Thursday, April 30, 2015

ကဆုန်လ ညောင်ရေသွန်းပွဲ

ကဆုန်လ ညောင်ရေသွန်းပွဲ

“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လဟာ နွေရာသီရဲ့ အပူပြင်းဆုံး ကာလ၊ ရေအခန်းခြောက်ဆုံး အချိန်၊ ရေပြတ်လပ်တဲ့ ကာလဖြစ်ပါတယ်။ သစ်ပင်၊ပန်းပင်တွေ အားလုံး ရေပြတ်လပ် ညိုးနွမ်းလာကြပါတယ်။ ဗုဒ္ဓမြတ်စွာ အမှီသဟဲပြုလို့ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကြီးလည်း ရေပြတ်လပ် ညှိုးလျော်လာ ပါတယ်။ ဒါကြောင့် လန်းဆန်းစိုပြည် လာအောင် ဗောဓိညောင်ပင် ကို ရေသွန်းလောင်းခြင်း ပြုလုပ်ပေးရာမှ
ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

မြန်မာတို့ဟာ လတွေများစွာထဲမှာမှ ကဆုန်လကို အမြတ်ဆုံးလလို့ အသိအမှတ်ပြုကြသလို ဗုဒ္ဓဘုရားကို ကိုးကွယ်သူတို့ အထွဋ်အမြတ်ထားတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါတယ်။ အသိအမှတ်ပြုရတဲ့ အကြောင်းတရားလေးပါးလည်း ရှိပါတယ်။

(၁)ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာဘုရား အလောင်းတော်ဟာ ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူတာဟာ ကဆုန်လပြည့်နေ. ဖြစ်တယ်လို့ အကြောင်းပြုထားပါတယ်။

(၂)ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေမှာ ဂေါတမမြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့ပါတယ်။

(၃)တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့်နေ့မှာ ဂေါတမ မြတ်စွာ ဘုရားလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်မှာ သဗ္ဗညုတ ဥာဏ်တော်ကိုရပြီး ဘုရားဖြစ်တော်မူပါတယ်။

(၄)စတုတ္ထ အကြောင်းမှာ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ မလ္လာမင်းတို့ရဲ့ အင်ကြင်း ဥယျာဉ်မှာ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းတို့ကြောင့်ဘဲ ဖြစ်ပါတယ်။

ထူးကဲတဲ့ အဖြစ်တွေ ဖြစ်ခဲ့တဲ့ ကဆုန်လကို အမြတ်ဆုံးလလို့ မှတ်ယူကြပြီး ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းပွဲတော်ကို အမှတ်တရ ခြိမ့်ခြိမ့်သဲ ကျင်းပကြခြင်း ဖြစ်ပါတယ်။

ယခုနှစ် မြန်မာပြက္ခဒိန်ရဲ့ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော် ကျင်းပမယ့် ရက်မြတ်နေ့ဟာ လာမယ့် စနေနေ့ ၂၀၁၅ခုနှစ် မေလ ၂ရက်နေ့ဘဲ ဖြစ်တယ်လို့ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်အပေါင်းတို့အား အသိပေး နှိုးဆော်နိုင်ရန် စုစည်းတင်ပြပေးလိုက်ပါတယ်။


No comments:

Post a Comment