Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Tuesday, September 2, 2014

စစ်မှန်သော ဖက်ဒရယ် အယူအဆများ

တိုင်းရင်းသား လူမျိုးစု ပေါင်းများစွာ အတူတကွ မှီတင်းနေထိုင်တဲ့ပြည်ထောင်စုဖြစ်တာနဲ့အညီ
မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းစွာ တည်တံ့ခိုင်မြဲဖို့ဆိုရင်စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို မဖြစ်မနေထူထောင်
ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်လို့သာ ပြောနေဆိုနေကြသော်လည်းဖက်ဒရယ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့အနှစ်သာရကို သိရှိနားလည်သူ သိပ်များများစားစားမရှိလှသေးဘူးလို့ယူဆရပါတယ်။ တစ်ကယ်တော့ လူထု တစ်ရပ်လုံးကဖက်ဒရယ်ရဲ့ သဘောကို ကျကျနန သိရှိနားလည်းကြပြီး အတူတကွ နည်းမှန်လမ်းမှန်ဝိုင်းဝန်းထူထောင်ကြမှသာဖက်ဒရယ်ပြည်ထောင်စုဆိုတာ အမှန်တစ်ကယ် ပေါ်ထွန်းလာဖို့ရှိပါတယ်။ဖက်ဒရယ်နဲ့ပတ်သက်လို့ ယူဆချက်များ
ကွဲလွဲနေလျင်ဖြစ်စေ၊ လွဲမှားတဲ့ အဓိပ္ပါယ်ကောက်ယူမှုများရှိနေလျင်ဖြစ်စေစစ်မှန်တဲ့ ပြည်ထောင်စု
တစ်ခု ပေါ်ပေါက်ရေးအခက်အခဲများစွာရှိနေနိုင်တာကြောင့် ဖက်ဒရယ်သဘောကို သက်ဆိုင်သူအားလုံးက
အလေးအနက်ထားပြီး ထဲထဲဝင်ဝင်လေ့လာသုံးသပ် သိရှိနားလည်ကြဖို့ လိုအပ်မယ်လို့
ယူဆပါတယ်။ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိနေတဲ့ အထဲကအခြေခံအကျဆုံးနဲ့ အဓိပ္ပါယ် ခြုံငုံမိတဲ့ ဖွင့်ဆိုချက်တစ်ခုကို ဖော်ပြပါရစေ။


A federal country or system is one in which individual states make their own laws, but a national government is responsible for areas such as defence and foreign policy.(ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် စနစ်တစ်ခု ဆိုတာ သီးခြားပြည်နယ်များကကိုယ်ပိုင်ဥပဒေများရေဒဆွဲပြဌာန်းခွင့်ရှိသော်လည်း ပြည်ထောင်စုအစိုးရက
ကာကွယ်ရေးနဲ့နိုင်ငံခြားရေးကဲ့သို့သောမူဝါဒများနဲ့ပတ်သက်လို့တာဝန်ယူရတဲ့စနစ်ဖြစ်ပါတယ်။)

ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်အဆက်ဆက်က ဖက်ဒရယ်ကို အပြောတောင်မခံဘဲတောက်လျှောက်ငြင်းဆိုခဲ့ပြီး ဖက်ဒရယ်ဆိုရင်ပြည်ထောင်စုကြီးပြိုကွဲမယ်ဆိုတဲ့
အယူအဆမျိုးကို အစိုးရ အဆက်ဆက် တော်လျှောက်ယူဆခဲ့တာဖြစ်ပါတယ်။ဒီယူဆချက်ကြောင့်ပဲ တိုင်းရင်းသားလူမျိုးစုလူနည်းစုများနဲ့ ဗမာတိုင်းရင်းသား လူများစု အကြားစည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်နိုင်ရေး ခက်ခဲနေရခြင်းဖြစ်ပါတယ်။ဖက်ဒရယ်စနစ်ဆိုတာ ပြည်ထောင်စုကြီး အမှန်တစ်ကယ် ရေရှည်တည်တံ့ခိုင်မာရေးနဲ့တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးအတွက်သော့ချက် သာလျင်ဖြစ်တယ်ဆိုတာ အခုအခါမှာတပ်မတော်အပါအဝင် Stakeholder များအားလုံးက လက်ခံစဉ်းစားလာကြပြီဖြစ်လို့မြန်မာနိုင်ငံတော်သစ်တည်ဆောက်ရေးဟာအာမခံချက် တော်တော်ရှိသွားပြီ
လို့ဆိုရမယ်ဖြစ်ပါတယ်။ ဖက်ဒရယ်နဲက လိုက်လျောညီထွေရှိတဲ့ အခြေခံဥပဒေ ဖြစ်လာရေးအားလုံးက
ဝိုင်းဝန်းညှိနှိုင်းတိုင်ပင်တဲ့အဆင့်ကိုလည်းမကြာခင်ရောက်လာတော့မယ်လို့မျှော်လင့်ရပါတယ်။

