Saturday, September 6, 2014

မန္တလေး ပဋိပက္ခဖြစ်စဉ်တွင် သံသယရှိသူ (၅၄) ဦးဖမ်းမိ၊ (၃၅)ဦး ထွက်ပြေး လွတ်မြောက်ဆဲဖြစ်

  မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင် ကျူးလွန်ခဲ့သည်ဟု သံသယရှိ သူများကို စစ်ဆေး ဖော်ထုတ်လျှက်ရှိရာ နှစ်လတာ ကာလအတွင်း သံသယ ရှိသူ (၅၄) ဦးကို ဖမ်းဆီးရမိ ထားပြီး၊ ပြစ်မှု ကျူးလွန်သူ သံသယရှိသူ (၃၅) ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အသက် သေဆုံးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေ ကိုတော့ လက်ရှိ အချိန်မှာ တရားရုံးမှာ ရင်ဆိုင် စစ်ဆေးနေ ဆဲ ဖြစ်ပါတယ်။ အခြားမှုခင်း ဖြစ်စဉ်တွေက ထွက်ပြေး လွတ်မြောက်နေဆဲ သံသယရှိသူ တွေကို ခရိုင် အတွင်းမှာ ရှိမရှိ မှုခင်း ရဲတပ်ဖွဲ့ဝင်တွေ၊ မှုခင်း အကူတွေနဲ့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေ ကနေပြီးတော့ ရှာဖွေ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အချို့ သံသယရှိသူ တွေကို ဓာတ်ပုံနဲ့ စစ်ဆေး ရှာဖွေ တယ်။ ဓာတ်ပုံမှတ်တမ်း မရှိတဲ့ သူတွေကိုတော့ ကိုယ်ရေး အချက်အလက်တွေနဲ့ စနစ်တကျ တိုက်ဆိုင် စစ်ဆေးပြီးတော့ ရှာဖွေနေပါတယ်။ သူတို့နေခဲ့ တဲ့နေရာကို ပြန်လာမလာ ကိုလည်း စောင့်ကြည့်နေတယ် ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

          မန္တလေး ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ အမှု (၁၅)မှု ဖွင့်ထားပြီး၊ ခြောက်မှုမှာ တရားရုံးမှ ပြစ်ဒဏ် အမိန့်ချမှတ်ပြီး ဖြစ်ကာ၊ သေဆုံးမှုဖြစ်စဉ် အပါအ၀င် စစ်ဆေးလျှက်ရှိဆဲ အမှု ကိုးခု ရှိကြောင်း ၎င်းကပြောသည်။  သြဂုတ်လ (၈) ရက်နေ့က အမိန့်ချမှတ်ခဲ့သည့် မှုခင်း ဖြစ်စဉ်များသည် ဇူလိုင်လ (၂) ရက်နေ့ည ပဋိပက္ခ ဖြစ်စဉ် ကာလအတွင်း (၂၆) လမ်း၊ (၈၉ လမ်း နှင့်လမ်း ၉၀ကြား)ရှိ ချမ်းအေးသာစံ မြို့နယ် အမှတ် (၆) နယ်မြေ ရဲစခန်းဝင်း အတွင်းသို့ (၂၆) လမ်းမပေါ်မှ အမည်မသိ လူ(၅၀)မှ ခဲများဖြင့် ပစ်ပေါက်ခဲ့မှုတွင် ဖမ်းဆီးရမိ ခဲ့သူ လေးဦးအား ပုဒ်မ (၁၅၃) အရ ထောင်ဒဏ် တစ်နှစ်စီ၊ ပုဒ်မ (၅၀၅၊ခ) အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်စီ၊ ပုဒ်မ (၃၃၆) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီနှင့် ပြစ်ဒဏ် များအား သီးခြား စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး၊ အဆိုပါ တရားခံ လေးဦးထဲမှ တစ်ဦးကို လက်နက်မှု ပုဒ်မ (၁၉၊င) အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

          ပဋိပက္ခ ကာလအတွင်း အသက် ဆုံးရှုံးခဲ့ရသူ တစ်ဦး၏ နာရေးကို ဇူလိုင်လ (၄) ရက်နေ့က လိုက်လံ ပို့ဆောင်ပြီး အပြန်တွင် အော်ဟစ်ဆူပူ၍ ရုန်းရင်းဆန်ခတ် ဖြစ်စေရန် ပြုလုပ်ခဲ့မှုဖြင့် ဖမ်းဆီးရမိခဲ့သည့် လေးဦးကို ပြစ်မှုပုဒ်မ (၁၄၇) အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ်၊ (၅၀၅၊ခ)အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ဖြင့် အဆိုပါ ပြစ်ဒဏ်နှစ်ရပ်အား သီးခြားစီကျခံ စေရန် အမိန့်ချမှတ် ခဲ့ကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။

         ထို့အပြင် ဇူလိုင်လ (၄) ရက်နေ့တွင်ပင် နာရေးမှ ပြန်လာသူ သုံးဦးအား အော်ဟစ် ဆူပူ၍ ရုန်းရင်းဆန်ခတ် ဖြစ်အောင် ပြုလုပ်ခဲ့မှုဖြင့် ပြစ်မှုပုဒ်မ (၁၄၇) အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်၊ ပုဒ်မ (၅၀၅၊ခ)အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်၊ ပြစ်ဒဏ် နှစ်ရပ် လုံးအား သီးခြား စီကျခံစေရန် အမိန့်ချ မှတ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

         ကျူးလွန်တယ်လို့ သံသယရှိသူတွေဟာ ပြည်ပကို ထွက်သွားတယ် ဆိုတာ မတိကျတဲ့ အတွက် နယ်စပ်ဖြတ်ကျော် မှုခင်းအဖွဲ့ အစည်းတွေနဲ့ တော့ ချိတ်ဆက် ဆောင်ရွက်ထားတာ မရှိပါဘူး။ မူဆယ်လိုမျိုး နယ်စပ်ဒေသ ရဲစခန်းတွေမှာတော့ သတင်းအရ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိပါတယ် ဟု ဒုရဲမှူး ဇော်မင်းဦးက ဆိုသည်။  မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင်စေသည့် မှုခင်းဖြစ်စဉ်သည် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၏ စစ်ဆေး ဖော်ထုတ်မှုအရ လီဆယ်တိုင်ကြားမှု ဖြစ်စဉ်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ တဆင့် ဇူလိုင်လ (၂၀) ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

       ပျဉ်းမနားမြို့တွင် လီဆယ် တိုင်ကြားခဲ့သော အမှုကို အကြောင်းပြုကာ မန္တလေးမြို့၌ ဇူလိုင်လ (၁) ရက်နေ့မှ စတင်သည့် လူအုပ်စုချင်း ပဋိပက္ခ ဖြစ်စဉ်တွင် လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ တည်ငြိမ်မှု ပျက်ပြားစေရန် သွေးထိုး လှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်မှုတို့ဖြင့် အမှုပေါင်း (၁၉) မှုဖြင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment