ပူတာအိုမချမ်းဘောဒေသရှိ သဘာဝသမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် ထူးဆန်းအံ့သြဖွယ် ကျောက်နဂါးနေရာကို ယခင်က သင်ရောက်ဖူးပါသလား။
ယခင်က
မရောက်ဖူးခဲ့သော် သင်သည် ဘိလပ်မြေ၊ သဲ၊ ကျောက် လုံးဝမပါသည့်
သဘာဝကျောက်နဂါးကို တွေ့မြင်ခွင့်ရတော့မည် မဟုတ်ပါ။ ဘိလပ်မြေ၊ သဲနှင့်
ကျောက်များ အသုံးပြုပြီး လက်သမားဆရာ၊ ပန်းရန်ဆရာများ မွမ်းမံလိုက်သည့်
ကျောက်နဂါးအသစ်ကိုသာ သင်မြင်တွေ့ခွင့်ရတော့မည်ဖြစ်သည်။
၂၀၁၄ သြဂုတ်
၁၅ ရက်က ထိုကျောက်နဂါး၏ ဘေးပတ်ဝန်းကျင်တွင် တောတောင်များနှင့်
စိမ်းစိုနေသည်။ မိုးကလည်း တဖွဲဖွဲရွာနေပြီး လေကလည်း တ၀ုန်းဝုန်းတိုက်နေသည်။
ကျောက်နဂါးဘေးရှိ အဆောင်ငယ်တစ်ခုတွင် ကျောင်းသားငါးဦး
သီချင်းအော်ဆိုနေကြသည်။
ယခင်က မြေကြီးထဲ ဦးခေါင်းမြုပ်နေကာ
ကိုယ်ပိုင်းသာမြင်တွေ့ရပြီး သဘာဝအတိုင်းသာ ရှိနေခဲ့သည့် ကျောက်နဂါးသည်လည်း
ယခုအချိန်တွင် ခေါင်းအသစ်နှင့် အတူတွေ့မြင်နေရသည်။ ယခင်တွေ့ခဲ့သည့်
ကျောက်နဂါးကိုယ်ထည်များတွင်လည်း ယခုအချိန်တွင်
ကျောရိုးသဖွယ်ပြုလုပ်ထားသည်များကို တွေ့မြင်နေရပြီ။ ယခင်မိုးကြိုးပစ်ထား၍
ကျောက်နဂါးကိုယ်အလယ်ရှိ ပြတ်ရာတွင်လည်း ယခုဘိလပ်မြေဖြင့် ပြန်လည်ဆေးကုသ
ဖာထေးပေးလိုက်ပြီဖြစ်သည်။
ကျောက်နဂါး၏ အသစ်ထပ်တပ်လိုက်သည့် ခေါင်းရှေ့တွင် နဂါးရှိလျှင်
ပြဒါးလုံးပါရမည်ဆိုသည့်အတိုင်း ပြဒါးလုံးပုံစံတစ်ခုအား
တွေ့မြင်ရမည်ဖြစ်သည်။ ထိုနဂါးလုံး၏ဘေးတွင် ‘‘အောင်တော်မူစေတီ
ဒုဗိုလ်မှူးကြီး အောင်ကိုကိုကျော်+ ဒေါက်တာ ညိုညိုဝင်း - သား
လင်းသန်းလှိုင်နှင့် ၇ ရက်သားသမီးများ ကောင်းမှု’’ဆိုသည့် စာသားပါရှိသည့်
စေတီအား ဖူးတွေ့ရမည်ဖြစ်သည်။
ပူတာအိုဒေသခံ
အမျိုးသမီးချောသုံးယောက်လည်း ကျောက်နဂါးကိုကြည့်ပြီး လက်ညိုးထိုးလျက်
အသံကျယ်ကျယ်ဖြင့် တစ်ယောက်ကိုတစ်ယောက် မနားတမ်းစကားပြောနေကြသည်။ သူတို့က
တွေ့ခဲ့သည့် ကျောက်နဂါးပုံစံ မဟုတ်တော့သည့်အတွက် သူတို့မျက်နှာတွင်
အံ့သြမှု၊ ၀မ်းနည်းမှုများ တွေ့ရသည်။
ထိုသုံးဦးမှ တစ်ဦးဖြစ်သူ
ပူတာအိုဇုန်နယ် ကချင်နှစ်ခြင်းအသင်းတော် လူငယ်တာဝန်ခံ ဆရာမဇမီရမ်က
‘‘ကျွန်မတို့အားလုံး သဘာဝကိုပဲ လိုချင်ကြတယ်။ ဘယ်သူ့ကိုမှ ခွင့်မတောင်းဘဲ
အခုလိုလုပ်လိုက်တာ အခုလာကြည့်တော့ သဘာဝအတိုင်းမဟုတ်တော့
စိတ်လုံးဝမကောင်းဘူး’’ဟု ထိုကျောက်နဂါးကိုကြည့်ရင်
အသံတိုးတိုးဖြင့်ပြောသည်။
ထိုသို့ သဘာဝအတိုင်းရှိသည့် ကျောက်နဂါးကို
ပူတာအိုဒေသခံများအား မတိုင်ပင်ဘဲ အစိုးရတပ်မတော်က စေတီတည်ခြင်း၊