ဒီနေရာမှာ ပြောစရာတစ်ခုက တိုင်းရင်းသားတို့ မျှော်မှန်းထားတဲ့ဖက်ဒရယ်ဆိုတဲ့ ယူဆချက်ဟာ ဖက်ဒရယ် အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ကိုက်ညီမှုရှိတဲ့အထိ ဖြည့်ဆည်းသွားနိုင်ရေးဖြစ်ပါတယ်။တိုင်းရင်းသားတို့ လောလော
ဆယ်တောင်းဆိုနေတဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာဟာ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ရဲ့ပထမ
အဆင့်ဖြစ်တယ်ဆိုတာ သတိပြုမိကြဖို့ပါ။ တိုင်းရင်းသားလူမျိုးစု လူနည်းစုတွေဟာ
ခေတ်အဆက်ဆက် ဖိနှိပ်ခံဘဝ နေလာကြရလေတော့ လောလောဆယ်ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားတောင့်တကြတယ်ဆိုတာ သဘာဝလည်းကျပြီးလောလောဆယ်အခြေအနေမှာဖြစ်လည်း
ဖြစ်သင့်တဲ့ကိစ္စပါ။ ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာတိုင်းရင်းသားပါတီများအများစု အနိုင်ရရှိရေး၊ ပြည်နယ်အစိုးရခေါင်းဆောင် ( ဝန်ကြီးချုပ် ) ကိုသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအား ခန့်အပ်နိုင်ရေးစသဖြင့် အခြေခံကျတဲ့ ပြဌာန်းခွင့်ဆိုင်ရာ လိုအပ်ချက်များကို လောလောဆယ်မှာ
ဖြည့်ဆည်းပေးနိုင်မယ်လို့ယူဆရပါတယ်။

ဖက်ဒရယ်ဖြစ်လာဖို့အတွက် လုပ်ပိုင်ခွင့်များ ခွဲဝေပေးရေး၊သယံဇာတများခွဲဝေပေးရေးနဲ့ ဘတ်ဂျက်နဲ့ အခွန်အခဆိုင်ရာ ခွဲဝေမှုများပြုလုပ်ပေးရေးတို့ အခြေခံအားဖြင့်လိုအပ်ပါတယ်။စောစောက ဖော်ပြခဲ့တဲ့
ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပါခဲ့သလိုပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့နိုင်ငံခြားရေး စတာတွေကို ပြည်ထောင်စုအစိုးရက တာဝန်ယူရပါတယ်။လောလောဆယ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းလာတာနဲ့တစ်ပြိုင်နက်ထဲမှာနိုင်ငံရေး
ဆွေးနွေးပွဲများလည်းပေါ်လောက်လာမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့်ဖက်ဒရယ် အခြေခံတဲ့ အခြေခံဥပဒေဟာလည်းတဖြည်းဖြည်းရုပ်လုံးပေါ်လာဖို့ရှိပါတယ်။တိုင်းရင်းသားလူမျိုးစုတွေအားလုံး( လူထု တစ်ရပ်လုံး ) အနေနဲ့ ရေရှည်မှာစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်နိုင်ရေးအတွက် လူမျိုးစွဲဒေသစွဲများကို တစ်ဖြည်းဖြည်းစွန့်လွှတ်ကြရမယ်ဆိုတဲ့ အတွေးအခေါ်များကိုစတင် စဉ်းစားတွေးခေါ်ကြဖို့ အချိန်ရောက်ပြီလို့ ပြောပါရစေ။ လောလောဆယ်မှာဖက်ဒရယ်သဘောတရားဟာ လူမျိုးစုများကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ရောထွေးနေပြီးကိုယ်ပိုင်ပြဌာန်းခွင့်ကိုပဲ လောလောဆယ်မှာ ဖက်ဒရယ်ဖြစ်တယ်ဆိုတဲ့ တရားသေ ယူဆချက်မျိုးတွေ ယူဆနေကြတာလည်းရှိပါတယ်။

