Wednesday, October 15, 2014

ဖားကန့်ကျောက်မျက်ကုမ္ပဏီများ လုပ်ငန်းပြန်စချိန် KIA ဆက်ကြေးကောက်မှုနှင့် ရင်ဆိုင်ရ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီများ လုပ်ငန်းပြန်စချိန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့၏ ဆက်ကြေးကောက်ခံမှုနှင့် ရင်ဆိုင်နေရကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က ကုမ္ပဏီတာဝန်ခံတချို့ထံမှ သိရသည်။

အဆိုပါ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် အစိုးရတပ်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် မှစတင်ကာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လည်တူးဖော်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်သစ်တောနှင့် သတ္ထုတွင်း ၀န်ကြီးဌာန ရုံးမှ သိရသည်။

“ တချို့ ကုမ္ပဏီတွေ လုပ်ငန်းပြန်စနေကြပြီ၊ နယ်မြေလုံခြုံရေးကို စိုးရိမ်ပြီး တချို့ကုမ္ပဏီတွေက မလုပ်ကြသေးဘူး၊ ဒါပေမယ့် လုပ်ငန်းစရုံပဲ ရှိသေးတယ်၊ KIA အဖွဲ့က ဆက်ကြေးလာကောက်နေပြီ၊ တော်တော်ဆိုးတယ်ဗျာ ” ဟု ကုမ္ပဏီတာဝန်ခံတစ်ဦးက ပြောသည်။

ဖားကန့် ကျောက်စိမ်းမှော်ဒေသတွင် ပုဂ္ဂလိက ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ ၆၁၇ ခုနှင့် လုပ်ကွက်ပေါင်း ၇၈၁၂ ကွက်၊ အကျိုးတူ ကျောက်မျက်ကုမ္ပဏီ ၂၂၁ ခု နှင့် လုပ်ကွက်ပေါင်း ၃၀၁ ကွက်ရှိကြောင်း သိရသည်။

KIA အဖွဲ့မှ သတ်မှတ်ထားသော တစ်နှစ်စာ ဆက်ကြေးငွေမှာ ကုမ္ပဏီလုပ်ကွက် ပေ ၂၀၀ ပတ်လည် အကျယ် တစ်ကျင်းလျင် ကျပ်သိန်း (၅၀) ၊ ဘက်ဟိုးယာဉ်တစ်စီးလျှင် ကျပ်သိန်း (၂၀)၊ မြေသယ်ယာဉ်တစ်စီးလျှင် ကျပ် (၁၅) သိန်း ၊ ၀န်ထမ်း ၁ ဦးလျှင် ကျပ် ၂ သောင်း နှုန်းဖြစ်ကြောင်း သိရသည်။

“ ဆက်ကြေးငွေ ကောက်တာက ဖားကန့် တိုက်နယ်ရုံးအောက်က အောင်ဘာလေရွာမှာနေတဲ့ KIA စစ်သား တွေက လာကောက်တယ်၊ နောက်တစ်ဖွဲ့ကလည်း ဗဟိုဌာနချုပ်က ကောက်ခိုင်းတာဆိုပြီး လာကောက်တယ်၊ အရင်းအနှီးများတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အဆင်မပြေရင်တော့ လုပ်ဖို့အစီအစဉ်မရှိတော့ပါဘူး ” ကုမ္ပဏီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ ဟောင်းပါးကျေးရွာ အုပ်စုတွင် ကျောက်စိမ်းတူးဖော်မည့် ကုမ္ပဏီများအား ဆင့်ခေါ်စာဖြင့် ဆက်ကြေးငွေတောင်းခံထားကြောင်း သိရှိရပါသည်။

ထွန်းနေအောင် (ဖားကန့်)


မိုးညှင်းသတင်းအဖွဲ့web-siteလိပ်စာ www.mohnyinnews.blogspot.com သတင်းပေးနှင့်ကြော်ငြာပေးပို့ရန် gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment