုက် လုပ်ဆောင် မှသာ ကျောင်းကြို ပို့ယာဉ်များမှာ လုံခြုံမှု ရှိသော ယာဉ်များ အဖြစ် ပြောင်းလဲ လာနိုင်မည့် အနေအထား ဖြစ်သည်။

 မြန်မာနိုင်ငံတွင် တစ်နှစ် ထက် တစ်နှစ် မော်တော်ယာဉ် မတော်တဆမှု များပြားလာခြင်း နှင့် အတူ ၂၀၁၄ တွင် မော်တော်ယာဉ် မတော်တဆ မှုများကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း ပျှမ်းမျှ သေဆုံး နေသည်ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ စာရင်းများ အရ သိရသည်။

““ကျောင်းကားတွေ နဲ့ ပတ်သက် လို့ ကတော့ သာမန် ထိမိ ခိုက်မိတာ လောက်ပဲ ရှိပါတယ်။ ကျောင်းသားတွေ အတွက် အန္တရာယ် ကြီးကြီး မားမား ဖြစ်လောက်တဲ့ အထိတော့ များများ စားစား မရှိခဲ့သေးဘူး ပြောရမယ်””ဟု အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) မှ ဒုရဲမှူး ၀င်းလွင်က ပြောသည်။

 ကျောင်းကားများ နှင့် ပတ်သက်၍ ကြီးကြီး မားမား ထိခိုက်မှု မရှိသေးခြင်း ကြောင့် ပြည်သူ အများ အကြားတွင် ဝေဖန်မှုများ ထင်ထင် ပေါ်ပေါ် ထွက်ပေါ်နေခြင်း မရှိသေးသော် လည်း အများစုမှာ လုံခြုံ စိတ်ချရသော မော်တော်ယာဉ် များကိုသာ အလို ရှိနေကြသည်။

   ကျောင်းကားများ သည် လည်း မတော်တဆမှု မရှိနိုင်ဟု မဆိုနိုင်။ ဖြစ်လာသည့် အခါတွင် လုံခြုံမှု ရှိသော ယာဉ်များနှင့် လုံခြုံမှု နည်းသော ယာဉ်များ၏ ထိခိုက်ဆုံးရှုံးမှု အခြေအနေသည် တူညီမည် မဟုတ်ပေ။ မော်တော်ယာဉ်များ ပြောင်းလဲရန် လတ်တလော မဖြစ် နိုင်သေးဟု ဆိုသော် လည်း လက်ရှိ အခြေအနေနှင့် ဖြစ်လာ နိုင်သည့် အခြေ အနေများကို သက်ဆိုင်ရာ တာဝန်ရှိ သူတို့မှ အလေးထား စဉ်းစား ဆုံးဖြတ်ရန် လိုအပ်ပေသည်။

      ယခု အချိန်တွင် ကျောင်း အကြိုအပို့ ပြုလုပ်သော မော်တော်ယာဉ် များကို ယာဉ် အမျိုးအစား သတ်မှတ် လုပ်ကိုင်စေခြင်း မရှိသေး သကဲ့သို့ ယာဉ်မောင်း များကိုလည်း ကန့်သတ် ထိန်းချုပ် ထားနိုင်ခြင်း မတွေ့ ရသေးပေ။ ယခု လတ်တလော အခြေအနေ တွင်လည်း လုပ်ငန်း လိုင်စင်မဲ့ ကျောင်းကား များလည်း ရှိနေသည် ဟု ကျောင်း ကားမောင်းနှင်း နေသည့် ၀ါရင့် ယာဉ်မောင်းများ က ပြောဆိုကြသည်။ ယင်းကဲ့သို့ လုပ်ငန်း လိုင်စင်မဲ့ ဖယ်ရီများ ကိုလည်း တင်းတင်း ကြပ်ကြပ် စစ်ဆေး အရေးယူ ဆောင်ရွက် သင့်သည်။

 ““လုပ်ငန်း လိုင်စင် မရှိဘဲ အိမ်ကားတွေ နဲ့ မောင်းနေတာ တွေလည်း အများကြီး ရှိတာပေါ့။ တချို့ဆိုလည်း ယာဉ်မောင်း အတွေ့အကြုံ သိပ်မရှိသေးဘဲ မောင်းနေတာ။ တာဝန်ရှိတဲ့ သူတွေက သေသေ ချာချာ မစစ်ကြတော့ ၀င်မောင်း နေကြတယ်”” ဟု ကျောင်းဖယ်ရီ မောင်းနှင်း နေသည့် ယာဉ်မောင်း လုပ်သက် ရှစ်နှစ် ရှိသူ ဦးစိုးမြင့်ထွန်းက ပြောသည်။