တစ်ကယ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ဆိုရင် လူမျိုးစွဲနဲ့ဒေသစွဲများအရ ပြဌာန်းခွင့်
ဟာ ရေရှည်မှာ အဆင့်မြှင့်ယူနိုင်ဖို့လိုအပ်မယ်ဖြစ်ပါတယ။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်မှာ
ကချင်လူမျိုးများ၊ ကရင်ပြည်နယ်မှာ ကရင်လူမျိုးများ စသဖြင့်ပြဌာန်းခွင့်အသီးသီးပေးရမယ်ဆိုတဲ့ သဘောတရားကို ဖက်ဒရယ်အဖြစ်သာမန်အားဖြင့်နားလည်လက်ခံထားသူများပါတယ်။ တစ်ကယ်တော့လည်းလောလောဆယ်အနေအထားမှာ ဖက်ဒရယ်ကို ဒီနည်းနဲ့ပဲစတင်ကြရမှာဖြစ်ပါတယ်။

ဒါပေမယ့်ဖက်ဒရယ်စစ်စစ်ဖြစ်ဖို့ဆိုရင်တိုင်းရင်းသားလူမျိုးများနေရာအနှံ့ပျံ့နှံ့နေထိုင်မှုတိုးပွားလာနေ
တာဖြစ်တာနဲ့အညီရေရှည်မှာတော့ လူမျိုးကိုအခြေခံစဉ်းစားတဲ့ ဖက်ဒရယ်သဘောတရားကနေ
နယ်မြေအပိုင်းအခြားတစ်ခုထဲကိုသာ အခြေခံစဉ်းစားပြီးမည်သည့်တိုင်းရင်းသားလူမျိုးဖြစ်ပစေ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရပါကမည်သည့်ပြည်နယ်မှာဖြစ်ပစေ အစိုးရတာဝန်နဲ့ လွှတ်တော်တာဝန်များကိုထမ်းဆောင်ခွင့်ရှိရမှာဖြစ်သလို မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်ပစေ
လူထုမဲနဲ့ ရွေးချယ်ခံရရင် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့မှာလည်းခေါင်းဆောင်ခွင့်ရှိရမယ်ဖြစ်ပါတယ်။ဥပမာ ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုကရင်လူမျိုးဝန်ကြီးချုပ်တစ်ယောက်က လည်း လူထုထောက်ခံမှုနဲ့
အုပ်ချုပ်ခွင့်ရှိရမှာဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟာလည်း ကချင်လူမျိုးတစ်
ယောက်ဖြစ်ခွင့်ရှိရမယ်ဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဟာလည်းကယားလူမျိုးတစ်ယောက် ဖြစ်စေရခိုင်လူမျိုး
တစ်ယောက်ဖြစ်စေ ဖြစ်ခွင့်ရှိရမယ်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေရောက်ဖို့ ကျွန်တော်တို့အများကြီးအားထုတ်ကြရဦးမှာဖြစ်ပြီး
လောလောဆယ်မှာတော့တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကိုဦးစားပေးတည်ဆောက်ကြရပါမယ်။
ပြည်နယ်များမှာ PR စနစ်ကျင့်သုံးရေးကို သက်ဆိုင်ရာပြည်နယ်များကလက်ခံဖို့ခက်ခဲနေသော်
လည်း ရေရှည်မှာတော့ ဖက်ဒရယ်စစ်စစ်ဖြစ်ရန်ဘယ်ရွေးကောက်ပွဲစနစ်ကိုမဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တပြေးညီ ကျင့်သုံးနိုင်တဲ့အထိ အားလုံးက ညီညီညွတ်ညွတ် ရိုးရိုးသားသားစေတနာမှန်မှန်နဲ့ ကြိုးစားကြရမှာပါ။( လက်ရှိကာလမှာတော့ပြည်နယ်လူထုရဲ့သဘောထား
အတိုင်း တတ်နိုင်သလောက် လိုက်လျောဖို့လိုအပ်မယ်လို့ယူဆပါတယ်။ )

ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်ရာမှာ လောလောဆယ်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို
လှေခါးထစ်များသဖွယ်အသုံးချပြီးစစ်မှန်သောဖက်ဒရယ်သဘောတရားကိုပန်းတိုင်အဖြစ်ခံယူထားကြမှသာ
ရေရှည်ခိုင်မာသော ပြည်ထောင်စုကြီးကိုမျှော်မှန်းနိုင်မှာဖြစ်တာမို့ လူထုတစ်ရပ်လုံးက
စိတ်ရှည်ကြဖို့စည်းလုံးကြဖို့နဲ့ အဆင့်မြင့်သော နိုင်ငံရေးအသိအမြင်များကိုကြိုးစားလေ့လာရင်း
အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ရေရှည်အတူတကွ လက်တွဲနိုင်ကြဖို့ဆိုရင်အလွန်ကျင်းမြောင်း
သောလူမျိုးစွဲ ၊ ဒေသစွဲများကို တဖြည်းဖြည်းစွန့်လွှတ်နိုင်ကြဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

( ပိုက်တင် )


www.mohnyinnews.blogspot.com gmail လိပ်စာ mohnyinnewsnow@gmail.com

ပညာရေး မြှင့်တင်ချင်တယ် ဆိုလျှင် ..ပညာသင်မယ့်လူတွေရဲ့စိတ်ဓါတ်တွေ ကလည်း လမ်းဘေး ခြုံတိုးဖို့ ချည်း စဉ်းစားမနေကြဖို့လိုတယ်။


မြန်မာပြည်မှာ အတန်းကျောင်းတက်ကတည်းက စာကိုစာမှန်းသိပြီး သေချာလေ့လာသင်ယူကြတယ် ။ သူများတွေ နိုင်ငံရေးလိုလို ၊ ဂိမ်းသမားလိုလို ယောင်နေတဲ့အချိန် စာဖတ်နေကြတယ် ။

ပညာရည်မြင့်လာကြတဲ့ အခါ နိုင်ငံခြားအထိ ထပ်မံပြီးပညာသင်ဖို့ကို ကြိုးပမ်းကြတယ် ။

မိဘကလည်း လူချမ်းသာ စာရင်းဝင်မျိုး မဟုတ်ပြန်ဘူး။ဒီတော့ ကိုယ့်ဒူးကိုယ်ချွန်ပြီး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အပတ်တကုတ် ကြိုးစားကြရတယ်။

ကြိုးစားမှုတိုင်းမှာ သက်ရောက်မှု ရှိတယ် ။ ကြိုးစားမှုရဲ့ရလာဒ်ကို ခံစားကြရတယ် ။ ခုဆို နိုင်ငံခြားသားတွေကိုအပေါ်ကနေပြီး စေခိုင်းနိုင်တဲ့လူတွေတောင် ဖြစ်နေကြကုန်ပြီ ။ မြန်မာလူမျိုးတွေ တကယ်ပညာတတ်လျှင် ...လူမျိုးခြားတွေထက် အမြဲတမ်း နှာတစ်ဖျားသာနေတတ်ကြတယ် ဆိုတာ ယုံကြည်စေချင်တယ် ။