ခေါင်းတပ်ခြင်း၊ ကိုယ်ထည်မွမ်းမံခြင်းများ ၂၀၁၄ ဇူလိုင်လဆန်းပိုင်းတွင်
ပြုလုပ်ခဲ့ပြီးနောက် ဒေသခံများက မကျေမနပ်ဖြစ်နေကြပြီး နဂိုသဘာဝအတိုင်းသာ
အလိုရှိနေကြကြောင်းလည်း မချမ်းဘော ရ၀မ်ရိုးရာနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်
အသက်(၇၀)အရွယ်ရှိ ဦးနော်ထုန်းဖုံကဆိုသည်။
‘‘လူမျိုးကြီးဝါဒသုံးပြီး
ကျွန်တော်တို့ ဒေသခံတွေပိုင်တဲ့ပစ္စည်းကို မတရားရယူထားတာလို့ပဲ
ကျွန်တော်မြင်တယ်။ ဒီနေရာမှာ စေတီတည်တာတို့၊ ကျောက်နဂါးကို ခေါင်းတပ်တာလို
မွမ်းမံတာတို့ ကျွန်တော်တို့ ဒေသခံတွေ မလိုလားဘူး’’ဟု ဦးနော်ထုန်းဖုံက
အသံကျယ်ကျယ်ဖြင့် ဆိုသည်။
မချမ်းဘော ရ၀မ်ရိုးရာနှင့်
ယဉ်ကျေးမှုကော်မတီဒုဥက္ကဋ္ဌကလည်း တိုင်းရင်းသားများအား မတိုင်ပင်ဘဲ ယခုကဲ့သို့
လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားများအား
ပိုင်းစိုးပိုင်းနင်းလုပ်သည့်သဘောဖြစ်ကြောင်း ဝေဖန်သည်။
ယခင်က
မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဘာသာရေးအဖွဲ့၊ မည်သူတစ်ဦးတစ်ယောက်မျှ
ပိုင်ဆိုင်ခြင်းမရှိခဲ့သည့် သဘာဝကျောက်နဂါးကို ယခုကဲ့သို့ စေတီတည်ခြင်း၊
ကိုယ်ထည်မွမ်းမံခြင်းတို့ကြောင့် ဘာသာတစ်ခုတည်း ပိုင်ဆိုင်သွားသည်ကို
ဒေသခံများမလိုလားကြကာ နဂိုအတိုင်းသာ ဒေသခံအားလုံးပိုင်ဆိုင်သည့်
နေရာတစ်ခုအဖြစ်ထားရန် အလိုရှိနေကြကြောင်း မချမ်းဘောဒေသခံ ဦးဖေရမ်ကဆိုသည်။
ကျောက်နဂါးသည်
ကချင်ပုံပြင်များတွင် မြွေကြီးက မုဆိုးမ၏သားကို စားလိုက်သည့်အတွက်
ထိုမုဆိုးမက မြွေကြီးကို မိုးကြိုးပစ်ပေးရန် ကျိန်ဆိုလိုက်သည်။
ထိုသို့ကျိန်ဆိုလိုက်၍ မြွေကြီးကို မိုးကြိုးပစ်လိုက်ပြီးနောက် ယခုကဲ့သို့
ကျောက်နဂါးရုပ်ဖြစ်သွားခြင်းဖြစ်ကြောင်း ရိုးရာလူကြီးများ၏
ပါးစပ်ရာဇ၀င်ကဆိုသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
ထိပ်တန်းအရာရှိတစ်ဦးက ခေါင်းမပါသည့်ကျောက်နဂါးအား ဒဏ္ဍာရီထဲက နဂါးတစ်ကောင်
ရှိသင့်ရှိထိုက်သည် အင်္ဂါရပ်များနှင့်ပြည့်စုံအောင် မြစ်ကြီးနား
ဝန်းသိုကျောင်းတိုက်ဆရာတော်အပါအ၀င် ရဟန်း၊ သံဃာတော်(၈)ပါး၊ သီလရှင်များ၊
တာဝန်ရှိအဖွဲ့အစည်းတွေ၏ သဘောထားကို တောင်းခံပြီး ၎င်းတို့၏ အတည်ပြုချက်ဖြင့်
ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း ပြောသည်။
‘‘ကျွန်တော်တို့
ပြန်လည်ပြုပြင်တဲ့နေရာမှာလည်း အသစ်ပြန်လုပ်တာ မဟုတ်ပါဘူး။
အပေါ်ယံပဲပြင်တာပါ။ ကောင်းစေချင်တဲ့ဆန္ဒနဲ့ ပြုလုပ်ပေးတာပါ’’ဟု
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။
