အမိနိုင်ငံအတွက် ဆုံးဖြတ်ချက်များ မှန်ကန်ကြပါစို့
***************************************
ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုသည်မှာ
ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာအပြုအမူတစ်ခုကို ဆောင်ရွက်ခြင်းဖြစ်သည်။ မိမိပြုလုပ်မည့် ကိုယ်အပြုအမူနှင့် နှုတ်အပြုအမူကို စိတ်အားဖြင့်ရွေးချယ်စိစစ်သတ်မှတ်လိုက်ခြင်းဖြစ် သည်။ ဤသို့ပြုလုပ်ခြင်းသည် ဆုံးဖြတ်ချက်ချမှတ်ခြင်း သဘောပင်ဖြစ်သည်။ ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ အခြားသောသဘောလက္ခဏာများမှာ မိမိကိုယ်မိမိ ထိန်းချုပ်ကွပ်ကဲမှု၊ မိမိကိုယ်မိမိလမ်းညွှန်ပြသမှု၊ မိမိ ကိုယ်မိမိကတိပေးမှု၊ မိမိ၏အသိဥာဏ်ပညာဗဟုသုတ၊ ကိုယ်ကျင့်သီလ၊ အတွေးအခေါ်အမြော်အမြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာသတ္တိ စသည်တိုပ၏ အခြေအနေနှင့် အဆင့်အတန်းကို ဖော်ပြသည့် သဘောဖြစ် သည်။ ဆုံးဖြတ်ချက်ချ မှတ်ခြင်းနှင့်ပတ်သက်၍ မကျူးလွန်မိရန်သတိပြုရမည့်အချက်မှာ မချမှတ်သင့် သောဆုံးဖြတ်ချက်မျိုးကို မချမှတ်ဘဲနေခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်ကောင်းတစ်ခု၏ သွင်ပြင်လက္ခဏာရပ်များ
ဆုံးဖြတ်ချက်ကောင်းတစ်ခု၏ သွင်ပြင်လက္ခဏာရပ်များမှာ ဤသို့ဖြစ်သည်။ တရားမျှတမှုရှိသည်။ အဆုံးအမတရားများနှင့်ကိုက်ညီသည်။ ရေတို၊ ရေရှည်ကာလနှစ်မျိုးစလုံးအတွက် အကျိုးရှိသည်။ ပကတိ အခြေအနေမှန်များနှင့်ကိုက်ညီပြီး အမှန်တကယ်လက်တွေ့အကောင် အထည်ဖော်၍ရသည်။ အခြေအနေ လိုအပ်ချက်၊ တောင်းဆိုချက်နှင့်ကိုက်ညီသည်။ အချိန်စောလွန်းခြင်း၊ အချိန်နှောင်းသွားခြင်းမရှိဘဲ အချိန် ကိုက်အချိန်မီဖြစ်သည်။ မွန်မြတ်မှန်ကန်သောရည်ရွယ်ချက် ဦးတည်ချက်ရှိသည်။
မှားယွင်းသောဆုံးဖြတ်ချက်တစ်ခု၏ သွင်ပြင်လက္ခဏာရပ်များ
မှားယွင်းသောဆုံးဖြတ်ချက်တစ်ခု၏ သွင်ပြင်လက္ခဏာရပ်များမှာ ဤသို့ဖြစ်သည်။ တရားမျှတမှု ကင်းမဲ့သည်။ အဆုံးအမတရား များနှင့်ဆန့်ကျင်သည်။ ရေတိုနှင့်ရေရှည်ကာလနှစ်မျိုးစလုံးအတွက် အကျိုး မရှိ၊ ပကတိအခြေအနေမှန်များနှင့် မကိုက်ညီဘဲ အနာတခြား၊ ဆေးတခြားဆိုသည့် သဘောမျိုးဖြစ်နေ သည်။ စိတ်ကူးယဉ်ဆန်လွန်းပြီး အမှန်တကယ်လက်တွေ့အကောင်အထည်ဖော်၍မရနိုင်။ အခြေအနေ၏ လိုအပ်ချက်တောင်းဆိုချက်မရှိပါဘဲလျက် မလိုအပ်ဘဲနှင့်ချမှတ်သည်။ အချိန်အခါနှင့်အံကိုက်မဖြစ်ဘဲ စော၍နေသကဲ့သို့ အချိန်နှောင်း၍နေသည်။ မရိုးမသားလိမ်လည်လှည့်ဖြားလိုသောရည်ရွယ်ချက်၊ ဦးတည် ချက်ရှိသည်။
ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှု
ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ပြီးသည်နှင့်တစ်ပြိုင်နက် အောင်မြင်မှုရရှိရန် မဖြစ်မနေကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ ဤအတွေးအခေါ်အယူအဆသည် ယေဘုယျအတွေး အခေါ်အယူအဆသာဖြစ်သည်။ အခြေအနေအချိန်အခါအားလုံးအတွက် မှန်ကန်မှုမရှိ ချေ။ မိမိ၏ဆုံးဖြတ် ချက်သည် အကြောင်းအမျိုးမျိုးကြောင့် အခြေအနေအချိန်အခါနှင့် ကိုက်ညီမှုမရှိတော့ သည့် အခါမျိုးရှိသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် မိမိ၏မူလဆုံးဖြတ်ချက်ကို ပြောင်းလဲနေသော အခြေ အနေအရပ်ရပ်နှင့်အညီ အချိန်မီပြန်လည်ပြုပြင်ပေးရမည်။ ဤသို့ပြုလုပ်ခြင်းသည် ပြောင်းလွယ်ပြင်လွယ် ရှိသည့်သဘော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံသည့်သဘောဖြစ်သည်။ အကယ်၍ မိမိ၏မူလဆုံးဖြတ်ချက်ကို မပြုပြင်ဘဲ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နေပါက ဆင်ခြင်တုံတရားကင်းမဲ့သည့် သဘော ဖြစ်သည်။ ဆုံးဖြတ်ချက်ကို လိုအပ်ချက်အရပြုပြင်ပြောင်းလဲခြင်းသည် အရှုံပေးခြင်း၊ နောက်ဆုတ်ခြင်း မဟုတ်ဘဲ ရှေ့သို့တိုး၍ ရည်မှန်းချက်ပန်းတိုင်ဆီသို့ မဖြစ်မနေအရောက်လှမ်းသည့် သဘောသာဖြစ်သည်။
နယ်ပယ်နှင့်ကဏ္ဍအသီးသီးရှိဆုံးဖြတ်ချက်များ
နယ်ပယ်နှင့်ကဏ္ဍအသီးသီးအတွက် ချမှတ်ရသော ဆုံးဖြတ်ချက်များရှိသည်။ ဥပမာ - တစ်ဦးချင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာအခက်အခဲများ၊ လူမှုရေးကိစ္စများ စသည်တို့နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရသကဲ့သို့ အများနှင့်သက်ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံတကာဆက်ဆံ ရေး စသည့်နယ်ပယ်များအတွက်လည်း ချမှတ်ရသောဆုံးဖြတ်ချက်များရှိသည်။ ယင်းနယ်ပယ်များကို တာဝန်ယူဆောင်ရွက်နေကြသောပုဂ္ဂိုလ်များသည် မိမိတို့၏နယ်ပယ်အောင်မြင်တိုးတက်ရေးအတွက် ဆုံးဖြတ်ချက်အသီးသီးကို ချမှတ်လုပ်ဆောင်ကြရသည်။ ယင်းနယ်ပယ်များ၏ အောင်မြင်တိုးတက်မှုခြင်း ခြားနားနေရသည့်အကြောင်းတစ်ခုမှာ တာဝန်ယူဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်ခြင်း မတူညီသောကြောင့်ဖြစ်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နိုင်သည့်နယ်ပယ်က တိုးတက်အောင်မြင်နေပြီး မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေသည့် နယ်ပယ်က ထိခိုက်ဆုတ်ယုတ်နေသည်။
မိမိ၏ဆုံးဖြတ်ချက်နှင့် ထိုက်တန်သောဘ၀မျိုးကိုပိုင်ဆိုင်ရသည်