အဲဒီလို လူငယ်တွေက ပြည်ပက မိမိတို့ရဲ့ လုပ်ငန်းခွင်ကုမ္မဏီတာဝန်တွေနဲ့ မြန်မာပြည်ကို တာဝန် ကိုယ်စီပြုအသွားအပြန်လုပ်နေကြတယ် ။

မင်းတို့ကို အစိုးရကလည်း ထောက်ပံ့ကူညီတာလည်းမဟုတ်ဘူး ။အစိုးရမကောင်းလို့ မြန်မာတွေ ပြည်ပမှာ ..မျက်နှာငယ်နေရတယ်အနှိမ်ခံနေရတယ် ဆိုတဲ့ အတွက်မင်းတို့ ဒီနိုင်ငံကို စိတ်မနာကြဘူးလား ? ဆိုတော့ ....ကလေးတွေက ဒီလိုမျိုး ပြန်ဖြေတတ်ကြတယ် ။

အစိုးရမကောင်းတာနိုင်ငံရေးသဘောအရသာဖြစ်ပြီးကျွန်တော်တို့အစိုးရ ကောင်းလာအောင်
စောင့်မယ်ဆိုလျှင် ဘယ်အချိန်မှာပညာသင် ဘယ်အချိန်မှာ လုပ်ငန်းခွင် ဝင်ရတော့မှာလဲတဲ့ ။


ကျွန်တော်တို့ ဘဝ ရည်မှန်းချက်ကို ကျွန်တော်တို့ကပဲပိုင်ဆိုင်တာပါတဲ့ ။ အစိုးရလည်း မပိုင်ဘူး ။ ဘယ်သူမှ
လည်း မပိုင်ဆိုင်ပါဘူး ။ ဒီတော့ ကိုယ့် ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ကိုယ်တိုင်မှ မကြိုးစားလျှင် ဘာမှဖြစ်လာကြ
မှာမှ မဟုတ်တာပဲတဲ့ ။

မှားယွင်းမှု တစ်ခုခုဖြစ်ပေါ်လာလို့ လက်ညှိုးထိုးစရာမျိုးတွေ့လာလျှင် ကိုယ့် ကိုယ် ကိုပဲ ကိုယ်ညံ့လို့ ဆိုတာကိုတွေးပြီး သင်ခန်းစာယူ လက်ညှိုး ပြန်ထိုးပြီး အပြစ်တင်ပါတယ်တဲ့ ။

ဆိုတော့ဗျာ .........

အမှန်တရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ကိုယ့်အားနဲ့ကိုယ့်ခွန်နဲ့ စွမ်းဆောင်နိုင်သူတွေက ဘယ်သူ ကိုမှ နာကျည်းနေစရာလည်း မလိုသလို ... တိုင်းပြည်အတွက်ကိုလည်း အစစ်အမှန် အကျိုးပြုနေနိုင်တယ် ။ ၎င်းတို့နှင့် နီးစပ်သူတွေကိုလည်းအမှန်တကယ်အကျိုးပြုပေးနေနိုင်တယ် ။

တိုင်းပြည်အတွက်ပြည်သူအတွက်ဆိုပြီး လေသေနတ်ပစ်နေယုံ ဟိုနေရာဒီနေရာဗွီနိုင်းထောင်နေယုံနဲ့တော့
လမ်းဘေး အာဝါဒါး ပဲ ဖြစ်လာမှာ သေချာတယ် ။

လက်တွေ့ကျကျ ပညာကို တကယ် တတ်အောင်လို့ ..ကြိုးစားပြီး သင်ယူ ကြစမ်းပါ ။ ရည်မှန်းချက် မြင့်မြင့်
မားမား ထားတတ်ကြစမ်းပါ ။ ဘယ်သူ့ကိုမှ အားကိုးစရာမလို ၊ ထမီခြုံစရာမလိုဘဲနဲ့ ကိုယ့်ဒူးကိုယ်ချွန်နိုင်
အောင် တွေးကြစမ်းပါ ။

