Tuesday, July 28, 2015
ရှက်ဖီးယူနိုက် တက် တွင် ကစားနေသည့် မြန်မာပြည်ဖွား ကလယ်ဟဲအား မြန်မာ့လက်ရွေးစင်အသင်းကြီးတွင်ကစားရန် ဘောလုံးအဖွဲ့ချုပ် ကမ်းလှမ်း ============================================
ရှက်ဖီးယူနိုက် တက် တွင် ကစားနေသည့် မြန်မာပြည်ဖွား ကလယ်ဟဲအား မြန်မာ့လက်ရွေးစင်အသင်းကြီးတွင်ကစားရန် ဘောလုံးအဖွဲ့ချုပ် ကမ်းလှမ်း
============================================
ရန်ကုန် ဇူလိုင် ၂၈
အင်္ဂလန်နိုင်ငံ ရှက်ဖီးယူနိုက် တက် ယူ-၂၁ တွင် ဝင်ရောက်ကစား နေသည့် မြန်မာပြည်ဖွား ကရင်တိုင်း ရင်းသား ကလယ်ဟဲကို ယခုအခါ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေ ဖြင့် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းတွင် ဝင်ရောက်ကစားနိုင်ရန် ကြိုတင်ကမ်းလှမ်းမှုများ စတင် ပြုလုပ်ထားပြီဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
''ကျွန်တော်တို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လက်ရှိ အင်္ဂလန်နိုင်ငံမှာကစားနေတဲ့ မြန်မာ ပြည်ဖွား ကလယ်ဟဲကို လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ကစားဖို့ ကမ်းလှမ်းထားပါတယ်။ သူကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အသင်းကြီးမှာကစားဖို့ ဆန္ဒရှိနေတယ်။ အရင်တစ်ခါကတော့ သူကဟိုနိုင်ငံသား ခံယူထားတော့ အဆင်မပြေမှုလေးတွေရှိတာကြောင့် မခေါ်ဖြစ်ခဲ့ဘူး။ ခုတစ်ခါ အဖွဲ့ချုပ်အနေနဲ့ ထပ်ပြီးကြိုးစားတာပါ။ သူတကယ်လို့ လာရောက်ကစား ဖြစ်မယ်ဆို အဖွဲ့ချုပ်အနေနဲ့ အားလုံးတာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ။ သူကလည်း အမှန်တကယ် နိုင်ငံကိုယ်စားပြု ကစားချင်တာ။ အခုကမ်းလှမ်း ထားတော့ သူ့အုပ်ထိန်းသူတွေ၊ အေးဂျင့်နဲ့တိုင်ပင်ပြီး မကြာမီရက်အတွင်း မှာ အကြောင်းပြန်မယ်လို့ပြောတယ်။ အဲဒီအခါ ကစားဖြစ်၊ မကစားဖြစ် အဖြေ ပေါ်မှာပါ''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုဇော်မင်းထိုက်က ပြောသည်။
ကလယ်ဟဲသည် မြန်မာ-ထိုင်းနယ်စပ်တွင် မွေးဖွားသည့် ကရင်တိုင်းရင်း သားတစ်ဦးဖြစ်ပြီး ယခုအခါ (၁၉ နှစ်)ရှိပြီဖြစ်သည်။ ငယ်စဉ်ကတည်းက ကျောင်းအသင်းနှင့် Sunday League အသင်းများတွင် ကစားခဲ့ပြီး၂ဝ၁၃ ခုနှစ်မှ အင်္ဂလန်နိုင်ငံ ရှက်ဖီးယူနိုက်တက် ယူ -၂၁ အသင်းက နှစ်နှစ်စာချုပ် ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရှက်ဖီးယူနိုက်တက်က သက်တမ်း တစ်နှစ်ထပ်မံ တိုးမြှင့်ချုပ်ဆိုထားသည်။
''ကလယ်ဟဲလို ကစားသမားတစ်ဦး မြန်မာ့လက်ရွေးစင်ရောက်လာရင် အဆင်ပြေတာပေါ့ဗျာ။ ကလယ်ဟဲကို ထိုင်းလက်ရွေးစင်အသင်းကတောင် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကျွန်တော် ကြားတယ်။ သူတို့လက်ဦးမှုမရ ခင် ကျွန်တော်တို့ အမြန်ခေါ်နိုင်ရင်တော့ ကောင်းတာပေါ့''ဟု အားကစား ကလောင်ရှင် ဦးကြည်ဇင်က ဆိုသည်။
ကလယ်ဟဲသည် လက်ရှိတွင် နောက်ချန်တိုက်စစ်မှူးအဖြစ် ရှက်ဖီးယူနိုက် တက် ယူ-၂၁ တွင် ကစားလျက်ရှိပြီး ရှေ့တန်း ဘယ်/ညာ အစွန်းနှစ်ဖက် တွင်လည်း တောင်ပံတိုက်စစ်မှူးအဖြစ် ကစားနိုင်သူတစ်ဦး ဖြစ်သည်။
မြန်မာပြည်ဖွား ကရင်တိုင်းရင်းသား ကလယ်ဟဲကလည်း မြန်မာနိုင်ငံကို ကြီးမှမရောက်ဖူးသေး၍ သွားရောက်ကစားလိုကြောင်း၊ မြန်မာ့လက်ရွေးစင် အသင်းမှာ ပါဝင်ကစားချင်သည့်ဆန္ဒက အမှန်တကယ်ဖြစ်ကြောင်း၊ ထိုင်း လက်ရွေးစင်အသင်းက ¤င်းအား စိတ်ဝင်စားသည်ဆိုသော်လည်း ယခုချိန်ထိ ကမ်းလှမ်းခြင်းမျိုးမလုပ်သေးကြောင်း၊ အကယ်၍ ကမ်းလှမ်းလာလျှင်လည်း မြန်မာ့လက်ရွေးစင်အသင်းကိုသာ သွားရောက်ကစားရန် ရွေးဖြစ်မှာဖြစ် ကြောင်း၊ ဤသည်မှာ သူ၏ပြင်းပြသည့် ဆန္ဒတစ်ခုဖြစ်ကြောင်း အွန်လိုင်းတွင် ရင်ဖွင့်ထားသည်။
ကလယ်ဟဲသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် လက်ရွေးစင်အသင်း တွင် ပါဝင်ကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်ထားခြင်းကို အုပ်ထိန်းသူ၊ အေးဂျင့်တို့နှင့် တိုင်ပင်ဆွေးနွေးပြီး မကြာမီ အကြောင်းပြန်ကြား မည်ဖြစ်ကြောင်း သိရသည်။ လောလောဆယ်တွင် ရှက်ဖီးယူနိုက်တက် ယူ-၂၁ အသင်းနှင့်အတူ ရာသီအစအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ရှက်ဖီးယူနိုက်တက် ယူ-၂၁ အသင်းသည် QPR U-21 အသင်းနှင့် U-21 Professional League 2 တွင် ပွဲဦးထွက်အဖြစ် ယခုလာမည့် သြဂုတ် ၁ဝ ရက် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-Kler Heh
Subscribe to:
Post Comments (Atom)
No comments:
Post a Comment