လူတိုင်းသည် ဘ၀တစ်ခုကို ပိုင်ဆိုင်ရစမြဲဖြစ်သည်။ တချို့က တည်ငြိမ်အေး ချမ်းပြီး တိုးတက် အောင်မြင်နေသောဘ၀၊ ဂုဏ်သိက္ခာနှင့်တန်ဖိုးရှိသောဘ၀၊ အရှိန်အ၀ါကြီးမားသောဘ၀မျိုးကို ပိုင်ဆိုင် ကြရသည်။ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ပြီးဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ တချို့က ထိခိုက်ဆုတ်ယုတ်နေသော၊ ဂုဏ်သိက္ခာနှင့် တန်ဖိုးမရှိသော၊ အရှိန်အ၀ါကင်းမဲ့သောဘ၀မျိုးကို ပိုင်ဆိုင် ကြသည်။ မှားယွင်းသော ဆုံးဖြတ်ချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သောကြောင့် ဖြစ်သည်။ လူသည် မိမိဆုံးဖြတ်ချက်နှင့်ထိုက်တန်သည့်ဘ၀မျိုးကိုသာ ပိုင်ဆိုင်ရစမြဲဖြစ်သည်။
မိမိ၏ဆုံးဖြတ်ချက်နှင့်ထိုက်တန်သည့်ဘ၀လမ်းခရီးမျိုးကို လျှောက်လှမ်းရသည်
လူသည် မိမိလျှောက်လှမ်းလိုသည့် ဘ၀လမ်းခရီးကို မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ တချို့က သာယာဖြောင့်ဖြူးသောရည်မှန်းချက်ပန်းတိုင်သို့ အရောက်ပို့ပေး နိုင်သောလမ်းမှန်ကို တည်ဆောက်ကြသည်။ မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်သောကြောင့် ဖြစ်သည်။ တချို့က သာယာဖြောင့်ဖြူးခြင်းမရှိသော ရည်မှန်းချက်ပန်းတိုင်ဆီသို့အရောက်ပို့ပေးနိုင်ခြင်း မရှိသောလမ်းများကို တည်ဆောက်ကြသည်။ မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်သော ကြောင့်ဖြစ်သည်။ လူချင်းတူပါလျက်နှင့် ဘ၀လမ်းခရီးချင်းမတူညီရသည့်အကြောင်းမှာ တစ်ဦးနှင့်တစ်ဦး ချမှတ်သည့်ဆုံးဖြတ်ချက်အမျိုးအစားချင်းမတူညီသောကြောင့်ဖြစ်သည်။ လူသည် မိမိချမှတ်ဆောင်ရွက် နေသောဆုံးဖြတ်ချက်အမျိုးအစားနှင့် ထိုက်တန်သောဘ၀လမ်းခရီးမျိုးကိုသာ လျှောက်လှမ်းရစမြဲဖြစ်သည်။
မိမိတို့ထိုက်တန်သော နိုင်ငံမျိုးကို ပိုင်ဆိုင်ရသည်
လူမျိုးတစ်မျိုးသည် မိမိတို့နှင့်ထိုက်တန်သောနိုင်ငံ တစ်နိုင်ငံကိုပိုင်ဆိုင်ရစမြဲဖြစ်သည်။ တချို့သော လူမျိုးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ငြိမ်းချမ်းသာယာသောအင် အားကြံ့ခိုင်တောင့်တင်းပြီး အရှိန်အ၀ါ ကြီးမားသောနိုင်ငံမျိုးကို ပိုင်ဆိုင်ကြသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များ ဖြင့် ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ တချို့သောလူမျိုးက ခေတ်နောက်ကျကျန်ရစ်နေသော စစ်မီး လျှံတောက်လောင်နေသော၊ အင်အားချည့်နဲ့ပြီး အရှိန်အ၀ါမရှိသောနိုင်ငံမျိုးကို ပိုင်ဆိုင်ကြသည်။ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မှားယွင်းပြီးအကျိုးထိခိုက်စေမည့် ဆုံးဖြတ်ချက်များဖြင့် ရပ်တည်နေကြသော ကြောင့် ဖြစ်သည်။ လူမျိုးတစ်မျိုးသည် မိမိတို့ချမှတ်ဆောင်ရွက်နေသော ဆုံးဖြတ်ချက်အမျိုးအစားနှင့် ထိုက်တန်သောနိုင်ငံမျိုးကိုသာ ပိုင်ဆိုင်ရစမြဲဖြစ်သည်။
မိမိတို့နှင့်ထိုက်တန်သော နိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းရစမြဲဖြစ် သည်
လူမျိုးတစ်မျိုးသည် မိမိတို့နှင့်ထိုက်တန်သော နိုင်ငံရေးလမ်းကြောင်းမျိုးကို လျှောက်လှမ်းရစမြဲဖြစ် သည်။ တချို့သောလူမျိုးက သာယာဖြောင့်ဖြူးသော၊ တည်ငြိမ်အေးချမ်းသော၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာမှုရှိသော နိုင်ငံရေးလမ်းကြောင်းမျိုးကို လျှောက်လှမ်းရသည်။ ဆင်ခြင်တုံတရားမြင့်မားစွာ အမြော်အမြင်ကြီးမားစွာဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်သောကြောင့်ဖြစ်သည်။ တချို့သောလူမျိုးက ခလုတ်ဆူးငြောင့်နှင့် အန္တရာယ်ထူပြော၊ တည်ငြိမ်အေးချမ်းမှုမရှိသော၊ ကိုယ်စိတ်နှစ်ဖြာဆင်းရဲမှုကို ဖြစ်စေသောနိုင်ငံရေးလမ်းကြောင်းမျိုးကို လျှောက်လှမ်းရသည်။ ဆင်ခြင်တုံ တရားကင်းမဲ့စွာ၊ အမြော်အမြင်နည်းပါးစွာဖြင့် မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်သော ကြောင့်ဖြစ်သည်။ လူမျိုးတစ်မျိုးသည် မိမိတို့ချမှတ်ဆောင်ရွက်နေသောဆုံးဖြတ်ချက်များနှင့် ထိုက်တန် သောနိုင်ငံရေးလမ်းကြောင်းမျိုးကိုသာ လျှောက်လှမ်းရစမြဲဖြစ်သည်။
ဆုံးဖြတ်ချက်မှန်ကန်မှုကိုဖြစ်စေသောအကြောင်းများ
ဆုံးဖြတ်ချက်မှန်ကန်မှုကိုဖြစ်စေသောအကြောင်းတရားအချို့ကို ဖော်ပြလိုသည်။ ယင်းတို့မှာ အသိ ဥာဏ်ဗဟုသုတအတွေ့အကြုံမြင့်မားမှု၊ အတွေးအခေါ်အမြော်အမြင်ကြီးမားမှု၊ သဘောထားမြင့်မြတ်မှု၊ စိတ်ဖြူစင်ရိုးသားပြီး စိတ်ရင်းစေတနာကောင်းများနှင့်ပြည့်စုံမှု၊ ယုံကြည်ချက်ခံယူချက်မှန်ကန်မှု၊ အရာရာ တိုင်းအပေါ်မှန်ကန်သောအသိ၊ မှန်ကန်သောအမြင်ရှိနေမှု၊ အသိတရား၊ သတိတရားနှင့်အတူ အချိန်တိုင်း ရှိနေမှု၊ မိမိစိတ်ကိုမိမိ ကောင်းစွာထိန်းချုပ်ထားနိုင်မှု၊ လောဘ၊ ဒေါသ၊ မောဟကင်းစင်ပြီး အဆုံးအမ တရားများနှင့်အတူ နေထိုင်မှု၊ လေးစားတန်ဖိုးထားတတ်ခြင်းရှိမှု၊ ကိုယ်ချင်းစာငဲ့ညှာထောက်ထားတတ် ခြင်းရှိမှု၊ မိမိလောက၊ မိမိပတ်ဝန်းကျင် မိမိအသိုင်းအ၀ိုင်း၏ ကောင်းကျိုးချမ်းသာအပေါင်းကိုတည်ဆောက် ပေးလိုမှု၊ ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်မားမှု၊ တာဝန်သိစိတ်၊ တာဝန်ရှိစိတ်၊ တာဝန်ယူလိုစိတ်မြင့်မားမှု၊ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို ဓမ္မဓိဌာန်ကျကျဆင်ခြင်သုံးသပ်ပြီး အနာဂတ်၏ ဖြစ်တန်ရာခြေများကို မျှော်တွေးနေမှု၊ အနာဂတ်ကို သဘာဝကျကျမျှော်တွေးပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို ပစ္စုပ္ပန် တွင် ပြုလုပ်နေမှုစသည်တို့ဖြစ်ကြသည်။