လူက နေချင်တယ် ဆိုတာတောင် ပညာက ရပ်တန့်မနေဘဲနဲ့ ၊ မင်းတို့ ရှေ့မှောက် ဒူးထောက် လာမယ့် ..
လူတွေ ရိုက်သတ် လို့တောင် ကုန်မယ် မထင်ဘူး ။

ပညာရေး မြှင့်တင်ချင်တယ် ဆိုလျှင် ..ပညာသင်မယ့်လူတွေရဲ့စိတ်ဓါတ်တွေ ကလည်း လမ်းဘေး ခြုံတိုးဖို့
ချည်း စဉ်းစားမနေကြဘဲနဲ့ မြင့်မား နေကြဖို့တော့ လိုလိမ့်မယ် ခင်ဗျ ။

ဦးယဉ်ကျေး




www.mohnyinnews.blogspot.com

စစ်သား တစ်ယောက်၏ သေတမ်းစာ


ခင်ဗျားတို့ ညှိ နေကျပြီ လို့
ရေဒီယိုက ကြေညာတော့
ကျုပ် လက်သီး ကျစ်ကျစ် ဆုပ်ပြီး
ငါတို့ ပေးဆပ် တာတွေအောင်တော့မယ် လို့
အံကြိတ် ပျော် ခဲ့သေးတယ်

သိပ်မကြာပါဘူး ပစ်ခွင့်မရှိတဲ့ သေနတ်ကို
ကိုင် အမိန့်ကို အတိအကျ နာခံခဲ့တဲ့ကျုပ်
ရဲဘော် တစ်ဦး ရန်သူမြင်တာ မပစ်ဘဲနဲ့
ဒိန်း ခနဲ သေနတ်သံသူကြားတော့
သူ့ အသက် မရှိလေ တော့ဘူး

တောက် လုပ်ထားဦးပေါ့ကွာ
အထက်သတင်း သူတို့မသိသေးလို့ပဲလို့
ဖြေခဲ့ရတာ ပေါ့ဗျာ

နောက် တခါ ခင်ဗျားတို့ လက်မှတ်ထိုးတော့
မယ်ဆိုတော့ ကျုပ် တောင်ထခုန်မိတယ်
ရှည်နေတဲ့ မုတ်ဆိတ် မွှေးကို ဘရိတ်ဓား
တုံးတုံး နဲ့ ရိတ် ရှည်နေတဲ့ ဆံပင်ကို
ကြိုးနဲ့ စည်း တရုတ်မင်းသားလိုလိုနဲ့ ရေအိုင်ကို
မှန် ကြည့်လိုက်သေးတယ် ရပြီ ဒီ ရူပါနဲ့ဆို
ငြိမ်းချမ်းရေး ပွဲ အပြန် ငါ တင့်တယ် ရချည်ရဲ့

သိပ်မကြာဘူး ပေါ့ပါး လန်းဆန်းလွန်းတဲ့
ကျုပ် ရဲဘော် တွေ ကျည်ထိုးမထားတဲ့သေနတ်ကို
ကိုင်
`ဂျိမ်း´ဆိုတဲ့ အသံကြားမှာ
တောက် မြေကြီးကို လက်သီးနဲ့ထိုး
လူမဆန်တဲ့ ကောင်တွေ ဒီတခါ ငါ
မယုံဘူး ကွ ဆိုပြီး အမိန့်ပြန်စာ ကိုင်ခဲ့ရုံ ကလွဲ
ဘာမှ တတ်နိုင်ခဲ့ဘူးး

ကျုပ်တို့ ပြန်ရတော့မယ်
ကျုပ်တို့ကို အနားပေးတော့မယ် ဆိုတဲ့
သတင်းနဲ့အတူ အပစ်အခတ် ရပ်ဆဲနေပြီလို့
ကြေ ညာ ထားတဲ့ စစ်မြေပြင်