ရဟန်းသံဃာတော်များအား
ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် ထိုအစည်းအဝေးတွင် ပါရှိသည်ဆိုသည့်
ဝန်းသိုဆရာတော်အား သွားရောက်တွေ့ဆုံခဲ့သော်လည်း ဆရာတော်က မီဒီယာများနှင့်
စကားမပြောလိုကြောင်းမိန့်ပြီး မေးမြန်းခွင့်မရခဲ့ပါ။
သို့သော်
မူလသဘာဝတွင် ထိုကျောက်နဂါး၏ခေါင်းသည် မြေကြီးတွင်ဝင်နေပြီး ယခုအစိုးရ
တပ်မတော်မှ ခေါင်းပြန်လည်တပ်ဆင်ပေးလိုက်သည့်အတွက် ထိုကျောက်နဂါးသည်
ခေါင်းနှစ်ခုရှိသည့် နဂါးဖြစ်သွားသည်သာမက နဂိုကတည်းက ပြောလာသည့်
ပုံပြင်သည်လည်း ပုံပြင်အမှားဖြစ်သွားတော့မည် ဖြစ်ကြောင်းလည်း မချမ်းဘော
ရ၀မ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ ဒခွမ်ဖုန်းကဆိုသည်။
ထိုကျောက်နဂါးသာမက
ဒေသခံပြည်သူများ အမြတ်တနိုးထားသည့် ရှေးယခင်ကတည်းက သဘာဝအတိုင်းသာ
ထိန်းသိမ်းလာသည့် နတ်ကျောင်းကိုလည်း စေတီတည်လိုက်ပြီးနောက် ဒေသခံများ
မကျေမနပ်ဖြစ်နေကြကြောင်း မချမ်းဘော ကချင်ရိုးရာနှင့်
ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဦးလဂကွန်ဖန်းကဆိုသည်။
ပူတာအိုမြို့တွင်
ရှေးယခင်ကတည်းကနေလာသည့် အသက်(၆၀)အရွယ်ရှိ ရှမ်းအမျိုးသားတစ်ဦးကလည်း
‘‘ဒီနတ်ကျောင်းကိုရော၊ ကျောက်နဂါးကိုရော အခုလိုလုပ်လိုက်တာကို ကျွန်တော်က
လုံးဝသဘောမတူဘူး။ သဘာဝဟာ သဘာဝအတိုင်းရှိပါစေ’’ဟု သူ၏အမြင်ကိုပြောသည်။
ပူတာအိုဒေသခံများအတွက်
ကျောက်နဂါးနှင့် နတ်ကွန်းများသည် ငွေဖြင့်ဝယ်၍မရသည့်
တန်ဖိုးမဖြတ်နိုင်သည့် သဘာဝအမွေအနှစ်များဖြစ်သကဲ့သို့
နိုင်ငံခြားဧည့်သည်များလည်း မကြာခဏ အပန်းဖြေခရီးသွားတတ်သည့်
နေရာလည်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
‘‘ကျွန်တော်တို့
အရမ်းပင်ပန်းရင် ဒီကျောက်နဂါးတို့၊ နတ်ကျောင်းတို့ကို
အပန်းဖြေခရီးသွားတာများတယ်။ နိုင်ငံခြားဧည့်သည်တွေလည်း လာတိုင်း
ဒီနေရာတွေကိုသွားကြတယ်။ အခုက စေတီလည်းတည်တယ်။
ပြုလည်းပြုပြင်လိုက်ပြီဆိုတော့ သွားဖို့၊ လာဖို့က စိတ်ထဲမှာ
တစ်မျိုးကြီးဖြစ်သွားပြီ’’ဟု ပူတာအိုလူငယ် မပန်းဒေါင်က ဆိုသည်။
ဒေသခံများအားမတိုင်ပင်ဘဲ
ကျောက်နဂါးကို ယခုကဲ့သို့ မွမ်းမံလိုက်သည့်အပေါ် ဒေသခံများက မကျေနပ်ကြောင်း
အသံထွက်လျက်ရှိရာ ပူတာအိုတပ်မတော်ဗျူဟာမှ
ပူတာအိုရှမ်းတိုင်းရင်းသားများအား ထိုကျောက်နဂါးသည်
ရှမ်းပုံပြင်ဖြစ်ကြောင်း ၀န်ခံခိုင်းလျက်ရှိသည်သာမက
ယခုကဲ့သို့မွမ်းမံခြင်းကို သဘောတူကြောင်း လက်မှတ်များ