ဤအချက်များသည် ဆုံးဖြတ်ချက်မှန်ကန်မှုကိုဖြစ်စေသော အချက်များဖြစ်ကြသည်။
ဆုံးဖြတ်ချက်မှားယွင်းမှုကို ဖြစ်စေသောအကြောင်းတရားများ
ဆုံးဖြတ်ချက်မှားယွင်းမှုကိုဖြစ်စေသောအကြောင်းတရားအချို့ကိုဖော်ပြလိုသည်။ ယင်းတို့မှာ အသိဥာဏ်ဗဟုသုတအတွေ့အကြုံနည်းပါးမှု၊ အတွေးအခေါ်အမြော်အမြင်နိမ့်ကျမှု၊ သဘောထားကျဉ်း မြောင်းပြီး တစ်ဖက်စွန်းသို့ရောက်ရှိမှု၊ စိတ်နေစိတ်ထားရိုးသားမှုမရှိဘဲ စိတ်ကောင်းစေတနာကောင်းမရှိမှု၊ ယုံကြည်ချက်ခံယူချက်လွဲမှားမှု၊ အရာရာတိုင်းအပေါ် လွဲမှားသောအသိ၊ လွဲမှားသောအမြင်ရှိနေမှု၊ အသိ တရား၊ သတိတရားကင်းလွတ်ပြီး တဏှာ၊ မာန၊ ဒိဌိစသည့်တရားများကြီးမားနေမှု၊ မိမိစိတ်ကိုမိမိနိုင်နင်း စွာ ထိန်းချုပ်ထားနိုင်ခြင်းမရှိမှု၊ လေးစားတန်ဖိုးထားတတ်ခြင်းမရှိမှု၊ ကိုယ်ချင်းစာငဲ့ညှာထောက်ထားတတ် ခြင်းကင်းမဲ့မှု၊ မိမိတစ်ဦးတည်း၏ ကောင်းကျိုးကိုသာ ဆောင်ရွက်လိုသည့် တစ်ကိုယ်ကောင်းဆန်မှု၊ ထိုးထွင်းသိမြင်နိုင်စွမ်းနိမ့်ကျမှု၊ တာဝန်သိစိတ်၊ တာဝန်ရှိစိတ်၊ တာဝန်ယူလိုစိတ်နိမ့်ကျမှု၊ အနာဂတ်ကို သဘာဝကျကျမျှော်တွေးပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို ပစ္စုပ္ပန်တွင်ပြုလုပ်နေခြင်းမရှိမှု၊ ပစ္စုပ္ပန် အခြေအနေအရပ်ရပ်ကို ဓမ္မဓိဌာန်ကျကျဆင်ခြင်သုံးသပ်ပြီး အနာဂတ်၏ ဖြစ်တန်ရာခြေများကို မျှော်တွေးနေခြင်းမရှိမှု စသည်တို့ဖြစ်ကြသည်။
နိုင်ငံသားများ၏ ဆုံးဖြတ်ချက်မှန်ကန်မှုကြောင့် နတ်ပန်းပန်ဆင်နေသည့်နိုင်ငံ များ
နိုင်ငံသားများက မှန်ကန်မွန်မြတ်သော၊ အမြော်အမြင်ရှိသော ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော ဆုံးဖြတ်ချက်အမျိုးမျိုးကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် တိုးတက်သာယာနေသော၊ လှပနေသော၊ ပျော်ရွှင်ချမ်းမြေ့နေသောနိုင်ငံများ ကမ္ဘာပေါ်တွင်ရှိသည်။ ယင်းနိုင်ငံများသည် မိမိနိုင်ငံသူ နိုင်ငံသားများ၏ မှန်ကန်သောဆုံးဖြတ်ချက်များကြောင့် နတ်ပန်းပန်ဆင်နေကြရသည်။ အမိနိုင်ငံအား နတ်ပန်းပန်ဆင်ပေးနေကြသူများမှာ မိမိနိုင်ငံသားများသာ ဖြစ်ကြပါသည်။
နိုင်ငံသားများ၏ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ငရဲပန်းပန်ဆင်နေရသည့်နိုင်ငံ များ