  ကျောင်းကားများကို လက်ရှိတွင် (C) လိုင်စင်ဖြင့် လုပ်ကိုင်စေ၍ ယာဉ်မောင်း လုပ်သက် အနည်းဆုံး သုံးနှစ် ရှိသူများသာ မောင်းနှင် ရမည် ဖြစ်ခြင်းကြောင့် အတွေ့အကြုံ ထိုက်သင့် သလောက် ရှိနေသူများ ဟု ဆိုနိုင်သည်။ သို့သော်လည်း တာဝန်ရှိသူ တို့မှ တင်းကြပ်စွာ စစ်ဆေး ဆောင်ရွက်မှုများ မရှိပါက လုပ်ငန်း လိုင်စင်မဲ့ဖြင့် အတွေ့အကြုံ နုနယ်သော ယာဉ်မောင်းများစွာ ၀င်ရောက် လုပ်ကိုင် နေမှုများ ရှိနေဦးမည်ဟု လုပ်သက်ရင့် ကျောင်း အကြိုအပို့ ယာဉ်မောင်းများ က သုံးသပ်သည်။

    လက်ရှိတွင် ကျောင်း အကြိုအပို့ ယာဉ်မောင်းများ ကို အသက် (၂၅) မှ (၅၀) ၀န်းကျင် အထိ အများဆုံး တွေ့နေရပြီး တချို့ ကျောင်းကားများရှိ ယာဉ်မောင်းများကို အသက် (၆၀) ကျော် အရွယ် အထိ တွေ့မြင် နေရသည်။

 ယာဉ်လုံခြုံမှု အားနည်းသည် ဖြစ်စေ၊ အတွေ့ အကြုံနုသည့် ယာဉ်မောင်းများ မောင်းနှင် နေသည်ဖြစ်စေ စီးနင်း နေသည့် ကလေးငယ်တို့က လုံခြုံမှု ရှိမရှိ သိမည် မဟုတ်ပေ။ တစ်ယောက် နှင့် တစ်ယောက် စနောက်၍ သတိ လက်လွတ်စီးနင်း နေကြသည်က အများစုပင် ဖြစ်သည်။ တစ်စုံ တစ်ရာ မတော်တဆမှု ဖြစ်ခဲ့ပါက ထိခိုက်မှု သည်လည်း လွယ်လွယ် ကူကူ ဖြစ်သွားနိုင်သည့် အနေ အထား ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြဿနာ တစ်စုံ တစ်ရာ ဖြစ်မလာ သေးသည့် အချိန် အထိ ပြုပြင် ပြောင်းလဲရန် လိုအပ် နေသည့် အရာများကို ကြိုတင် လုပ်ဆောင်သည့် အလေ့ အထ အားနည်း နေသေးသည်။ လျှပ်စစ်ကဲ့ သို့သော၊ အမြန်လမ်းကဲ့ သို့သော ပြည်သူ လူထု ထိခိုက် စေခဲ့သည့် အခြင်းအရာ များသည်လည်း သာဓကတစ်ခု အဖြစ် ရှိနေခဲ့သည်။ ဖြစ်ပြီးမှ လုပ်ဆောင် ပေးခြင်းထက် မဖြစ်ခင် ကာကွယ်ရန် လိုအပ်သည်။

 နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုကြောင့် ဆိုသည့် အကြောင်း ပြချက်များ၊ ဈေးနှုန်း မတတ်နိုင်ခြင်း ကြောင့် ဟူသည့် အကြောင်း ပြချက်များ၊ တာဝန်ရှိသူ တို့၏ ဆုံးဖြတ်မှု ကြန့်ကြာ နေခြင်းများ အလယ်တွင် နိုင်ငံ၏ ရင်သွေးငယ် များက နောက်ထပ် သာဓက မဖြစ်သင့်။ အစိုးရ၏ လိုအပ်သည့် ထောက်ပံ့မှု၊ ညွှန်ကြားမှု၊ တာဝန် ရှိသူတို့၏ တာဝန် ကျေပွန်မှု၊ ယာဉ်ပိုင်ရှင် တို့၏ ကိုယ်ချင်းစာမှု နှင့် သိတတ် မှုများကို ပြည်သူတို့ မျှော်လင့် နေကြသည်။ ကျောင်းသွား ကျောင်းပြန် ကလေးငယ်များ ဘေးအန္တရာယ် ကင်းဖို့ အရေးကြီးတယ် မဟုတ်လား

No comments:

Post a Comment