ရေးထိုးခိုင်းလျက်ရှိသည်ဟု ပူတာအို ရှမ်းရိုးရာနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ
ဦးတင်ထွန်းကဆိုသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထိုပုံပြင်သည်
ရှမ်းပုံပြင်ဖြစ်ကြောင်း ပြောဆိုထားပြီး ဦးတင်ထွန်းကမူ
ကျောက်နဂါးပုံပြင်သည် ရှမ်းပုံပြင်တွင် မရှိကြောင်းနှင့်
ကချင်ပုံပြင်များတွင်သာ ပါရှိကြောင်း ပြောဆိုထားသည်။
ပူတာအိုဒေသသည်
ရှေးယခင်ကတည်းက ကချင်မျိုးနွယ်စုများဖြစ်သည့် ရ၀မ်၊ လီဆူ၊ ဂျိန်းဖော့နှင့်
ရှမ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ နေထိုင်လာကြပြီး ယခုကဲ့သို့
ဝန်ခံခိုင်းခြင်း၊ လက်မှတ်ရေးထိုးခြင်းတို့ကြောင့် စည်းလုံးညီညွတ်မှုကို
ထိခိုက်လာနိုင်ကြောင်း ရှမ်းရိုးရာအကြီးအကဲများနှင့် ဒေသခံအချို့ကဆိုသည်။
‘‘ဒါကျောက်နဂါးကို
ရှမ်းပုံပြင်အဖြစ် ပြောလိုက်ကတည်းက ကျွန်တော်တို့ ပူတာအိုမှာရှိတဲ့
တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်သွားပြီ။ ဒါက
ကချင်ပုံပြင်ပဲ။ ရှမ်းပုံပြင်မှာမရှိဘူး’’ဟု
ရှမ်းရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းကပြောသည်။
ပူတာအိုလူငယ်တစ်ဦးဖြစ်သူ
ဦးအောင်ခမ်းက ယခင်ကတည်းက ရှမ်း၊ ဂျိန်းဖော၊ ရ၀မ်နှင့်
လီဆူတိုင်းရင်းသားတို့သည် ညီအစ်ကိုလိုသာ နေထိုင်လာခဲ့ကြသည်ကို
နိုင်ငံတော်အစိုးရက မလိုလား၍ ရန်တိုက်ပေးသည့်သဘောလည်း ဖြစ်လာနိုင်ကြောင်း
ပြောသည်။
မချမ်းဘောမြို့နယ်ရှိ ရိုးရာလူကြီးများက
ပူတာအိုဒေသခံများအတွက် ထိုကျောက်နဂါးသည် အလွန်မှအရေးကြီးသည့်
ဒေသတစ်ခုဖြစ်ပြီး မူလအတိုင်းသာ ပြန်လည်ဆောင်ရွက်ပေးရန်နှင့် မူလအနေအထား
ပျက်ယွင်းစေပြီး ပြုပြင်မွမ်းမံခြင်းကို ဒေသခံများ လုံးဝသဘောမတူသည့်အတွက်
သဘောမတူပါကြောင်း မချမ်းဘောမြို့နယ်အုပ်ချုပ်ရေးမှူးအား
စာဖြင့်တင်ပြထားသည်။
ဒေသခံများ၏ သဘောတူညီချက်မှမပါဘဲ
ယခုကဲ့သို့ပြုလုပ်ခြင်းသည် နောင်လာနောက်သားများအပေါ် ယခုရှိနေသည့်
ပူတာအိုဒေသခံများ၏ ရှေးသမိုင်းပုံပြင် အမှားဖြစ်သွားနိုင်သည်သာမက
လူမျိုးစုပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံများက
ယခုကဲ့သို့မွမ်းမံခြင်းကို မလိုလားဟုဆိုကြသည်။
‘‘အခု
နဂါးပုံစံလုပ်တာတို့၊ အမောက်လုပ်တာတို့၊ ကျောရိုးလုပ်တာတို့ ကျွန်တော်တို့
ဒေသခံတွေ လုံးဝမသိပါ။ လုံးဝ ကျွန်တော်တို့ သဘောမတူပါ။ နဂိုသဘာဝပဲ
တွေ့ချင်တယ်။ နဂိုသဘာဝပဲ လိုချင်တယ်’’ဟု
ကချင်ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဦးလဂကွမ်ဖန်းက ဆိုသည်။
No comments:
Post a Comment