လက်တွေ ဆွဲ နှုတ်တွေဆက်
ရှန်ပိန်ကို ခွက်ချင်း တိုက်

ချွင် ခနဲ မြည်တဲ့အချိန်

ကျုပ် ချိုင်းကြားအောက်မှာ ပူ သွားတဲ့
အထိအတွေ့

အားတွေခန်းလာတယ်
မျက်လုံးတွေပြာလာတယ်

မိုးပေါ်မှာ လေယာဉ်တွေ ပျံ လာတာတွေ့လိုက်
ရတယ် ထင်မိတယ် ငါ့ကိုများ
လာခေါ် သလား ငါ တွေးခဲ့တဲ့အချိန်

ဟာ ကျုပ်အသက် မရှိတော့ဘူး
ကျုပ်အသက်မရှိတော့ဘူးး
ကျုပ်သေသွား ခဲ့တာပါလား

ငြိမ်းချမ်းရေး ခရောင်းလမ်းမှာ ငါသေခဲ့
တာပါ့လား

ကျုပ်တခုတော့ ရေးခဲ့ချင်သေးတယ်

ငြိမ်းချမ်းရေးဆိုတာ

သစ္စာ မရှိတဲ့ သောင်းကျန်းသူတွေရဲ့
ခဏတာ ငြိမ်းအေးပြီး ချမ်းသာဖို့
ငွေ ရှာ ချင်တဲ့ အခိုက်အတန့် ဖြစ်တယ်
ဆိုတာ ငါရေးခဲ့ချင်ပေမဲ့

ကျုပ်ရေးတဲ့စာ မထင်တော့သလို

ကျုပ်အလောင်းလည်း အိမ် မပြန် နိုင်တော့ဘူး

ကျုပ်မြင်ခဲ့တဲ့ လေယာဉ်ကြီးက
တိမ်ထဲမှာ ပျောက်သွားတယ်

ကျုပ်လည်းး
ထပ်ပြီး ချွေး မထွက် ရတော့ဘူး ပေါ့ ဗျာ
-------------------------------
ဇေမိုး




www.mohnyinnews.blogspot.com

Sunday, August 31, 2014

ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်


ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်း ချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြ ပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။

ယုံကြည်မှု အပြန်အလှန် ရရှိစေဖို့ အစိုးရ၊တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အခြားနိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့လည်း လိုအပ်နေပါတယ်။အခုအခါမှာ အစိုးရအား တိုင်းရင်းသားတို့ ဘက်မှ တောင်းဆိုသည့် အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဆိုသည့် အသုံး အနှုန်းကို လက်ခံပေးထားသလို တိုင်းရင်းသားတွေဘက်ကလဲ ဒိုတာဝန်အရေး(၃)ပါး အား လက်ခံပေးထားကြပါ တယ်။ဒါဟာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု အရိပ်အရောင်တွေပါဘဲ။နှစ်ဖက်စလုံးမှာ ယုံကြည်မှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးပန်တိုင်အား လျောက်လှမ်းစေချင်ပါတယ်။