နိုင်ငံသားများက မှားယွင်းသော၊ အကျိုးမရှိသော၊ အမြော်အမြင်နည်းပါးသော၊ ဆင်ခြင်တုံတရား ကင်းမဲ့သော၊ သဘောထားသေးသိမ်သော၊ ရိုးသားဖြောင့်မတ်မှုမရှိသောဆုံးဖြတ်ချက်များကို ချမှတ် ဆောင်ရွက်နေမှုကြောင့် ဘေးအန္တရာယ်အမျိုးမျိုးနှင့်ကြုံတွေ့နေရသော၊ သွေးချောင်းစီးပြီး ငိုညည်း နေရသော၊ မိသားစုစစ်များပြိုကွဲပြီး ငိုပွဲဆင်နေရသော၊ လူဖြစ်သော်လည်း လူသားနှင့်တူညီစွာနေထိုင် စားသောက်နေရခြင်းမရှိသော နိုင်ငံများကမ္ဘာပေါ်တွင်ရှိသည်။ နိုင်ငံသားများ၏ မှားယွင်းသောဆုံးဖြတ် ချက်များကြောင့် ငရဲပန်းကို ပန်ဆင်နေရခြင်းဖြစ်သည်။ အမိနိုင်ငံအား ငရဲပန်းပန်ဆင်ပေးနေကြသူများမှာ မိမိနိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများပင်ဖြစ်ကြသည်။
ဘယ်ပန်းသာလို့ယဉ်ပါသနည်း
နိဂုံးချုပ်အားဖြင့်တင်ပြရဂမည်ဆိုပါက ကျွန်ုပ်တို့အနေဖြင့် အမိနိုင်ငံအား မည်သည့်ပန်းမျိုးကို ဆင်မြန်းပေးကြမည်နည်း။ နတ်ပန်းဟူသော “ မင်္ဂလာကျက်သရေပန်း ” ကို ဆင်မြန်းပေးမည်လော၊ သို့မဟုတ် “ ငရဲပန်း” ဟူသောဘေးဒုက္ခအပူပန်းကို ဆင်မြန်းပေးမည်လော။ နတ်ပန်းနှင့်ငရဲပန်း ဘယ်ပန်း သာလို့ယဉ်ပါသနည်းဟုစဉ်းစားကြရမည်။ နတ်ပန်းကသာ ပို၍ယဉ်ပါသည်။ ထို့ကြောင့် အမိနိုင်ငံအား နတ်ပန်းဟူသောအလှပန်းကို ဆင်မြန်းပေးကြရမည်ဖြစ်ပါသည်။ ဤသို့ဆင်မြန်းပေးမှသာ အမိနိုင်ငံသည် တိုးတက်သာယာသော၊ ချမ်းမြေ့သော၊ တည်ငြိမ်အေးချမ်းသော၊ ဂုဏ်သိက္ခာအပေါင်းနှင့်ပြည့်စုံသော၊ အရှိန်အ၀ါကြီးမားသောနိုင်ငံအဖြစ်သို့ ရောက်ရှိမည်။ ဤသို့ဆောင်ရွက်နိုင်ရန်အတွက် ကျွန်ုပ်တို့နိုင်ငံသား များ၊ အစဉ်တစိုက်ဆောင်ရွက်နေရမည့်အချက်မှာ မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်ကြရမည်။ ကျွန်ုပ်တို့သည် အမိနိုင်ငံနှင့်လူမျိုးအကျိုးကို မျှော်ကိုးသည့်အနေဖြင့်မှန်ကန်မွန်မြတ်သော၊ အမြော်အမြင် ကြီးမားသော၊ နားလည်သည်းခံခွင့်လွှတ်သော ဆုံးဖြတ်ချက်များကိုချမှတ်ကာ ရပ်တည်သွားကြပါစို့ဟူ၍ တင်ပြအပ်ပါသည်။ ။
ကျော်ကျော်သန်း ( မဟာဝိဇ္ဇာ )

မိုးညှင်းသတင်း apk
ဘားရှင်း 3.0ရွှေရောင်
အသုံးပြုနေသူများအတွက်
အထူးသတင်းကောင်း
ရွှေရောင်ဘားရှင်းအသစ်မှာ
လူထုအော်သံ blogတစ်ခုထည့်
ပေးထားပါသည်
အဲဒီအတွက်ကြောင့်ကျွန်တော်များ
မိုးညှင်းသတင်းapkသို့
မိမိတို့ဖြစ်ပျက်နေသော
ခံစားနေရသော
အကြောင်းအရာများကို
ကျွန်တော်များမိုးညှင်းသတင်း
apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ
gmailလိပ်စာအသစ်
mohnyinnews@gmail.com ပါ
ယခု gmailအသစ်က
မိုးညှင်းသတင်းapkနှင့်Automatic
ဆက်သွယ်ထားသည့်အတွက်
ညီအကိုမောင်နှမများပေးပို့ခဲ့ပါက
မိုးညှင်းသတင်းapkမှာပို့ပြီး
၃နာရီအတွင်းAutomatic
မြင်တွေ့ရမှာဖြစ်ပါတယ်
gmailအသစ်ကapk
ထဲကိုAutomatic
ရောက်ရှိတဲ့အတွက်ကြော်ငြာများ
မပေးပို့ကြပါရန်အထူး
မေတ္တာရပ်ခံပါသည်
ကြော်ငြာများပေးပို့ပါက
အာက်ပါgmailသို့
ပေးပို့ကြပါရန်
mohnyinnewsnow@gmail.com