အပစ်ရပ်စာချုပ်ပေါ်မှာ ခိုင်မာစွာ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေကို အောင်မြင်အောင် ဆွေးနွေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်တွေက အပစ်ရပ်ဖို့ အရမ်းအရေးပါပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးမှ ပြန်လည် ခွဲထွက်ခြင်း၊ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းများ ပြန်လည်မဖြစ်စေဖို့ သေချာစွာ ညှိနှိုင်းစေလိုပါတယ်။ တပ်ပိုင်းဆိုင်ရာ အချက် အလက်တွေ ဖြစ်သည့် နယ်မြေခွဲဝေသတ်မှတ်ခြင်း၊တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ၊ တပ်အင်အား တိုးချဲ့မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တွေရှိဖို့ လိုအပ်လာသလို ကတိ ကဝတ်များဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်။တပ်ပိုင်းဆိုင်ရာ နယ်မြေခွဲဝေမှုတွေ ရှိလာခဲ့မယ်ဆိုရင် ထိုမှတဆင့် အာဏာခွဲဝေမှု အပိုင်းသို့ ဖြစ်မသွားစေလိုပါ။ နိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း၍ စည်းလုံး ညီညွတ်မှုရှိမှ သာလျင် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ နယ်မြေဒေသအတွင်း တရားဥပဒေ စိုးမိုးရေး ရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ စတင်ဆောင်ရွက်လာတာ ၂၀၁၁ မှစ၍ ယခုအချိန်အထိ ၃ နှစ်တာကာလကို ကျော်လွန်လာပါပြီ။ဒီကာလ အတောအတွင်းမှာ နှစ်ဖက်စလုံးမှ စိတ်အားထက်သန်စွာ ကြိုးစားလာခဲ့တာကို တွေ့မြင်ရပါတယ်။ထိုမှတဆင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခြေခံသဘောထားတွေရရှိလာကာ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်လာနိုင်ဖို့ နှစ်ဦးနှစ်ဖက်မှ ညီတူမျှတူစွာ ဆွေးနွေးတိုင်ပင်စေ လိုပါတယ်။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးမှုလမ်းစဉ်ပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဒီလို အချိန်မှာ ငြိမ်းချမ်းရေးကြောင့် ခရီးမနှောင့်နှေးစေလိုပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသား တိုင်းမှာ တာဝန်ရှိသလို အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ တဖြည်းဖြည်း တိုးတက်လာသလို ဆွေးနွေးရန် ကျန်ရှိသည့် အပိုင်းတွေကလဲ အဓိကကျတာဖြစ်လို့ ယုံကြည်မှုနဲ့ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။အဓိက တိုင်းရင်းသားတွေဘက်က သံသယစိတ်တွေကို လျော့ချဖို့လိုပါတယ်။နှစ်ဦးနှစ်ဖက်မှာ အမြင်မတူတာတွေ ရှိပေမယ့် ပြည်ထောင်စု နိုင်ငံတော်ကြီး ပြိုကွဲမသွားဖို့ပါ။ ဒီလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ တိုးတက်လာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ယူဆရသလို၊ နိုင်ငံရေး ဆွေးနွေးပွဲများဆီကိုလည်း တက်လှမ်းနိုင်တော့မယ်လို့ ယူဆရပါတယ်။ဒီလိုမှမဟုတ်ဘဲ သံသယစိတ်တွေ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ လမ်းခုလတ်မှာ ရပ်သွားမယ် ဆိုရင် ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးအိမ်မက်ကြီး ပျက်သွားနိုင်ပြီး နောင်မျိုးဆက်များအတွက် လည်း တာဝန်မကျေရာကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ပါတယ်။

မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


Posted via Blogaway

Friday, August 29, 2014

အသွင်ပြင်ကိုကြည့်ပြီးထိုလူရဲ့ တန်ဖိုးကိုဆုံးဖြတ်လို့ ရမလား

အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုးကိုဆုးံဖြတ်လို့ရမလား --------------------------------------------------------------------- လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။ အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအ၀တ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။ ၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။ ၀တ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။ လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။ နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဌကို ၀င်ပြောတော့ ဥက္ကဌက ၀င်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။ ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌမှ မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။ အဲတော့ မယားလုပ်သူမှ “ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ ” အဲမှာ ကျောင်းဥက္ကဌက မှ မကျေနပ်တဲ့လေသံဖြင့် ” ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ ” ဆိုပြီး ပြတ်ပြတ် ပြောတယ်။ အဲမှာ မယားလုပ်သူက ” အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ ” လို့ ပြန်ပြောတယ်။ အဲတော့ ဥက္ကဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အ၀တ်အစားကို ကြည့်ပြီး နောက်ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား ” ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။ အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ် ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက် ရအောင် လို့ ပြောပြီး ပြန်သွားကြလေ၏။ ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး မြည်တွန်နေတယ်တဲ့။ နောက်တနေ့မှာ သတင်းစာမှာ ဘီလံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေဌာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။ Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။ စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုး ထိုလူရဲ့ ကြွယ်ဝ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။ အထင်သေးခြင်း ကင်းရှင်းကြပါစေ။ Credit to Orginal Writer K.K(ကနောင်)


Posted via Blogaway